ယမင်းမြတ်အေး

August 21, 2018

ရုတ်ရုတ်ရက်ရက် ဒေါ်လာဈေးကွက်

မြန်မာနိုင်ငံမှာ ဒေါ်လာဈေး တကျော့ပြန် ဦးမော့လာတဲ့ ကာလက ၂၀၁၃ ခုနှစ် ဧပြီလအတွင်း ဖြစ်ပါတယ်။ အဲဒီကာလမတိုင်ခင်က တဒေါ်လာကို ၈၅၀ ကျပ်ဝန်းကျင်ပဲ ရှိခဲ့ပါတယ်။ တဒေါ်လာ  ၈၅၀ ကျပ်ရှိတဲ့ အနေအထားမှာ ပို့ကုန်သမားတွေ တွက်ခြေမကိုက်တဲ့အတွက် ဒေါ်လာဈေးကို မြှင့်တင်ပေးဖို့ ဦးသိန်းစိန်အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။ မရှေးမနှောင်းမှာပဲ ကားပါမစ်တွေ ရပ်တော့မယ်ဆိုတဲ့ သတင်းနဲ့အတူ ပါမစ်တွေ တိုးလျှောက်ကြတဲ့အတွက် ဒေါ်လာဈေးလည်း ပြန်တက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်မှာ ငွေလဲလှယ်နှုန်း ပေါင်းစည်းမှု (Exchange Rate Unification) လုပ်ခဲ့ပါတယ်။ တရားဝင်ဈေးနှုန်းနဲ့ ဈေးကွက်ပေါက်ဈေးကို တညီတည်းဖြစ်အောင် ပေါင်းစည်းလိုက်တာပါ။ အဲဒီအချိန်မှာ အမေရိကန် တဒေါ်လာကို ၈၂၀ ကျပ် သတ်မှတ်ခဲ့ပါတယ်။ အဲဒီအနေအထားကို တနှစ်လောက်ပဲ ထိန်းထားနိုင်ခဲ့ပါတယ်။ တနှစ်ကြာတော့ တရိပ်ရိပ် ပြန်တက်လာပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် နောက်ဆုံးဘဏ္ဍာနှစ် ၂၀၁၅ ခုနှစ် သြဂုတ်လမှာ ၁၃၇၀ ကျပ် ဝန်းကျင်အထိ ရောက်သွားခဲ့ပါတယ်။ ဘဏ်တွေနဲ့ပတ်သက်တဲ့ လှုပ်လှုပ်ရှားရှား သတင်းတွေ ထွက်ခဲ့တဲ့အချက်နဲ့ ကုန်သွယ်ရေးလိုငွေပြတဲ့ အချက်တွေကြောင့်ပါ။ အန်အယ်လ်ဒီအစိုးရ တက်လာတဲ့အခါမှာတော့ ၁၃၀၀ ကျပ်ဝန်းကျင် ရောက်နေတဲ့ ဒေါ်လာဈေးက ၁၂၀၀ ကျပ်ဝန်းကျင်ကို ပြန်ကျသွားပါတယ်။ ပြည်ပအလှူငွေတွေ၊ အိုဒီအေ ချေးငွေတွေ ဝင်လာရင် ဒေါ်လာဈေးကွက်ကို ထိခိုက်မလားဆိုတဲ့ စိုးရိမ်မှုနဲ့အတူ ဒေါ်လာဝယ်ယူစုဆောင်းမှု လျော့ကျသွားခြင်း ဖြစ်နိုင်ပါတယ်။ ဒေါ်လာဈေးကွက်က အမြတ်ရဖို့ မသေချာတဲ့အချိန်မှာ ရင်းနှီးမြှုပ်နှံလိုသူတွေဟာ  စတော့ဈေးကွက်ဘက်ကို ရောက်သွားပြန်ပါတယ်။ Yangon Stock Exchange ကို စဖွင့်တဲ့ အချိန်မှာ အက်ဖ်အမ်အိုင်ရဲ့ စတော့ရှယ်ယာနဲ့ စဖွင့်ခဲ့တာပါ။ ရှယ်ယာတခုကို သုံးသောင်းကျပ်နဲ့ စဖွင့်ရာမှာ လေးသောင်းနှစ်ထောင်ကျပ်အထိ ရောက်သွားခဲ့ပါတယ်။ မှတ်မှတ်ရရဆိုသလို  စတော့ဈေးကွက် စဖွင့်တဲ့အချိန်မှာ တဒေါ်လာက ၁၂၄၀ ကျပ်နဲ့ လဲနေပါတယ်။ နောက်ပိုင်း အန်အယ်လ်ဒီအစိုးရ လက်ထက်မှာ ၁၂၀၀ ကျပ်ဝန်းကျင်ကို ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ မကြာခင်မှာပဲ စတော့ရှယ်ယာဈေးတွေလည်း ကျ၊ အိမ်ခြံမြေဈေးတွေလည်း ကျလာပါတယ်။ ဒီအချိန်မှာ ရင်းနှီးမြှုပ်နှံသူတွေဟာ ဒေါ်လာဈေးကွက်ဘက်ကို ပြန်ရောက်လာပြီး  တဒေါ်လာပေါက်ဈေး ၁၃၃၀ ကျပ်ဝန်းကျင် ဖြစ်နေခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် သမ္မတ ဦးဝင်းမြင့် တက်လာပြီး ဝန်ထမ်းလစာ တိုးပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး နောက်ပိုင်းမှာ  ဒေါ်လာဈေး တက်ရိပ်ပြခဲ့ပေမယ့် သိသိသာသာ မတက်ခဲ့ပါဘူး။ ဒါပေမယ့် သြဂုတ်လ တတိယပတ်ထဲမှာတော့ ဒေါ်လာဈေးက ၁၅၅၀ ကျပ်အထိ မြင့်တက်လာခဲ့ပါတယ်။ ဘာကြောင့်တက်နေတာလဲ ပထမတချက်ကတော့ အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေး မဟာဗျူဟာကြောင့်ပါ။ (အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲ (Trade War) ကြောင့်ဆိုရင်လည်း မမှားပါဘူး။) အမေရိကန်က တရုတ်နဲ့ ကုန်သွယ်ရာမှာ နှစ်စဉ် ကုန်သွယ်ရေး လိုငွေပြနေတာဟာ ပျမ်းမျှအားဖြင့် တနှစ်ကို ဒေါ်လာ ၃၇၀ ဘီလျံကျော် ရှိပါတယ်။ ဒီကုန်သွယ်မှု လိုငွေပြနေတဲ့ ပြဿနာကို သမ္မတ အိုဘားမား လက်ထက်မှာလည်း မဖြေရှင်းနိုင်ခဲ့ပါဘူး။ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့် တက်လာတဲ့ အခါမှာတော့ ကုန်သွယ်ရေးလိုငွေတွေ ပြနေတာကို လျှော့ချတဲ့အနေနဲ့ တရုတ်ပို့ကုန်တွေအပေါ်မှာ အကောက်ခွန်တိုးကောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သတ်မှတ်ချက်အရဆိုရင်တော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က စရမှာပါ။ တရုတ်ကလည်း တန်ပြန်တဲ့အနေနဲ့ အမေရိကန် ပို့ကုန်တွေကိုလည်း အကောက်ခွန်တိုးကောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီမှာပဲ အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးစစ်ပွဲ အစပြုလာခဲ့တယ်လို့ ပြောရမှာပါ။ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲက မြန်မာနိုင်ငံအတွက်တော့ အခွင့်ကောင်းလို့ မဆိုသာပါဘူး။ ပိုပြီး သေချာသွားစေတာကတော့ အမေရိကန်ရဲ့ ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲနဲ့အတူ အမေရိကန် ဗဟိုဘဏ်ရဲ့ ဘဏ်တိုးနှုန်းကို မြှင့်လိုက်တဲ့ အချက်ပါ။ တနည်းအားဖြင့်တော့ အမေရိကန်ငွေကြေး ပိုမာလာစေတဲ့ အကြောင်းရင်းတွေပါ။ ဒါကြောင့်လည်း နိုင်ငံတကာရဲ့ အရန်ငွေကြေး (International