မန္တလေး ပုဏ္ဏားများ

February 12, 2019

သဟဇာတတွေကြားက မန္တလေး ပုဏ္ဏားများ

မန္တလေးမြို့ရဲ့ မဟာအောင်မြေမြို့နယ်ထဲက မဟာနွယ်စင်ရပ် ဗောဓိကုန်းလို့ ခေါ်တဲ့နေရာကို စ၀င်လိုက်တာနဲ့ အိမ်တိုင်း လမ်းတိုင်းလိုလိုမှာ မြင်တွေ့ရတာကတော့ “ဗေဒင်ဟောသည်” “ဇာတာဖွဲ့သည်” ဆိုတဲ့ ဆိုင်းဘုတ်လေးတွေပဲ ဖြစ်ပါတယ်။ ဒီအစုရပ်လေးကို ပုဏ္ဏားကုန်းလို့လည်း ခေါ်ပါတယ်။ အဲ့ဒီရပ်ကွက်ဟာ မန္တလေးမြို့မှာ လူနည်းစုဖြစ်တဲ့ ယခု အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်သားတွေရဲ့ မျိုးဆက်တွေ နေထိုင်ရာ အရပ်ဖြစ်ပါတယ်။ “မတူညီရာ လူမျိုးတွေကြားထဲ ရာစုနှစ်နဲ့ချီပြီး တည်ငြိမ်အေးချမ်းစွာ နေထိုင်လာတဲ့ အမျိုးနွယ်ထဲမှာ ကျနော်တို့ ပုဏ္ဏားမျိုးတွေလည်း ပါတယ်’’ လို့ မန္တလေးမြို့ ၃၅ လမ်းနဲ့ ၃၆ လမ်းကြား ၇၃ လမ်းမကြီးဘေးက မဟာကာလီမယ်တော်ကြီး ဘုရားရှိခိုးကျောင်း ဘုရားခန်းရှေ့မှာ ဒိုတီလို့ ခေါ်တဲ့ ၀တ်ဖြူစင်ကြယ်ကို ၀တ်ပြီး မုတ်ဆိတ်အဖွေးသားနဲ့ တင်ပလ္လင်ခွေထိုင်နေတဲ့ ဦးလှမြင့်က ပြောပါတယ်။ အလောင်းဘုရားလက်ထက်၊ ကုန်းဘောင် ဆင်ဖြူများရှင်မင်းတရားလက်ထက်၊ ဘကြီးတော် (စစ်ကိုင်းမင်း) လက်ထက်တွေမှာ မဏိပူရ ကသည်းပြည်ကို သိမ်းပိုက်တဲ့အခါ ကသည်းလူမျိုး အသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ လုပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်လာမှုတွေ ရှိခဲ့ပါတယ်။ ယခုအခါမှာတော့ မြန်မာတွေအခေါ် ကသည်းအိန္ဒိယသားတွေအခေါ် မေ့သေးတွေဟာ မန္တလေးမြို့ မဟာအောင်မြေသာဇံရပ်၊ ချမ်းအေးသာဇံရပ်၊ သမီးတော်ဈေး၊ ၁၉ လမ်း၊ မင်းတဲပြည်တင်းရပ်နဲ့ နှင်းဆီခြံရပ်တို့မှာနေထိုင်ကြပြီး စုစုပေါင်း ၁၅၀၀၀ လောက်ရှိတယ်လို့ ကသည်း အသိုင်းအ၀ိုင်းက ခန့်မှန်းပြောဆိုကြပါတယ်။ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) ရေးသားပြုစုတဲ့ “မြန်မာမင်းများ လက်ထက်တော် စာတမ်းများ” ဆိုတဲ့ စာအုပ်မှာ “မင်းတုန်းမင်းလက်ထက်တော်၌ ခတ္တိယ၊ ဗြဟ္မဏ၊ သုဒ္ဓ၊ ဗိသျှ၊ ပုဏ္ဏားဖြူ ၁၀ဝ၊ ပုဏ္ဏားညို ၁၀ဝ၊ ဘိသိက်တော်ပုဏ္ဏား ၃၀ဝ၊ ရေကြည်တော်ခပ် ၁၀ဝ၊ ဂြိုဟ်စာကျွေး နတ်တင် ၁၀ဝ၊ ဇာတာတော်ဆေး ၁၀ဝ၊ ပုရောဟိတ် ၆၀၊ အခါပေး ၁၀ဝ ရှိ၏။” လို့ ပါရှိပါတယ်။ “ကသည်းလူမျိုးအမှုထမ်းများမှာ လှေတော်တန်း၊ မြင်းစီးသူရဲတန်း၊ ယက်ကန်းတော်၊ ဆတ္တာတော်၊ ခဝါတော်၊ အနှိပ်တော်၊ ရေကြည်တော် ပျော်ရာက အမှုတော်ထမ်းကြရသည်။” ဟူ၍ ဆက်လက်ရေးသားထားပါတယ်။ မန္တလေးမြို့မှာ ယခင်က ဗောဓိကုန်းရပ်ကွက်ဆိုရင် ရွှံ့မြေနံ့ နွားချေးနံ့တွေနဲ့ ရှိနေခဲ့ဖူးပါတယ်။ သူတို့တွေရဲ့ နေအိမ်တွေကို တည်ဆောက်ရာမှာ နံရံတွေကို ရွှံ့နဲ့နွားချေး ရောမွှေထားတာနဲ့ မွမ်းမံတတ်ကြတာကြောင့် ဖြစ်ပါတယ်။ အခုချိန်မှာတော့ ခေတ်ပေါ် အဆောက်အုံတွေအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။ မပြောင်းလဲသေးတာတာကတော့ သူတို့ရဲ့ သိုသိုသိပ်သိပ်အေးအေးချမ်းချမ်းနဲ့ နေထိုင်တတ်တဲ့ အမူအကျင့်အလေ့အထပဲဖြစ်ပါတယ်။ ဗေဒင်ဟော ပုဏ္ဏားတွေဟာ သူတို့ ဘိုးဘေးဘီဘင်တွေ လက်ဆင့်ကမ်းခဲ့တဲ့ ဗေဒင်ဟောခြင်းအတတ်ပညာနဲ့ အမျိုးသားတွေက အသက်မွေးကြပါတယ်။ ယနေ့ခေတ် လူငယ်တွေအနေနဲ့ကတော့ ဗေဒင်အတတ်ပညာကို စိတ်ဝင်စားမှု နည်းသွားပြီး အခြားပြင်ပ အလုပ်များကို လုပ်ကိုင်ပြီး ရပ်တည်နေကြပါတယ်။ မန္တလေးမြို့မှာ ယခင်က လူမျိုး ဘာသာရေး ပြဿနာတွေအချို့ ရှိခဲ့ဖူးပေမယ့် ကသည်းတွေကတော့ မည်သည့်ပဋိပက္ခထဲမှာမှ ပါဝင်ပတ်သက်မှုမရှိဘဲ ဆယ်စုနှစ်ပေါင်းများစွာ အများတွေနဲ့ သဟာဇာတဖြစ်အောင်နေထိုင် ကျင့်ကြံနေခဲ့တယ်လို့ ဆိုပါတယ်။ “ကိုယ့်ကိုယ်ကိုပဲ နေတယ်။ အသင်းအဖွဲ့လိုက်နေတယ်။ ကိုယ့်ဟာကိုယ် ထိန်းသိမ်းနေထိုင်တယ်။ တဖက်က ပြဿနာရှာတာတော့ ရှိခဲ့ဖူးတယ်။ ဒါပေမယ့် အဲ့လို ဖြစ်လာရင် လူကြီးတွေကိုပဲ တိုင်ပြီး သူတို့ (လူကြီး) တွေပြောတာပဲ နားထောင်နေလိုက်တယ်။ ကျနော်တို့ လူမျိုးမှာက ဂျာတီလို့ခေါ်တဲ့ စည်းကမ်းရှိတယ်လေ။ လူကြီးတွေ ပြောရင် လူငယ်တွေလိုက် နားထောင်ရတယ်’’ လို့ စကြာနွယ်စင်ရပ်တွင် နေထိုင်တဲ့ ဦးသန်းထွန်းက ပြောပါတယ်။ မဟာနွယ်စင်ရပ်တွင် နေထိုင်သည့် ပုဏ္ဏားတဦးဖြစ်တဲ့ ဦးစိန်မောင်ကလည်း “ကျနော်ကတော့ လူ့ပတ်ဝန်းကျင်ဖြစ်တည်မှုအတိုင်း သဘာဝကို နားလည်ဖို့လိုတယ်။ ဘာသာတရားတိုင်းက ကောင်းပါတယ်။ လူတွေကပဲ မကောင်းတာလို့ မြင်ပါတယ်။ လူသားတိုင်း ဘာသာတိုင်းမှာ ဖြစ်တည်မှု ကံကြမ္မာ အသီးသီးရှိတယ်။ ဒါကို တယောက်နဲ့ တယောက် လူတွေက အပြစ်မပြောဘဲ နားလည်မှုနဲ့နေမယ်ဆိုရင် ဘယ်ဘာသာ ဘယ်လူမျိုးမဆို သဟဇာတဖြစ်အောင် ပေါင်းသင်းနေထိုင်လို့ရတယ်” လို့ ပြောပါတယ်။ လူဦးရေ ၆ သန်းကျော် နေထိုင်တဲ့ မန္တလေးတိုင်းဒေသကြီးလိုနေရာမှာ လူနည်းစု နေထိုင်ကြတဲ့ ကသည်းတွေအနေနဲ့ တခြားလူတွေနဲ့ ပြဿနာ ပဋိပက္ခမဖြစ်အောင် နေထိုင်ရတာဟာ သည်းခံမှုများနဲ့လည်း ဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး လူငယ်အစည်းအရုံး အလုပ်အမှုဆောင် ပုဏ္ဏားမျိုးနွယ် လူငယ် ကိုအောင်စိုးမိုးက “လူငယ်တွေ ဆိုတော့ လူကြီးတွေလို စိတ်မျိုး တခါခါ မရှိဘူး၊ ထိခိုက်လွယ်တယ်။ ဒါပေမယ့် ကျနော် တတ်နိုင်သလောက် ကိုယ့်အဖွဲ့အစည်းကို ကိုယ်ထိန်းတယ်။ ပြဿနာ အနည်းဆုံးဖြစ်အောင် နေထိုင်တယ်။ တခါတလေကျတော့လည်း အရှုံးပေး သည်းခံ ပေါင်းရတာတွေရှိတယ်” လို့ ပြောပါတယ်။ မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်ကလည်း “သူတို့တွေက အရင် ရတနာပုံနန်း မတည်ခင်ကတည်းက ရောက်နေတာ။ ပြီးတော့ ဘုရင့်ရဲ့သစ္စာတော်ခံအနေနဲ့ နေတယ်။ သူတို့မှာ ဗေဒင်ဟောတယ်။ ကုန်သည်လုပ်တယ်။ ဂါထာမန္တာန်အတတ်တွေနဲ့ နေလာကြတယ်။ ကုန်သည် အလုပ်လုပ်သူကလည်း ရတဲ့ဟာကို ရွှေစုတယ်။ လှူဒါန်းတယ်။ အနေအထိုင်လည်း သိုသိပ်တယ်။ လောဘ နည်းကြတယ်။ တကယ် ပဋိပက္ခ ဖြစ်တာက လိုချင်သူ လောဘကြီးသူ အပိုင်သိမ်းချင်သူတွေပဲ ဖြစ်ကြတာ။ သူတို့ ပုဏ္ဏားတွေအနေနဲ့တော့ အရင်ကလည်း ပဋိပက္ခ မဖြစ်ခဲ့ဖူး။ နောင်လည်း ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး” လို့ ပြောပါတယ်။ မင်းရဲစစ်နိုင်
2 years Ago
Up