ယင်းမာပင်

April 2, 2021

ယင်းမာပင် သပြေအေးရွာ ခုခံတိုက်ပွဲအောင်မြင်၊ အကြမ်းဖက်စစ်တပ်နှင့်ရဲ ပြန်ဆုတ်ခွာ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးရွာမှာ ဧပြီ ၂ ရက် ဒီနေ့မနက် ၃ နာရီခွဲလောက်မှာ အကြမ်းဖက်စစ်တပ်နဲ့ရဲတွေက ဝင်ရောက်ပစ်ခတ်တာကြောင့် ဒေသခံတွေက ပြန်လည်ခုခံတွန်းလှန်ခဲ့ကြပြီး ၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ အခင်းဖြစ်နေရာမှာရှိ ရွာသားတဦးက ပြောပါတယ်။

“ပြည်သူတွေက ဝိုင်းပြီးတွန်းလှန်ကြတော့ သူတို့ နောက်ဆုတ်သွားပြီး။ ကျနော်တို့ပြည်သူ ၄ ယောက်ကို သူတို့ဖမ်းခေါ်သွားတယ်။ ၂ ယောက်က ဒဏ်ရာကြီးနဲ့ ခေါ်သွားတာ။”

သပြေအေးရွာက သပိတ်စစ်ကြောင်းကို  ရွာကျောင်းထိုင်ဘုန်းကြီးတစ်ပါးက ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်လိုလို ချင်းတွင်းတံတားထိပ်မှာလည်း ဆန္ဒပြနေကြတာဖြစ်ပြီး ဒီနေ့မနက်အစောပိုင်း ဆရာတော်ကို စစ်တပ်နဲ့ရဲက အင်အား ၂၀၀ လောက်နဲ့ လာရောက်ဖမ်းဆီးရာမှာ ဖမ်းမရတဲ့အတွက် ပစ်ခတ်ခဲ့တာ ရွာသား ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးက ဖမ်းဆီးခေါ်ဆောင်တဲ့ထဲ ပါသွားတပါ။

အကြမ်းစစ်တပ်နဲ့ရဲ အင်အားအလုံးအရင်းနဲ့ ပစ်ခတ်တာကို သပြေအေးရွာသားတွေနဲ့ အခြားရွာတွေက လာရောက်ဝန်းရံပြီး တုတ်၊ ဓား၊ တူးမီးတွေနဲ့ ပြန်လည်ခုခံခဲ့ကြတာကြောင့် နှစ်ဖက် အခြေအနေ တင်းမာခဲ့ပြီးနောက် မနက် ၁ နာရီခွဲလောက်မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဘက်က ပြန်လည်ဆုတ်ခွာသွားတယ်လို့ အခြားရွာသားတဦးက ပြောပါတယ်။

“သပြေအေး စာသင်ကျောင်းမှာလည်း သေနတ်ထိထားတဲ့နေရာတွေ အများကြီးပဲ။ ကျနော်တို့ဆီက ဖမ်းခေါ်သွားခံရတဲ့ အနည်းဆုံး သုံးလေးဦး အခြေအနေကတော့ ဘယ်လိုလဲမသိဘူး။ အခင်းဖြစ်နေရာတွေမှာတော့ ဖိနပ်တွေ၊ သွေးကွက်တွေ အများကြီးပဲ တွေ့ရတယ်။” လို့ ပြောပါတယ်။

လက်ရှိ ရွာသားတွေလက်ထဲမှာ ဒဏ်ရာရရှိသူ ၂ ဦးကိုတော့ ဆေးကုသမှုပေးနေပြီး အကြမ်းဖက်စစ်တပ်ဘက်က ဒဏ်ရာရမှုအခြေအနေကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

ညနေ ၄ နာရီကျော်လောက် ရရှိတဲ့သတင်းအရ ဆုတ်ခွာသွားတဲ့ အကြမ်းဖက်စစ်တပ်၊ ရဲတပ်ဖွဲ့ကာ ပြန်လည်ပြီး ပစ်ခတ်တာတွေ ထပ်လုပ်နေတာကြောင့် ရွာသား ၂ ဦး ထပ်မံဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

1 week Ago

ယင်းမာပင် သပြေအေးရွာထဲဝင်ပစ်သည့် အကြမ်းဖက်စစ်တပ်ကို ဒေသခံများ ပြန်လည်ခုခံ၊ နှစ်ဖက် အခြေအနေတင်းမာနေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးရွာမှာ ဧပြီ ၂ ရက် ဒီနေ့မနက်အစောပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ရဲတွေက ဝင်ရောက်ပစ်ခတ်တာကြောင့် ပြည်သူ  ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒေသခံတွေကလည်း ပြန်လည်ခုခံတိုက်ပွဲဝင်နေကြတယ်လို့  ရွာသား ၁ ဦးက ပြောပါတယ်။