Reserve Currency) ဖြစ်တဲ့ အမေရိကန် ငွေကြေးတန်ဖိုးက ကမ္ဘာနဲ့ချီပြီး မာလာတာပါ။ ဒေါ်လာဈေး မာလာတာဟာ အရန်ငွေကြေး အများကြီးရှိတဲ့ နိုင်ငံတွေအတွက် မထောင်းသာပေမယ့် မြန်မာနိုင်ငံအတွက်တော့ ထိခိုက်မှု မနည်းလှပါဘူး။ ဒီအနေအထားကို ကျော်လွန်နိုင်ဖို့ဆိုရင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှာ အရန်ငွေကြေးတွေ အများအပြား ရှိနေဖို့လိုပါတယ်။ ဥပမာ ဗီယက်နမ်နိုင်ငံဆိုရင် သူ့ရဲ့ ဗဟိုဘဏ်မှာရှိတဲ့ အရန်ငွေကြေးက ဒေါ်လာ ၄၈ ဘီလျံ ရှိနေတဲ့အတွက် ဗီယက်နမ်ဒေါင်ရဲ့ တန်ဖိုးက သိသိသာသာ ကျဆင်းခြင်းမရှိပေမယ့် မြန်မာငွေတန်ဖိုးကတော့ သိသိသာသာ ကျလာပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ချက်အရ နိုင်ငံခြား အရန်ငွေကြေး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၀၃ ဘီလျံ ရှိနေခဲ့ပါတယ်။ ဗဟိုဘဏ်မှာ လက်ဝယ်ရှိတဲ့ ပမာဏဟာ ၅ ဒသမ ၄၉ ဘီလျံ ဖြစ်ပါတယ်။ ဒီအထိက Private Sector နဲ့ ပတ်သက်တဲ့ ပမာဏက ၄ ဒသမ ၅၄ ဘီလျံပါ။ ဗဟိုဘဏ်မှာရှိတဲ့ အရန်ငွေကြေး ပမာဏဟာ အနည်းဆုံး သွင်းကုန်ရဲ့ သုံးလစာရှိရမယ်ဆိုတဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ရဲ့ ပြဋ္ဌာန်းချက်အရ ဆိုရင်တော့ ဒီငွေကြေးက လုံလောက်မှုရှိပါတယ်။ ဒါပေမယ့် တခုခုဖြစ်လာရင် ကျားကန်ပေးနိုင်တဲ့ ပမာဏတော့ မဟုတ်ပါဘူး။ ပိုဆိုးတာက သမ္မတ ဦးသိန်းစိန် လက်ထက်အပြီး အန်အယ်လ်ဒီအစိုးရ လက်ထဲရောက်လာတဲ့ အချိန်မှာ ဗဟိုဘဏ်မှာ အရန်ငွေကြေး ဘယ်လောက်သာရှိပါတယ် ဆိုတာကို ချပြနိုင်ခြင်း မရှိတာပါ။ ဒါကြောင့် အမျိုးမျိုး ယူဆစရာတွေလည်း ရှိနေပါတယ်။ ဗဟိုဘဏ်ဥပဒေ (The Central Bank of Myanmar Law) ထဲမှာ ဗဟိုဘဏ်အနေနဲ့ သူ့မှာ အရန်ငွေ (Reserve Money) ဘယ်လောက်ရှိသလဲ ဆိုတာကို လူထုသိအောင် ချပြရမယ်ဆိုတဲ့ အချက် ပါဝင်ပါတယ်။ ဒါကြောင့် ဥပဒေအရဆိုရင် ဗဟိုဘဏ်က ပါလီမန်ကို တနှစ် နှစ်ကြိမ် အစီရင်ခံစာ ပို့ပေးရမှာဖြစ်ပြီး သုံးလတကြိမ် သတင်းအချက်အလက်တွေကို ထုတ်ပြန်ပေးရပါမယ်။ ပါမောက္ခ ရှောင်တာနယ်လ်ရဲ့ "စီးပွားရေး ပြုပြင်ပြောင်းလဲမှုကိစ္စက မာရသွန် တာဝေးပြေးပွဲ” ဆိုတဲ့ ဧရာဝတီ အွန်လိုင်းမဂ္ဂဇင်းက ဆောင်းပါးထဲမှာ “ပြီးခဲ့တဲ့အစိုးရဟာ ဘတ်ဂျက်လိုငွေပြမှု၊ ကုန်သွယ်ရေးလိုငွေပြမှုနဲ့ မယုံကြည်နိုင်လောက်အောင် နည်းပါးတဲ့ အရန်ငွေကြေးကိုသာ အန်အယ်လ်ဒီအစိုးရအတွက် ထားခဲ့တယ်” လို့ ရေးသားထားပါတယ်။ လက်ရှိအနေအထားတွေမှာ ဗဟိုဘဏ်က မထိန်းကျောင်းနိုင်တော့တာ ဒါကြောင့်များလား စဉ်းစားစရာ ဖြစ်နေပါတယ်။ ဒေါ်လာဈေးတွေ တက်လာတဲ့ ကာလရဲ့ အစောပိုင်းမှာ ဗဟိုဘဏ်က ၁ ဒသမ ၆ သန်းဖိုးလောက် ရောင်းပေးတာ တွေ့ရပြီး နောက်ပိုင်းမှာ ဒေါ်လာ လေးသန်းဖိုးလောက် ရောင်းပေးတယ်လို့ သိရပါတယ်။ စုစုပေါင်း ဒေါ်လာခြောက်သန်းနီးပါး ရောင်းပေးထားပြီ ဖြစ်ပါတယ်။ ဒီပမာဏနဲ့တော့ ဒေါ်လာဈေးကို ထိန်းသိမ်းလို့ မရနိုင်သေးပါဘူးလို့လည်း ပညာရှင်တွေက ထောက်ပြကြပါတယ်။ ကုန်သွယ်ရေးလိုငွေ သမ္မတ ဦးသိန်းစိန် တက်လာပြီး ပြုပြင်ပြောင်းလဲမှုတွေ စလုပ်လာခဲ့တဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ကနေ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အထိ စုစုပေါင်း ကုန်သွယ်မှုလိုငွေ ၁၃ ဘီလျံဝန်းကျင် ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ကုန်သွယ်ရေး လိုငွေပြမှုက ဦးသိန်းစိန်လက်ထက်မှာ ဒေါ်လာဈေးကို ၁၃၇၀ ကျပ်လောက်အထိ ဆွဲခေါ်သွားခဲ့တာ ဖြစ်ပါတယ်။ ကုန်သွယ်မှုလိုငွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ သြဂုတ် ၁၇ နေ့က ထုတ်လွှင့်သွားတဲ့ MRTV နဲ့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိန်းရဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဦးစိုးသိန်းက မြန်မာနိုင်ငံမှာ ဟိုတုန်းက ကုန်သွယ်ရေးပိုငွေသာ ပြခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှသာ ကုန်သွယ်မှု လိုငွေတွေ ပြခဲ့တဲ့အကြောင်း၊ ဦးသိန်းစိန်အစိုးရကစပြီး အခုအချိန်ထိလည်း ကုန်သွယ်မှုလိုငွေတွေ ပြနေတဲ့အကြောင်း ပြောကြားသွားပါတယ်။ အခုလို ဒေါ်လာဈေးတွေ တက်လာတာဟာ ကုန်သွယ်မှုလိုငွေကြောင့်ဆိုတဲ့ ဥပမာတခုကို ထုတ်ပြသွားခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ စဉ်းစားစရာရှိတာက မြန်မာနိုင်ငံဟာ ၂၀၁၂ မတိုင်ခင်တုန်းက ကုန်သွယ်မှုလိုငွေ မပြခဲ့ဘူး၊ ၂၀၁၂ နောက်ပိုင်းမှ ပြတယ်ဆိုတဲ့ အချက်ပါ။ ၂၀၁၂ ခုနှစ်ဟာ Exchange Rate Unification လုပ်ခဲ့တဲ့နှစ်ပါ။ Official Rate နဲ့ Market Rate ကို တညီတည်းဖြစ်အောင် ပေါင်းစည်းလိုက်တာပါ။ ဟိုတုန်းကတော့ အပြင်ပေါက်ဈေး ၈၀၀ ကျပ်ပဲရှိရှိ၊ ၁၀၀၀ ကျပ်ပဲရှိရှိ အစိုးရကတော့ ၆ ကျပ်နဲ့ပဲ တွက်ခဲ့ကြတာပါ။ ဒါကြောင့် ဟိုတုန်းက