မန္တလေးတိုင်း

May 22, 2019

ဝမ်းတွင်းမြို့နယ်၌ လေပြင်းတိုက်ခတ်၍ နေအိမ်နှင့် ဂိုဒေါင်များ အမိုးလန်ပျက်စီး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ထဲက ကျေးရွာတချို့မှာ မနေ့ညနေက မိုးနဲ့အတူ လေပြင်းတိုက်ခတ်လို့ လူနေအိမ် ၂၄ လုံးနဲ့ စိုက်ပျိုးရေးဌာနပိုင် ဂိုဒေါင် ၁ လုံး အမိုးလန် ပျက်စီးသွားပါတယ်။ မြို့နယ်အုပ်ချုပ်ရေးရုံးက ရုံးအုပ်ကြီး ဦးအောင်ကျော်ဦးက "မိုးသက်လေပြင်းကြောင့် လူနေအိမ် ၂၄ လုံးနဲ့ စိုက်ကွင်းဂိုဒေါင် ၁ လုံး အမိုးလန် ပျက်စီးတယ်။ ခရိုင်လူကယ်ပြန်ဌာနက အဲဒီ အမိုးလန်ပျက်စီးတဲ့ အိမ်တွေကို အခုပဲ ထောက်ပံ့ပစ္စည်းတွေ လာပေးနေပါတယ်" လို့ ပြောပါတယ်။ လေပြင်းတွေကြောင့် ညောင်ပင်ရွာမှာ လူနေအိမ် ၁၇ လုံးနဲ့ အုန္နဲစိုက်ကွင်းက လူနေအိမ် ၇ လုံး ထိခိုက်ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ ညောင်ပင်ရွာအုပ်ချုပ်ရေးမှူး ဦးဖြိုးလှိုင်ဝင်းက "လူနေအိမ် ၁၇ လုံးလောက် အမိုးလန် ပျက်စီးသွားတယ်။ မိုးနဲ့အတူပါလာတဲ့ လေပြင်းတိုက်တာပါ။ မိုးက ခဏပဲရွာတယ်။ ဆက်မရွာတော့ အဲဒီအိမ်တွေမှာ မိသားစုတွေ ပြန်နေကြတယ်" လို့ ပြောပါတယ်။ အုန္နဲစိုက်ကွင်းနေ တောင်သူ ဦးကြီးညိုက "မိုးရွာတာကိုတော့ ဝမ်းသာတယ်။ လေပြင်းတိုက်လိုက်တော့ အိမ်တွေပျက်ကုန်တယ်။ စိုက်ကွင်းထဲက အိမ်တွေကတော့ အမိုးတွေ လန်ကုန်တယ်" လို့ ပြောပါတယ်။ ဝမ်းတွင်းဒေသမှာ မုတ်သုံရာသီဝင်တဲ့ မေလဆန်းတိုင်းမှာ သဘာဝဘေး ဖြစ်ပေါ်လေ့ရှိပြီး ဒီနှစ်မှာတော့ မုတ်သုံရာသီအဝင် နောက်ကျလို့ မေလ နောက်ဆုံးပတ်မှာ ဖြစ်ပေါ်ခဲ့တာပါ။ ညောင်ပင်အုပ်စုမှာ အိမ်ခြေ ၂၅၀ ကျော်၊ ဆူးပန်းအုပ်စုမှာ အိမ်ခြေ ၁၅၀၀ ကျော်ရှိပြီး အုန္နဲစိုက်ကွင်းမှာ အိမ်ခြေ ၇၀ လောက်ရှိကာ တမြို့နယ်လုံးမှာ ကျေးရွာပေါင်း ၂၁၈ ရွာ ရှိပါတယ်။ သတင်း - မောင်မောင်လင်း
2 years Ago

