မန္တလေးသင်္ကြန်

April 15, 2019

မန္တလေးသင်္ကြန် အကျနေ့အထိ ဒဏ်ရာရသူ ၆၅ ဦး၊ သေဆုံးသူ ၃ ဦး ရှိ

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက်က ဒဏ်ရာရရှိသူ ၆၅ ဦးနဲ့ သေဆုံးသူ ၃ ဦးရောက်ရှိခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ပါတယ်။ ယာဉ်တိုက်မှုကြောင့် အမျိုးသား ၂၄ ဦး၊ အမျိုးသမီး  ၆ ဦး ဒဏ်ရာရရှိခဲ့ရာ အမျိုးသား ၂ ဦးသေဆုံးခဲ့ပါတယ်။ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဆေးရုံကြီးသို့ ရောက်ရှိတဲ့လူနာ အမျိုးသား ၃၁ ဦး အမျိုးသမီး ၄ ဦးရှိခဲ့ပြီး သေဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။ သေမှုသေခင်းကတော့ စိတ်မနှံ့တဲ့ အမျိုးသမီးတဦး ကျုံးရေပြင်အတွင်း ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။ ခိုက်ရန်ဖြစ်ပွားမှုကြောင့်ဒဏ်ရာရတဲ့ လူဦးရေ စာရင်းနှိုင်းယှဉ်ပါက သင်္ကြန်အကျနေ့မှာ သင်္ကြန်အကြိုနေ့ထက် ပိုများလာပါတယ်။ သင်္ကြန်အကြိုနေ့က ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဆေးရုံကြီးကို ရောက်ရှိတဲ့လူနာ ကျား ၁၀ ဦး မ ၅ ဦးရှိခဲ့ပေမယ့် သင်္ကြန်အကျနေ့မှာ ခိုက်ရန်ဖြစ်ပွားတာကြာင့် ဆေးရုံကြီးသို့ ရောက်ရှိတဲ့လူနာ ကျား ၃၁ ဦး မ ၄ ဦးရှိခဲ့ပါတယ်။ သင်္ကြန်အကြိုနေ့က မန္တလေးအထွေရောဂါကုဆေးရုံကြီးမှာ ဒဏ်ရာရရှိသူ ၃၄ ဦးနဲ့ သေဆုံးသူ ၃ ဦးရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ သတင်း/ဓာတ်ပုံ- နိုင်လင်းဦး
3 years Ago

April 14, 2019

မန္တလေးသင်္ကြန်အကြိုနေ့ ယာဉ်မတော်တဆမှုဖြင့် လူ ၃ ဦးသေဆုံး

မန္တလေးမြို့မှာ အခုနှစ်သင်္ကြန်အကြိုနေ့က ကားမတော်တဆမှုနဲ့ လူ ၃ ဦးသေဆုံး၊ ၁၉ ဦးဒဏ်ရာရပြီး   ခိုက်ရန်ဖြစ်ပွားလို့ လူ ၁၅ ဦးဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မန္တလေးဆေးရုံကြီးကို ရောက်လာတဲ့စာရင်းကို ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်တာဖြစ်ပြီး  သင်္ကြန်တွင်းထိခိုက်ဒဏ်ရာရသူတွေကို ကူညီပေးနေတဲ့ အဖွဲ့တွေရဲ့ အဆိုအရ ဆေးရုံကြီးကို ရောက်လာတဲ့ ထိခိုက်ဒဏ်ရာလူနာ ၆၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့က သင်္ကြန်ကာလ လည်ပတ်တဲ့ကားတွေကို နေရာ ၂၀ လောက်မှာ အထူးပိတ်ဆို့ရှာဖွေနေပြီး မနေ့က အကြိုနေ့မှာ အရက်နဲ့ ဘီယာပုလင်း ၁၀၀၊ ဓား ၁ လက်၊ မျက်နှာဖုံး ၈၂ ခု၊ တုတ် ၇ ချောင်း၊ ကျောက်လှည့် (ဝက်အူလှည့်) ၆၄ ချောင်း၊ ကတ်ကြေး ၈ လက်၊ သံချောင်း ၃ ချောင်း သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ သင်္ကြန်နဲ့ပတ်သက်တဲ့မှုခင်းတွေအနေနဲ့ လက်နက်မှု ၅ မှုအပါအဝင် အမှုပေါင်း ၁၀ မှု ရှိပြီး သင်္ကြန်နဲ့ မပတ်သက်တဲ့ မှုခင်းတွေထဲမှာ လူသတ်မှုကြောင့် တယောက် သေဆုံးခဲ့ပါတယ်။ ရန်ကုန်မှာတော့ ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ခိုက်ရန်ဖြစ်လို့ ဒဏ်ရာရသူတွေ အများဆုံးရောက်လာပြီး  သင်္ကြန်အကြိုနေ့ကနေ အကျနေ့ မနက် ၆ နာရီအထိ လူနာ အယောက် ၁၅၀ နီးပါး ရောက်လာပေမယ့် အသက်သေဆုံးတာမရှိဘူးလို့ ဆေးရုံအုပ် ဒေါက်တာ ခင်သိင်္ဂီမြင့်က ဒီဗွီဘီကို ပြောပါတယ်။
3 years Ago
More News
Up