ကုန်သွယ်ရေးလိုငွေ မပြဘူးဆိုတာ ၆ ကျပ်နဲ့ တွက်ခဲ့လို့များလားလို့ စဉ်းစားစရာ ရှိနေပါတယ်။ ငွေကြေးဖောင်းပွမှုသာ မရှိဘူးဆိုရင် တရားဝင်ဈေးနဲ့ အပြင်ဈေးကွာဟမှု ဒီလောက် မမြင့်နိုင်ပါဘူး။ ဒါဆို အဲဒီတုန်းက ဘာကြောင့် ငွေကြေးဖောင်းပွတာလဲဆိုတာ စဉ်းစားစရာပါ။ ယခုလို ကုန်ပစ္စည်းတွေကို နိုင်ငံစုံက တင်သွင်းနေတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့်လည်း မြန်မာငွေတန်ဖိုးက တနှစ်ထက်တစ်နှစ် ကျဆင်းနေခဲ့ပါတယ်။ ခြုံငုံကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ အစဉ်အဆက် ကုန်သွယ်မှုလိုငွေတွေ၊ ဘတ်ဂျက်လိုငွေတွေ ပြခဲ့တယ်။ ဗဟိုဘဏ်ကလည်း လိုအပ်သလောက် ရိုက်ထုတ်ခဲ့တယ်ဆိုတာ သိသာပါတယ်။ လက်ရှိဒေါ်လာဈေးကွက် ဘာဖြစ်နေသလဲ ဒါကြောင့် လက်ရှိအချိန်မှာ ဒေါ်လာဈေး ခုန်တက်လာခြင်းဟာ ကုန်သွယ်မှုလိုငွေကြောင့် သက်သက် မဟုတ်သလို ပြင်ပ အကြောင်းတရားသက်သက်ကြောင့်လည်း မဟုတ်ပါဘူး။ အခြားအကြောင်းတရားတွေလည်း အများကြီး ရှိနေပါသေးတယ်။ ဥပမာ ဘရာဇီးကနေ မြန်မာနိုင်ငံကို ကြားခံပြီး တရုတ်နိုင်ငံကို တင်သွင်းနေတဲ့ (Re-export) ကိစ္စပါ။ Re-export များများပို့ရလေ အရင်းအနှီးအတွက် ထည့်ဝင်ရတဲ့ ဒေါ်လာလိုအပ်ချက် မြင့်တက်လာလေ ဖြစ်တဲ့အတွက် Re-export ကို ခွင့်ပြုပေးထားခြင်းကလည်း အကြောင်းရင်းတခု ဖြစ်နေပါတယ်။ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းကတော့ လက်ရှိအချိန် ဈေးတက်နေခြင်းဟာ  ပြည်ပအကြောင်းတရားက စခဲ့တာ ဖြစ်တဲ့အကြောင်း၊ အလားတူ ကုန်သွယ်မှုလိုငွေ ပြနေတာ၊ Re-export ကို ခွင့်ပြုထားတာ၊ ဒေါ်လာဈေးက ဇူလိုင်နဲ့ ဒီဇင်ဘာလကြားမှာ ပုံမှန်မြင့်တက်တတ်တာ (Seasonal Demand) နဲ့ ငွေကြေး ဈေးကစားမှုတွေကြောင့် ဖြစ်တယ်လို့   သြဂုတ်လ ၁၇ ရက်နေ့ MRTV သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြားသွားပါတယ်။ ဦးစိုးသိန်း ပြောကြားချက်ထဲမှာ မပါတဲ့ နောက်ထပ် အမြင်တခုလည်း ရှိနေပါတယ်။ အဲဒါကတော့ ဘတ်ဂျက်နှစ်ကို နှစ်ပိုင်းခွဲပြီး သတ်မှတ်လိုက်တဲ့ အချက်ပါ။ "ဘတ်ဂျက်ကို ရေးဆွဲတဲ့အခါ ဧပြီလ ၁ ရက်နေ့ကနေပြီးတော့  စက်တင်ဘာလကုန်အထိက Transitional Half Year လို့ သတ်မှတ်ပြီး နိုင်ငံတော်က ရသုံးမှန်းခြေ ငွေစာရင်းကို ပြန်ဆွဲခဲ့ပါတယ်။ လွှတ်တော်မှာ အတည်ပြုပြီး ဥပဒေတွေ ထုတ်ခဲ့ပါတယ်။ ဒုတိယအဖြတ်က