ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရ

March 10, 2020

ဆူဒန်ဝန်ကြီးချုပ် ယာဉ်တန်း ဗုံးခွဲတိုက်ခိုက်ခံရ

ဆူဒန်ဝန်ကြီးချုပ် အဗ်ဒယ်လာ ဟမ်းဒေါ့ခ်ဟာ မတ်လ ၉ ရက် မနက်အစောပိုင်းက လုပ်ကြံဖို့ ကြိုးစားတာခံရပေမယ့် အသက်မသေဘဲ လွတ်မြောက်ခဲ့ပါတယ်။ မြို့တော်ခါတွန်က သူ့ယာဉ်တန်းကို ပစ်မှတ်ထားပြီး လုပ်ကြံတာ ခံခဲ့ရတာလို့ အစိုးရ ရုပ်သံနဲ့ အစိုးရအဖွဲ့ သတင်းရင်းမြစ်တို့က ပြောပါတယ်။  ခုတော့ သူဟာ ကောင်းကောင်းမွန်မွန် ရှိနေပြီး ဘေးကင်းတဲ့ နေရာဆီ ရွှေ့ပြီးပြီလို့ အစိုးရ မီဒီယာက ထုတ်လွှင့်ပါတယ်။ ကာလကြာရှည် သမ္မတ ဖြစ်ခဲ့သူ အိုမာ အယ်လ် ဘတ်ရှီးယားကို မနှစ်က ရာထူးက ဖြုတ်ချအပြီး အသွင်ကူးပြောင်းရေး အစိုးရကို ဦးဆောင်ဖို့ ဟမ်းဒေါ့ဟာ ခန့်အပ် ခံခဲ့ရတာပါ။ ဘတ်ရှီးယားကို ဆန့်ကျင်ဆန္ဒပြပွဲတွေ လချီပေါ်ပေါက်အပြီး ဆိုးရွားတဲ့ စီးပွားရေး အကြပ်အတည်းကို ရုန်းကန် ရင်ဆိုင်နေရချိန်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။  အပျက်အစီး တော်တော်များနေတဲ့ ဆဗ်ကားတစီးနဲ့ ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ ကားတစီး ပါတဲ့ ယာဉ်တန်းရဲ့ ပုံတွေကိုလဲ ဒေသန္တရ ရုပ်သံလိုင်းတွေနဲ့ လူမှုကွန်ရက် မီဒီယာတွေက ပြသခဲ့ပါတယ်။ ဝန်ကြီးချုပ်ရုံးရှိရာ ခါတွန်မြို့တော် အလယ်ပိုင်းနဲ့မြောက်ပိုင်းကို ချိတ်ဆက်ထားတဲ့ ကိုဘာ တံတား မြောက်ဘက် ဝင်ပေါက်နားမှာ တိုက်ခိုက်ခံရတာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ယာဉ်တန်းကို အပေါ်စီးကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပုံ ရတယ်လို့ သူတို့က ပြောပါတယ်။ ယာဉ်တန်းကို သေနတ်တွေ လောင်ချာတွေနဲ့ ပစ်ခတ်ခဲ့တာလို့ အစိုးရ ရေဒီယိုက ပြောပေမယ့် အစိုးရ ရုပ်သံကတော့ ကားဗုံးနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတာလို့ ပြောပါတယ်။
2 years Ago
Up