ယင်းမာပင်မြို့နယ်

June 13, 2022

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြောင်းပြာကျေးရွာက အပြစ်မဲ့ပြည်သူ ၂ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၁၁ ရက် ည ၇ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့  တမင်တကာ ရမ်းပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။ 

ဒဏ်ရာရရှိခဲ့တဲ့သူတွေဟာ ပြောင်းပြာကျေးရွာက ကိုနိုင်လင်းနဲ့ မဥမ္မာဆွေတို့  ဇနီးမောင်နှံဖြစ်ပြီး  နေအိမ်အတွင်းမှာရှိနေစဥ် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်ဟာ အုတ်တံတိုင်းကို ထိမှန်ခဲ့ရာက လွင့်ထွက်လာတဲ့ ကျည်စတွေ ထိမှန်ခံခဲ့ရတာလို့ ဆိုပါတယ်။

အမျိုးသားမှာ ဘယ်ဘက်လက်မောင်း ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဇနီးဖြစ်သူကတော့ ခန္ဓာကိုယ်ဘယ်ဘက်ခြမ်း ၇ နေရာလောက် ဒဏ်ရာတွေရခဲ့ကာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အနေအထားဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ယင်းမာပင်မြို့တွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်က ဇွန် ၁၁ ရက်ညပိုင်းက မြို့ထဲကနေ ဘေးပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာမှာ အနီးပတ်ဝန်းကျင်ကျေးရွာတွေအတွင်းကို ကျရောက်ခဲ့တာကြောင့် ဒေသခံပြည်သူတွေလည်း နေအိမ်တွေမှာမနေရဲဘဲ ညတွင်းချင်း ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်တဲ့ ဇွန် ၁၁ ရက်မနက်ကလည်း  စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရွာထောင်ကျေးရွာနဲ့ လေးရွာကျေးရွာတို့မှာရှိတဲ့ ပြည်သူတွေရဲ့နေအိမ်အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

3 weeks Ago

May 18, 2022

ယင်းမာပင်မြို့နယ် ဘန်ဘွေးရွာမ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန်ဘွေးရွာမမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းတခုကို မေ ၁၇ ရက် ညနေ ၄ နာရီလောက်က မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး သွားရောက်တိုက်ခဲ့တယ်လို့ Chindwin Tiger Force က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းကို တာဝေးပစ် ရှော့တိုက်ဒုံးတွေ၊ HPM-01 ရှော့တိုက်ဒုံး၊ ၆၀ မမ၊ ၄၀ မမ ဗုံးသီးလောင်ချာ၊ ပြောင်းတိုက်တွေနဲ့ အနီးကပ် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှု များပြားနိုင်ပြီး မဟာမိတ်ရဲဘော် PDF တဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရခဲ့တယ်လို့ သိရပါတယ်။

Chindwin Tiger Force တာဝန်ရှိသူတဦးက “မိုးတွေ လေတွေ ကျနေတဲ့ကြားက တိုက်ခဲ့ရတာပါ။ တာဝေးပစ်တွေနဲ့ အဆင်ပြေခဲ့တယ်။ ကျနော်တို့တွေ တော်တော် အားရခဲ့ကြတယ်။ ကျနော်တို့မှာ လူအင်အားက များတယ်။ လက်နက်အင်အား လုံလောက်မှုမရှိတဲ့ကြားက စစ်အာဏာရှင်ကို ရသမျှ တွန်းလှန်နေပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်သူလူထုတရပ်လုံးက တော်လှန်ရေးကို အထူးအာရုံစိုက်ပြီး တိုက်ပွဲဝင်နေတဲ့ PDF တွေနဲ့အတူ ပူးပေါင်းပါဝင်ပေးကြဖို့နဲ့ လက်နက် ကျည်အင်အား အားနည်းနေတဲ့အတွက် ပြည်သူတွေအနေနဲ့ ထောက်ပံ့ပေးစေချင်ပါတယ်လို့ Chindwin Tiger Force တာဝန်ရှိသူက တောင်းဆိုထားပါတယ်။

2 months Ago
More News
Up