အောက်တိုဘာ ၁ ရက်နေ့မှာ ပြန်စပါမယ်။ ဘတ်ဂျက်ကို ခွဲလိုက်တဲ့အတွက်  အစိုးရအသုံးစရိတ်ကို ကြည့်ရင်လည်း စုစုပေါင်း အသုံးစရိတ်ရဲ့ ထက်ဝက်ရှိရမှာ ဖြစ်ပါတယ်။ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေ အရဆိုရင် အသုံးစရိတ်က ထက်ဝက်ကျော်နေပါပြီ။ နောက်တချက်ကတော့ ဒီခြောက်လအတွက် လျာထားတဲ့ ငွေတွေက အကုန်သုံးရမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၃၀ ရက်မှာ မကုန်ရင် ကျန်ငွေတွေကို ပြန်အပ်ရပါမယ်။ ဒါကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ဘတ်ဂျက်ကုန်အောင် ဖိသုံးနေတဲ့အတွက် ငွေတွေထွက်နေတယ်လို့လည်း ယူဆစရာ ရှိတဲ့အကြောင်း စီးပွားရေးဆောင်းပါးရှင် ဦးအောင်ချိန်ဘွားက ဆိုပါတယ်။ လျာထားငွေတွေဟာ ပြည်တွင်းမှာ လှည့်လည်တဲ့ငွေတွေ (Money in Circulation) ထဲကို အများအပြား ရောက်လာခဲ့မယ်ဆိုရင် အကျိုးဆက်အနေနဲ့ ဒေါ်လာဈေးတက်သလို ကုန်ဈေးနှုန်းလည်း လိုက်တက်လာနိုင်တယ်လို့လည်း ဦးအောင်ချိန်ဘွားက သုံးသပ်ပါတယ်။ ဗဟိုဘဏ်ထုတ်ပြန်ချက် ဘာ့အတွက်လဲ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌကိုယ်စား ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ် လက်မှတ်နဲ့ ဗဟိုဘဏ်က ညွှန်ကြားချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီညွှန်ကြားချက်အရ နိုင်ငံခြားငွေ ရောင်းဝယ်ရာမှာ ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက် (ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းကို အပေါင်း ၀ ဒသမ ၈ ရာခိုင်နှုန်းနဲ့ အနုတ် ၀ ဒသမ ၈ ရာခိုင်နှုန်း သတ်မှတ်ထားမှု) ကို ပယ်ဖျက်ဖို့ ဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီ စီးပွားရေးကော်မတီဝင် ဒေါက်တာ အောင်ကိုကိုက "လွန်ခဲ့တဲ့ တနှစ်ကျော်လောက်ကတည်းက တချိန်မဟုတ် တချိန်မှာ လွှတ်ပေးဖို့ (free floating) ဆိုပြီး ဆွေးနွေးခဲ့တာတွေ ရှိတယ်။ ဒါပေမယ့် ဘယ်အချိန်မှာလုပ်မလဲ၊ ဘယ်လိုလုပ်မလဲ ဆိုတာမျိုးတော့ မဆုံးဖြတ်ခဲ့ကြဘူး။ အခုကျတော့ ရုတ်ချည်း လုပ်လိုက်ရတာပေါ့။ ဒီလိုလုပ်လိုက်တာက မှန်ကန်တဲ့ အချိန်ကာလတခု ဟုတ်မဟုတ်တော့ မပြောတတ်ဘူး။ ဒါပေမယ့် နောက်ဆုံးပြောရင်တော့ ဗဟိုဘဏ်မှာ အရန်ငွေပမာဏ နည်းလာလို့၊ ပုဂ္ဂလိက ဘဏ်တွေအပေါ်မှာလည်း သူ ထိန်းကျောင်းနိုင်စွမ်း