သပြေအေးရွာက သပိတ်စစ်ကြောင်းကို ရွာကျောင်းထိုင်ဘုန်းကြီးတစ်ပါးက ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်လိုလို ချင်းတွင်းတံတားထိပ်မှာလည်း ဆန္ဒပြနေကြတာဖြစ်ပြီး ဒီနေ့မနက်အစောပိုင်း ဆရာတော်ကို စစ်တပ်နဲ့ရဲက အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးရာမှာ ဖမ်းမရတဲ့အတွက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အခင်းဖြစ်နေရာမှာရှိတဲ့ ရွာသားက “အခုအခြေအနေက တော်တော်ဆိုးနေတယ်။ ဘုန်းကြီးကို ဝရမ်းထုတ်ထားတာ ဖမ်းမရတော့ ဒီနေ့မနက် ၃ နာရီခွဲလောက် စစ်သားနဲ့ရဲအင်အား ၈၀ ကျော်လောက်နဲ့ တပ်ဖြန့်ပြီး လာဖမ်းတာ။ ဖမ်းမရတော့ ပစ်တာ၊ ဒီဘက်ကလည်း တုတ်တွေ၊ ဓားတွေ၊ တူးမီးတွေနဲ့ ပြန်လည်ခုခံကြတယ်။

အခင်းဖြစ်နေရာမှာရှိတဲ့ ရွာသားက “လောလောဆယ် ၄ ယောက် ဒဏ်ရာရတယ်၊ ၂ ယောက်က ပြန်ရတယ်၊ လက်ရှိအနေအထားကတော့ ၁ ယောက်က စိုးရိမ်ရတယ်။ ၂ ယောက်က အခင်းဖြစ်နေရာကနေ ကောက်လို့ မရသေးဘူး။ သူတို့လက်ထဲမှာဆိုတော့ အခြေအနေစိုးရိမ်ရတယ်။ အသေအပျောက်ကတော့ နှစ်ဖက် ဘယ်လောက်ဆိုတာ လောလောဆယ်မသိရသေးဘူး။” လို့ ပြောပါတယ်။

လက်ရှိမှာ တပ်ကူလာတဲ့ကားတွေကိုလည်း ဒေသခံတွေက မလာနိုင်အောင် ခုခံကာကွယ်တားဆီးနေသလို ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။

“ရွာထဲမှာတော့ ထွက်ပြေးကုန်ပြီ၊ လက်ရှိ ရွာထဲမှာ ခုခံတော်လှန်နေကြတဲ့ သူတွေရှိတယ်။ တခြားရွာတွေကလည်း လာဝိုင်းရံတော့ ရွာသားတွေဘက်ကလည်း အင်အားများတယ်။ စစ်သားအင်အားကလည်း နောက်ထပ် ကားလေးငါးစီးလောက်နဲ့ ထပ်တိုးလာတော့ စုစုပေါင်း ၂၀၀ လောက်ရှိတယ်။ လက်ရှိအချိန်ထိ အခြေအနေ အတော်ဆိုးတယ်။”

သပြေအေးရွာဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ မပါတဲ့ ဌာနဆိုင်ရာ တာဝန်ရှိ အကြီးအကဲတွေနဲ့ ဝန်ထမ်းတွေကိုလည်း နာမည်စာရင်းတွေနဲ့ ကန့်ကွက်နေတဲ့ ကျေးရွာ ဖြစ်တယ်လို့ သိရပါတယ်။

1 week Ago

March 29, 2021

ယင်းမာပင်နှင့် ဆားလင်းကြီး ပြည်သူများပူးပေါင်းပြီး စစ်အာဏာရှင်ကို ဆန့်ကျင်သပိတ်မှောက်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ပြည်သူတွေ  ပူး​ပေါင်းပြီး မတ်လ ၂၉ ရက်​နေ့မှာလည်း အကြမ်းဖက်တပ်ဖွဲ့တွေကို ရှောင်ရှားကာ စစ်အာဏာရှင်ကျဆုံး​ရေးသပိတ် ဆက်လက်ပြုလုပ်ခဲ့ကြတာပါ။

ပူး​ပေါင်းသပိတ်အဖွဲ့ကို ရဲနဲ့စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့လို့ ဆန္ဒပြပြည်သူ ၁ ဦးကျဆုံးအပြီး အရင်ပုံမှန် ဆန္ဒပြပွဲလုပ်တဲ့​နေရာမှာ လက်နက်ကိုင်တပ်တွေ နေရာယူထားတာ​ကြောင့် ​​တစ်ခြား​နေရာတွေမှာ ရှောင်လွှဲကာ ​ဆက်လက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

မြို့နယ်ပူး​ပေါင်းသပိတ်အဖွဲ့ဟာ မနက်ဖန် မတ်လ ၃၀ ရက်​နေ့မှာ​တော့ ယခင်​နေ့​တွေကလို လမ်း​လျှောက်ဆန္ဒထုတ်​ဖော်မှုမပြုလုပ်ဘဲ  ရုံးမသွား-အလုပ်မသွား-အပြင်မထွက်ဘဲ ကိုယ့်အိမ်ထဲမှာ အသံတိတ်ပုံစံနဲ့  စစ်အာဏာရှင်ကို ဆန့်ကျင်​တော်လှန်သွားမယ်လို့ ဆိုပါတယ်။

ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့ ပူး​ပေါင်းသပိတ်ဟာ မတ်လ ၂၇ ရက်​နေ့က အကြမ်းဖက်စစ်တပ်နဲ့ ရဲတွေရဲ့ ​သေနတ်နဲ့ပစ်သတ်ခံရလို့ ဆန္ဒပြပြည်သူ ၁ ဦး ကျဆုံးခဲ့ပါတယ်။

2 weeks Ago
More News
Up