ယခင်နှစ်များထက် လျော့နည်း

November 19, 2016

ရန်ကုန်တိုင်းတွင် မီးလောင်မှု ယခင်နှစ်များထက် လျော့နည်း

ရန်ကုန်တိုင်းထဲမှာ အခု ၂၀၁၆ ခုနှစ် မီးလောင်တာဟာ ပြီးခဲ့တဲ့နှစ်ကနဲ့ ယှဉ်ရင် လျော့နည်းသွားပါတယ်။ ၂၀၁၄ ခုနှစ်မှာ မီးလောင်မှု ၂၆၆ ကြိမ် ဖြစ်ခဲ့ပြီး ကျပ်သိန်းပေါင်း ၃၀၀၀ ကျော် ဆုံးရှုံးခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ၂၂၄ ကြိမ် မီးလောင်ပြီး ကျပ်သိန်းပေါင်း ၃၆၀၀ ကျော် ဆုံးရှုံးခဲ့တာပါ။ အခု ၂၀၁၆ ခုနှစ်မှာတော့ နိုဝင်ဘာလလယ်အထိ ၁၇၈ ကြိမ် လောင်ကျွမ်းခဲ့တာပါ။ နှစ်စဉ်စာရင်းတွေအရ မီးလောင်မှု မြင့်တဲ့ ရာသီကို ရောက်လာပြီဖြစ်လို့ မီးဘေး သတိထားကြဖို့ ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှူးက ပြောပါတယ်။ ရန်ကုန်တိုင်းမီးသတ်တပ်ဖွဲ့မှူး ဦးသော်ဒါက “ ဇန်နဝါရီမှာ ၂၂ ကြိမ်၊ ဖေဖော်ဝါရီမှာ ၂၄ ကြိမ်၊ မတ်လမှာ ၁၇ ကြိမ်၊ ဧပြီလမှာ ၂၁ ကြိမ်နဲ့ မေလမှာ ၂၃ ကြိမ် လောင်ခဲ့တယ်။ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတွေကတော့ လျော့တယ်။ ခုတော့ မီးလောင်မှု အဖြစ်များတဲ့ လတွေကို ရောက်လာပြီပေါ့” လို့ ပြောပါတယ်။ ကာလတူချင်း နှိုင်းယှဉ်မယ်ဆိုရင် ၂၀၁၆ ခုနှစ်မှာ အကြိမ် ၂၀ လောက် လျော့နည်းနေပေမယ့် မင်္ဂလာဈေး မီးလောင်လို့ ဆုံးရှုံးတာက ၁၀ နှစ်စာ ဆုံးရှုံးတာလောက် ရှိနေတာပါ။ ရန်ကုန်မှာ အရင်တုန်းက မီးသတ်ရေငုတ်တွေ လုံလောက်အောင် ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းသွားပါတယ်။ ခုတော့ ဒါတွေကို ပြန်ဆောက်ဖို့ စီစဉ်နေတယ်လို့ သူက ဆိုပါတယ်။ မီးသတ်ရာမှာ အနှောင့်အယှက်ဖြစ်စေတာတွေကို ရှောင်ကြဉ်ပေးဖို့လည်း သူက တိုက်တွန်းပါတယ်။ “ကျနော်တို့ မီးသတ်သမားတွေ လာရင် ရေရနိုင်တဲ့ နေရာတွေကို ပြပေးဖို့ လိုပါတယ်။ ပြီးတော့ မီးသတ်ကားတွေ လာရင် လမ်းတွေ ရှင်းပေးဖို့လည်း လိုပါတယ်။ လှိုင်သာယာမှာ မီးသတ်ဖို့ သွားတုန်းကဆိုရင် ကားမပြောနဲ့ လူတောင် မနည်းသွားရတယ်။ မီးလောင်ရင် ဝိုင်းကြည့်ပြီး ဖုန်းတွေ ထုတ်ရိုက်ကြတာက အခက်အခဲပဲ” လို့ ဦးသော်ဒါက ပြောပါတယ်။ မီးသတ်မှာ လိုအပ်ချက်တွေ ရှိနေသေးပြီး ရန်ကုန်မှာ မီးသတ်စခန်း မရှိသေးတဲ့ မြို့နယ် ၉ ခု ရှိတယ်လို့လည်း သူက ဆိုပါတယ်။ လက်ရှိမှာတော့ ရန်ကုန်မြို့ရဲ့ အချက်အချာနေရာတွေမှာ ကင်မရာတွေ တပ်ဆင်ထားပြီး မီးလောင်မှုတွေကို အချိန်တိုင်း စောင့်ကြည့်နေပေမယ့် ကင်မရာတွေ ထပ်လိုနေသေးပါတယ်။ ရန်ကုန်တိုင်းမှာ မီးသတ်တပ်ဖွဲ့ဝင်အင်အား ၁၀၉၈ ယောက် ရှိနေတာပါ။
6 years Ago
Up