မရှိတော့လို့ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်နေပါတယ်။ ဒီဘဏ်တွေကို မထိန်းနိုင်တော့ဘူး။ ရောင်းပေးရင်လည်း ရောင်းပေးသလောက် ကုန်နေတယ်၊ ငွေလဲနှုန်းကတော့ ပြန်မတက်လာဘူး။ ဒါကြောင့် လွှတ်ပေးလိုက်တာလို့ပဲ ယူဆရပါတယ်" လို့ ပြောပြခဲ့ပါတယ်။ ဒေါ်လာဈေးဟာ နိုင်ငံတကာ ပြဿနာကြောင့် ဖြစ်တယ်ဆိုပေမယ့် တခြားနိုင်ငံတွေနဲ့ မတူဘဲ ကျပြီးရင်း ကျနေတဲ့အကြောင်း၊ နောက်ဆုံးပြောမယ်ဆိုရင် ဗဟိုဘဏ်က စွန့်စားလိုက်တယ်လို့  မြင်တဲ့အကြောင်း ဒေါက်တာအောင်ကိုကိုက သုံးသပ်ပါတယ်။ ဒေါ်လာဈေး မြင့်တက်လာတဲ့ကိစ္စအပေါ် စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်က တကမ္ဘာလုံး ဖြစ်နေတဲ့အတွက် ဖြစ်တာပါဆိုတဲ့အမြင် ရှိနေပေမယ့်လည်း ပြည်တွင်းက စီးပွားရေး ပညာရှင်တွေနဲ့ ကျွမ်းကျင်သူ အများစုကတော့ ကမ္ဘာမှာဖြစ်တဲ့အဆင့်ထက် ပိုနေတယ်လို့ သုံးသပ်ကြပါတယ်။ "အခု ဒေါ်လာဝယ်တယ်ဆိုတာ သွင်းကုန်အတွက် လိုအပ်ချက်တခုထဲအတွက် ဝယ်တာလို့ ကျနော် မမြင်ပါဘူး။ ပို့ကုန်သမားက ပို့တယ်။ ရတာကို သွင်းကုန်သမားကို ပေးတယ်။ ဒါက တပိုင်း၊ အခုက ပိုင်ဆိုင်မှု အခြေပစ္စည်း (asset) တခုအနေနဲ့ ဝယ်နေတာ။ ဘဏ်မှာအပ်ထားတဲ့ အတိုးထက် ပိုမြတ်တယ်။ ဒါတွေကြောင့် ဈေးကစားနေတယ်ဆိုတာ သိသာထင်ရှားနေတယ်လို့ အန်အယ်လ်ဒီ စီးပွားရေးကော်မတီဝင် ဒေါက်တာ အောင်ကိုကိုက ပြောပြပါတယ်။ အခြားတဖက်မှာလည်း ဒေါ်လာလိုအပ်ချက် ကျဆင်းလာဖို့ လုပ်ဆောင်သင့်တယ်ဆိုတဲ့  အမြင်တွေလည်း ရှိနေပါတယ်။ အဲဒီအမြင်ကတော့ တရုတ်နဲ့ ကုန်သွယ်တဲ့အခါ ယွမ်နဲ့ ငွေပေးငွေယူလုပ်လို့ ရခဲ့မယ်ဆိုရင် ဒေါ်လာလိုအပ်ချက်ကို လျှော့ချလို့ရတယ်ဆိုတဲ့ အမြင်ဖြစ်ပါတယ်။ "မြန်မာနဲ့ ကုန်သွယ်ရေးမှာ တရုတ်က အများဆုံးပါ။ ဒါကြောင့် တရုတ်နဲ့ ကုန်သွယ်တာကို ယွမ်နဲ့ ကုန်သွယ်လို့ရရင် ဒေါ်လာလိုအပ်ချက်ကို လျော့ချလို့ရပြီ။ ဒါပေမယ့် ဗဟိုဘဏ်က ယွမ်နဲ့ ကုန်သွယ်တာကို ခွင့်မပြုဘူး။ ဗဟိုဘဏ်က ဒေါ်လာပဲ သုံးရမယ်ပြောတယ်။ တရုတ်ကလည်း ယွမ်ပဲသုံးမယ် ပြောပါတယ်။ အခုကလည်း အမေရိကန်နဲ့ အပြိုင်ဖြစ်လာတော့ တရုတ်က ယွမ်သုံးချင်တာ။ ကျနော်တို့က မြန်မာနိုင်ငံမှာ ယွမ်ကို တရားဝင်သုံးခွင့် မပေးထားဘူး။ ဘာမှတော့ ခက်တဲ့ကိစ္စမဟုတ်ဘူး။ ဒါလေးတွေက ချက်ချင်းပြင်လို့ရတဲ့ အရာတွေပါ။ ပေါ်လစီကို နည်းနည်း ပြောင်းလိုက်တာနဲ့ အောက်ခြေမှာ အများကြီး အဆင်ပြေသွားမှာပါ။ အခုက transition က ဘယ်လိုသွားလဲဆိုတော့ ဒေါ်လာဖြစ်တဲ့အတွက် ကျနော်တို့ဆီက ဘဏ်မှာလည်း မထည့်ဘူး။ စင်ကာပူကိုသွားရတယ်။ အဲဒါတွေက အခက်အခဲတွေ ဖြစ်နေတာပါ" လို့ ထားဝယ် အထူးစီးပွားရေးဇုန် ကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်းက ပြောပြပါတယ်။ လေးလေးနက်နက် ဖြေရှင်းရန် လိုအပ် လက်ရှိဖြစ်နေတဲ့ ပြဿနာဟာ အဓိက အကြောင်းရင်းနှစ်ခုအပေါ်မှာ အခြေခံပြီး ဖြစ်နေတာပါ။ တခုကတော့ ဗဟိုဘဏ်မှာ အရန်ငွေကြေး နည်းနေလို့ မဖြေရှင်းနိုင်တာဆိုတဲ့ ယူဆချက်ပါ။ ဥပမာ ဗီယက်နမ်ရဲ့ ဗဟိုဘဏ်မှာ အရန်ငွေကြေးက ဒေါ်လာ ၄၈ ဘီလျံလောက် ရှိနေတဲ့အတွက် ဗီယက်နမ်ငွေရဲ့ တန်ဖိုးဟာ သိသိသာသာ မကျသွားပါဘူး။ တရုတ်ငွေကြေး ကျသွားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံမှာ အရန်ငွေကြေး အများကြီးရှိပါတယ်။ သူ့အတွက်လည်း သိပ်မထောင်းသာပါဘူး။ ဖြစ်နေတာက မြန်မာနိုင်ငံပါ။ အရန်ငွေကြေးပမာဏ အတော်နည်းပါးနေတယ်လို့ ယူဆရပါတယ်။ လေ့လာသူတွေက မှန်ကန်တဲ့ မူဝါဒတွေကို မြန်မြန်ဆန်ဆန် ချမှတ်ပြီး ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ တိုက်တွန်းနေကြပါတယ်။ ဖြစ်နိုင်ရင် ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌနေရာအတွက် (နိုင်ငံခြားသားဖြစ်ပါစေ) တကယ်ကျွမ်းကျင်တဲ့ ပညာရှင်ကို ခန့်ဖို့အထိ တိုက်တွန်းနေကြပါတယ်။ ဒုတိယကတော့ နိုင်ငံတကာ ငွေကြေးဈေးကွက်မှာ ဒေါ်လာဈေး မာနေတဲ့အချက်နဲ့ ပတ်သက်ပါတယ်။ နိုင်ငံတကာဈေးကွက်မှာ ဒေါ်လာမာလာတာ တခုတည်းမဟုတ်ဘဲ ပြည်တွင်းက ငွေကြေးကစားသူတွေကိုလည်း ထည့်စဉ်းစားမှ ပိုမှန်ပါလိမ့်မယ်။ သွင်းကုန်အတွက် ဝယ်တာမဟုတ်ဘဲ ဈေးတင်ပြီး ပြန်ရောင်းဖို့ ဆိုရင်တော့ တိုင်းပြည်အတွက် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ဗဟိုဘဏ်မှာ တာဝန်ရှိသလို နိုင်ငံတော်အစိုးရမှာလည်း တာဝန်ရှိတယ်လို့ ဆိုရပါမယ်။ ဒေါ်လာဈေး ခုန်တက်တဲ့အတွက် ကုန်ဈေးနှုန်းတွေ မတန်တဆတက်နေတာ အထင်အရှားပါပဲ။ ဒါကြောင့် စီးပွားပညာရှင် ဒေါက်တာဦးမြင့်က ကာကွယ်မှုတွေ အလေးအနက် လုပ်သင့်တယ်လို့ ပြောထားပါတယ်။ မလုပ်နိုင်ဘူးဆိုရင် ဆင်းရဲသား ပြည်သူလူထု အလွန်ထိခိုက်နစ်နာသွားမှာ ဖြစ်ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဟာ ပိုပြီး ခက်ခဲသွားပါလိမ့်မယ်။             ။ ယမင်းမြတ်အေး
3 years Ago
Up