ယစ်မျိုးခွန်

May 15, 2018

ယစ်မျိုးခွန် ပြင်ဆင်ဥပဒေကြမ်း ရန်ကုန်တိုင်းလွှတ်တော်တွင် တင်သွင်း

ယစ်မျိုးခွန်ဥပဒေ ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဒီကနေ့  တင်သွင်းလိုက်ပါတယ်။ ဒုတိယအကြိမ် ပြင်ဆင်တဲ့ ယစ်မျိုးခွန်ဥပဒေမှာတော့ နိုင်ငံခြားအရက် ငါးမျိုးကို ပြည်ထောင်စုက သတ်မှတ်ထားတဲ့ ဈေးနှုန်းမဟုတ်ဘဲ ဒေသနဲ့ကိုက်ညီတဲ့ ဈေးနှုန်းတခု သီးခြားသတ်မှတ်ပေးဖို့ ပါဝင်လာပါတယ်။ ဒါ့အပြင် နိုင်ငံခြားအရက်တွေကို လက်ကား ရောင်းချခွင့်အတွက် လိုင်စင်ရထားတဲ့နေရာကလွဲပြီး အခြားနေရာမှာ သိုလှောင်ပါက ဒေသနဲ့ ကိုက်ညီတဲ့ ဈေးနှုန်းအခွန် ပေးဆောင်ဖို့လည်း ပါရှိပါတယ်။ ယစ်မျိုးခွန်ဥပဒေ ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီကနေ့ ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီး  ဗိုလ်မှူး ကြီးအောင်စိုးမိုးက တင်သွင်းခဲ့တာပါ။ ဒါပေမယ့် နယ်လုံဝန်ကြီးအနေနဲ့ ယစ်မျိုးခွန်နဲ့ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ လွှတ်တော်မှာ ပြောကြားသွားခြင်း မရှိပါဘူး။ ဒီဥပဒေကို ပြင်ဆင်ဖို့အတွက် ပြီးခဲ့တဲ့လက ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေ ပထမအကြိမ် ပြင်ဆင်တဲ့ ဥပဒေကို ၂၀၁၄ ခုနှစ်က ပြင်ဆင်ခဲ့ပြီး အခွန်ဈေးနှုန်းတွေကို နှစ်ဆကျော် တိုးမြှင့်ကောက်ခံခဲ့ပါတယ်။
4 years Ago

May 14, 2018

ကချင်လူငယ်ထု လှုပ်ရှားမှုဦးဆောင်ကော်မတီ ခေါင်းဆောင် ၃ ဦးကို တပ်မတော် တရားစွဲ

ကချင်ဒေသတွင်း တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေကို လွှတ်ပေးဖို့ တောင်းဆိုရာမှာ ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင် ၃ ဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ အမှုဖွင့်လိုက်ပါတယ်။ အမှုဖွင့်ခံရတဲ့ ခေါင်းဆောင် သုံးဦးကတော့ ကိုဇော်ဂျက်၊ ကိုလွမ်းဇောင်းနဲ့ ဒေါ်နန်ပူတို့ ဖြစ်ပြီး မြစ်ကြီးနားမြို့နယ် တရားရုံးမှာ မေ ၁၆ ရက်မှာ စစ်ဆေးခံရဖို့ရှိတယ်လို့ တရားစွဲခံရတဲ့ထဲမှာ ပါဝင်တဲ့ ကိုလွမ်းဇောင်းက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ကို တပ်က တရားစွဲထားတာ မှန်ပါတယ်။ ဒါပေမယ့် တရားလိုနာမည်တော့ မသိသေးပါဘူး။ ကျနော်တို့ လောလောဆယ် သိသေးတာကတော့ ၁၆ ရက်နေ့မှာ ရုံးချိန်းရှိတယ် ဆိုတာပါပဲ” ပိတ်မိပြည်သူတွေ လွတ်မြောက်ဖို့အတွက် ကချင်လူငယ်ထုတွေဟာ မေ ၃၀ ရက် ညနေပိုင်းကစပြီး မေ ၈ ရက်အထိ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ သပိတ်စခန်းက ခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ ကိုလွမ်းဇောင်းနဲ့ မဆွတ်ဆိုင်းထွယ်တို့ကိုလည်း မြစ်ကြီးနား မြို့နယ်ရဲစခန်းက ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့တာကြောင့် မြို့နယ်တရားရုံးက ဒဏ်ငွေ သုံးသောင်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ရှေ့နေ့တဦးဖြစ်တဲ့ ဦးရောဘတ်ဆန်းအောင်ကတော့ အာဏာပိုင်တွေအနေနဲ့ ဆန္ဒပြပြည်သူတွေကို အမှုဖွင့်တာမျိုး မပြုလုပ်သင့်တဲ့အပြင် မဖြစ်မနေ အမှုဖွင့်မယ်ဆိုရင်လည်း ဆန္ဒပြတာနဲ့သက်ဆိုင်တဲ့ ဥပဒေတွေနဲ့သာ အမှုဖွင့် တရားစွဲဆိုသင့်တယ်လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။ ”ဆန္ဒပြလို့ ဥပဒေနဲ့မညီတာတွေ ဖြစ်လာရင် အရေးယူနိုင်ဖို့ ဥပဒေပြဋ္ဌာန်းထားတာ ရှိတယ်။ အဲဒါနဲ့ပဲ အမှုဖွင့်သင့်တယ်”လို့ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။ ပုဒ်မ ၅၀၀ နဲ့ အမှုဖွင့် တရားစွဲဆိုခံရပါက ပြစ်မှုထင်ရှားရင် ထောင်ဒဏ်အများဆုံး ၂ နှစ်နဲ့ ငွေဒဏ်ချမှတ်နိုင်ပြီး အာမခံရရှိနိုင်တဲ့ ပုဒ်မလည်း ဖြစ်ပါတယ်။ သတင်း - ရဲမွန်
4 years Ago
Up