ယန်းဘွိုင်းစ်

December 13, 2018

ချန်ပီယံလိဂ်ပွဲစဉ် ဗလင်စီယာ ၂ - ၁ မန်ယူ၊ ယန်းဘွိုင်းစ် ၂ - ၁ ဂျူဗင်တပ် (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု အိတ်ခ်ျ နောက်ဆုံးပွဲစဉ်တွေကို မနေ့ညက ယှဉ်ပြိုင်ရာ နာမည်ကြီး မန်ယူနဲ့ ဂျူဗင်တပ်တို့ ရှုံးပွဲတွေ့သွားပါတယ်။ စပိန် လာလီဂါကလပ် ဗလင်စီယာနဲ့ မန်ယူပွဲစဉ်မှာ ဗလင်စီယာက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။ မန်ယူဟာ ချန်ပီယံလိဂ်မှာ နောက်တဆင့် တက်ရောက်ပြီး ဖြစ်တာကြောင့် ဒီပွဲမှာ အရန်ဂိုးသမား ရိုမဲရိုးကို ထုတ်သုံးသွားပါတယ်။ တိုက်စစ်မှာတော့ လူကာကူကို ပြန်အသုံးပြုခဲ့ပြီး ပေါ့ဂ်ဘာ၊ မာတာ၊ ဖယ်လိုင်နီ၊ ဗလင်စီယာ စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပါတယ်။ ဗလင်စီယာကလည်း တိုက်စစ်မှူး ဘတ်ရှူးအာယီ၊ ချီရီရှက်ဗ် တို့နဲ့ ပွဲထွက်လာခဲ့တာပါ။ ဗလင်စီယာအတွက် ဂိုးတွေကို ၁၇ မိနစ်မှာ ဆိုလာနဲ့ ၄၇ မိနစ်မှာ မန်ယူနောက်ခံလူ ဖီးလ်ဂျုံးစ် ကိုယ့်ဂိုးကိုယ်သွင်းမိရာက ရရှိသွားပါတယ်။ မန်ယူအတွက် ချေပဂိုး တဂိုးကိုတော့ ပွဲချိန် ၈၇ မိနစ်မှာ လူစားဝင်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က သွင်းယူပေးခဲ့ပါတယ်။ မနေ့ကပဲ တချိန်တည်း ယှဉ်ပြိုင်တဲ့ အုပ်စု အိတ်ခ်ျ တခြားပွဲစဉ်မှာ ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းစ်က နာမည်ကြီး ဂျူဗင်တပ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ယန်းဘွိုင်းစ်အတွက် ဂိုးတွေကို ပွဲချိန် မိနစ် ၃၀ နဲ့ ၆၈ မိနစ်တွေမှာ Guillaume Hoarau တဦးတည်းက သွင်းယူပေးခဲ့ပါတယ်။ ဂျူဗင်တပ်အတွက် တလုံးတည်းသော ချေပဂိုးကို ပွဲချိန် မိနစ် ၈၀ မှာ တိုက်စစ်မှူး ဒိုင်ဘားလားက သွင်းယူပေးခဲ့ပါတယ်။ မနေ့ညက ပွဲစဉ်တွေမှာ မန်ယူနဲ့ ဂျူဗင်တပ်တို့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ဂျူဗင်တပ်က အုပ်စု ပထမ၊ မန်ယူက ဒုတိယနေရာကနေ နောက်တဆင့် တက်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ ဗလင်စီယာကတော့ အုပ်စု တတိယနေရာ ရတဲ့အတွက် ယူရိုပါလိဂ်မှာ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
2 years Ago

November 28, 2018

ဖယ်လိုင်နီ၏ နောက်ကျသွင်းဂိုးဖြင့် မန်ယူက ယန်းဘွိုင်းစ်ကို နိုင် (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု အိတ်ခ်ျ ပွဲစဉ် ၅ အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းစ်တို့ မနေ့ညက ယှဉ်ပြိုင်ရာ မန်ယူက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မန်ယူဟာ ဒီပွဲမှာ တိုက်စစ်မှူး လူကာကူနဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာတို့ကို အရန်ခုန်မှာထိုင်ခိုင်းပြီး ဒုတိယပိုင်းမှ လူစားဝင် ကစားစေခဲ့တာပါ။ မန်ယူတိုက်စစ်ကို ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့က ဦးဆောင်ခဲ့ပြီး ဖယ်လိုင်နီ၊ လင်ဂတ်၊ မာတစ်၊ ဖရက်ဒ်၊ လုခ်ရှော၊ ဖီးလ်ဂျုံးစ်၊ စမောလင်း၊ ဗလင်စီယာတို့နဲ့ ဝန်းရံခဲ့ပြီး ဂိုးသမားအဖြစ် ဒီဂီယာ ပွဲထွက်ခဲ့ပါတယ်။ မန်ယူဟာ ဒီပွဲအနိုင်ရမှ နောက်တဆင့်တက်ဖို့ အလားအလာကောင်းမှာမို့ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ထိုးဖောက်တိုက်စစ်ဆင်မှု အသာစီးရယူနိုင်ပေမယ့် မန်ယူကစားသမားတွေ အခွင့်အရေး မသုံးမချနိုင်လို့ ဂိုးမသွင်းနိုင်ဘဲ ရုန်းကန်ခဲ့ရပါတယ်။ မန်ယူအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲပြီးကာနီး နာကျင်အချိန်ပိုကျမှ ဖယ်လိုင်နီက အနီးကပ်ကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။ ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ်လည်း အနိုင်ဂိုးသွင်းပေးခဲ့တဲ့ ဖယ်လိုင်နီက ရရှိသွားပါတယ်။ မနေ့ညက တချိန်တည်းယှဉ်ပြိုင်တဲ့ အုပ်စု အိတ်ခ်ျက ဂျူဗင်တပ်နဲ့ ဗလင်စီယာတို့ ပွဲစဉ်မှာတော့ ဂျူဗင်တပ်က တိုက်စစ်မှူး မန်ဇူကစ်ရဲ့ တလုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီအုပ်စုက ၅ ပွဲစီ ယှဉ်ပြိုင်အပြီးမှာတော့ ဂျူဗင်တပ်က ရမှတ် ၁၂ နဲ့ အုပ်စု ပထမ၊ မန်ယူက ၁၀ မှတ်နဲ့ အုပ်စု ဒုတိယနေရာကနေ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။ ဗလင်စီယာကတော့ ရမှတ် ၅ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နိုင်တဲ့အတွက် ယူရိုပါလိဂ်မှာ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ယန်းဘွိုင်းစ်ကတော့ ရမှတ် ၁ မှတ်နဲ့ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
2 years Ago
More News
Up