ယင်းလတ်

August 31, 2015

ယင်းလတ် အယူခံ ငြင်းပယ်ခံရ

အမှုကို ဆိုင်းငံ့ပေးဖို့၊ ဆန်ကိစ္စနဲ့ပတ်သက်ပြီး တရားလို တင်သွင်းတဲ့ အထောက်အထားနဲ့ သက်သေတွေကို ငြင်းပယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလတ် ရှင်နာဝပ်ရဲ့ အယူခံကို ထိုင်းတရားရုံးက ပယ်ချလိုက်ပါတယ်။ တာဝန်ဝတ္တရား ပျက်ကွက်တာ၊ အာဏာကို အလွဲသုံးစားလုပ်ပြီး အကျင့်ပျက် ခြစားမှုကို ရပ်အောင်မလုပ်တာ၊ ဆန်ကိစ္စ အရှုံးပေါ်တာတွေနဲ့ စွဲဆိုခံထားရတဲ့ ယင်းလတ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို တရားရုံးက ကြေညာလိုက်တာလို့ ဘန်ကောက်ပို့စ် သတင်းက ရေးပါတယ်။ နိုင်ငံမှာ တာဝန်ထမ်းဆောင်သူတွေကို စစ်ဆေးတဲ့ ရာဇ၀တ်မှု ခုံရုံးမှာ စီရင်ပိုင်ခွင့် မရှိဘဲ အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးမှာ စစ်ဆေးစီရင်သင့်တယ်ဆိုတဲ့ ခုခံပြောဆိုချက်နဲ့ အမှုကို ဆိုင်းငံ့ပေးဖို့ ပထမဆုံး အယူခံမှာ ယင်းလတ်က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် တရားရုံးက လက်မခံဘဲ အုပ်ချုပ်ရေးဆိုင်ရာ တရားရုံး လုပ်ထုံးလုပ်နည်းတွေ အရ ရာဇ၀တ်မှုတွေကို စီရင်ပိုင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။ အောက်တိုဘာ ၂၉ ရက်မှာ တရားရုံးက တရားလိုတွေနဲ့ တရားပြိုင်တွေရဲ့ သက်သေကို စစ်ဆေးဖို့ ထပ်မံချိန်းဆိုထားပါတယ်။
6 years Ago

အမှုရင်ဆိုင်ရန် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလတ် တရားရုံးတက်

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလတ် ရှင်နာဝပ်ဟာ တရားစွဲဆိုခံထားရတဲ့ အမှုတွေကို ရင်ဆိုင်ဖို့အတွက် တရားရုံးကို ရောက်ရှိလာပါတယ်။ တရားရုံးကို မနက် ၈ နာရီမှာ ရောက်ရှိလာပြီး သူ့ကို အားပေးဖို့ ရောက်ရှိနေတဲ့ လူအုပ်ကြီးက နှုတ်ဆက်ခဲ့တယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ်သတင်းက ရေးပါတယ်။ လူအုပ်က သူ့ကို ပန်းစည်းတွေ ပေးအပ်ခဲ့သလို “တိုက် တိုက် တိုက်” လို့ အော်ဟစ်အားပေးခဲ့တယ်လို့ ဆိုပါတယ်။ အထောက်အထားစာရင်းနဲ့ မျက်မြင်သက်သေ ၇၀ ကို စစ်ဆေးဖို့ တရားရုံးကို တင်ပြထားတယ်လို့ သူက ပြောပါတယ်။ ယင်းလတ် စီစဉ် ကြီးကြပ်တဲ့ နိုင်ငံတော် စပါးဝယ်ယူရေး အစီအစဉ်နဲ့ ပတ်သက်ပြီး စွဲဆိုချက်ကို သြဂုတ် ၃၁ ရက်မှာ ပထမဆုံး ကြားနာစစ်ဆေးမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ နိုင်ငံတော်ဘတ်ဂျက်ငွေ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ အရှုံးပြခဲ့တယ်လို့ ဆိုပါတယ်။ ယင်းလတ်ကို တာဝန်ဝတ္တရား ပျက်ကွက်တာ၊ အာဏာကို အလွဲသုံးစားလုပ်ပြီး အကျင့်ပျက် ခြစားမှုကို ရပ်အောင်မလုပ်တာ၊ ဆန်ကိစ္စ အရှုံးပေါ်တာတွေနဲ့ စွဲဆိုထားပါတယ်။ ဒါအပြင် ပြူထိုင်းပါတီက ခေါင်းဆောင်နဲ့ လွှတ်တော် အမတ်ဟောင်းတွေလည်း တရားရုံးကို လာရောက်ခဲ့ပါတယ်။
6 years Ago
Up