ဆေးခြောက်အနွယ်ဝင်အပင် စိုက်သူများကို သေဒဏ်ပေးနိုင်သည့် ပုဒ်မများဖြင့် တရားစွဲ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ မြို့သာစက်မှုဇုန်မှာ ဆေးခြောက်အနွယ်ဝင် လျှော်ပင်စိုက်လို့ ဖမ်းဆီးထားသူတွေကို မြင်းခြံခရိုင် တရားရုံးက မနေ့က အမှုလက်ခံလိုက်ပြီး နောက်ထပ် အမေရိကန်နိုင်ငံသား ၅ ယောက်ကိုလည်း အမှုဖွင့်လိုက်ပါတယ်။ အမေရိကန်နိုင်ငံသား တယောက်နဲ့ ကုမ္ပဏီဝန်ထမ်း မြန်မာနိုင်ငံသား ၂ ယောက်တို့ကို ဧပြီ ၂၃ ရက်က ဆေးခြောက်စိုက်ပျိုးတယ်ဆိုကာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ရဲစခန်းမှာ တလလောက် စစ်ဆေးပြီးတဲ့နောက် အခုမှ တရားရုံးမှာ ရုံးထုတ်စစ်ဆေးတာပါ။ သူတို့ရဲ့ ရှေ့နေဖြစ်သူ တော်ဝင် ဦးခင်မောင်သန်းက “မူးယစ်မှုနဲ့ပဲ တရားစွဲတင်တယ်။ နောက်ထပ် အမေရိကန်နိုင်ငံသား ၅ ယောက်ကိုလည်း ထပ်စွဲတယ်။ သူတို့ကတော့ 3M ကုမ္ပဏီရဲ့ ဒါရိုက်တာလူကြီး ၃ ယောက်နဲ့ ပညာရှင် ၂ ယောက်ပါ။ ပုဒ်မတွေကတော့ နဂိုက အမှုဖွင့်ထားတာမှာ အားပေးကူညီတယ်ဆိုတာ တခုကို ဖြုတ်လိုက်တယ်။ ဒါပေမယ့် ပုဒ်မ ၂၀ တခုတည်းတင် သေဒဏ်ပေးနိုင်တဲ့ ပုဒ်မလေ” လို့ ပြောပါတယ်။ ဒီအမှုကို မနေ့ညနေ ၄ နာရီခွဲလောက်မှာမှ စတင်စစ်ဆေးခဲ့ပြီး အများပြည်သူ ဝင်ရောက်ကြည့်ရှုခွင့် မရခဲ့ပါဘူး။ ဒါ့အပြင် တရားစွဲခံထားရသူတွေဟာ မိဘတွေနဲ့လည်း တွေ့ဆုံခွင့်မရခဲ့ဘဲ ရုံးထုတ်မှာတော့ အဲဒီကုမ္ပဏီမှာ နေ့စားဝင်ရောက်လုပ်ကိုင်ခဲ့သူတွေနဲ့ အနားက ရွာသားတွေ လာရောက်ခဲ့ကြပါတယ်။ လက်ရှိမှာတော့ အမေရိကန်နိုင်ငံသား Mr.John Fredric Todoroki နဲ့ ကုမ္ပဏီဝန်ထမ်း ကိုရှိန်းလတ်နဲ့ မရွှန်းလဲ့မြတ်နိုးတို့ကို ဖမ်းဆီးထားတာဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(က)(ခ)၊ ၁၉(က)၊ ၂၀(က)(ခ) တို့နဲ့ တရားစွဲလိုက်တာပါ။ နောက်ထပ် တရားစွဲခံလိုက်ရတဲ့ အမေရိကန်နိုင်ငံသား Mr. Alexander အပါအဝင် ၅ ယောက်ကိုတော့ တရားခံပြေးအဖြစ် ဝရမ်းထုတ်မယ်လို့ သိရပါတယ်။ အကျိုးဆောင်ရှေ့နေ တော်ဝင်ဦးခင်မောင်သန်းကတော့ စိုက်ပျိုးထားတဲ့ အပင်တွေမှာ မူးယစ်စေတဲ့ဓာတ် ပါ၊ မပါကို စစ်ဆေးပေးဖို့ တောင်းဆိုမယ်လို့ ပြောပါတယ်။ “စိုက်ထားတဲ့အပင်တွေရဲ့ အစေ့၊ အရွက်၊ အရိုးတွေကို စမ်းသပ်တော့ Cannabis (ဆေးခြောက်မျိုးနွယ်) လို့ပဲ ပြတယ်။ ဒါဟာ Marijuana (မူးယစ်စေတဲ့ဆေးခြောက်) လား၊ Hemp (စက်မှုလျှော်ပင်) လား ဆိုတာတော့ မကွဲပြားဘူးပေါ့။ ဒီဟာမှာ မျိုးကွဲတွေ အများကြီးရှိပါတယ်။ မျိုးနွယ်တူတယ်၊ အာနိသင် လုံးဝမတူဘူး။ THC မူးယစ်စေတတ်တဲ့ အာနိသင် ဘယ်လောက်ရှိလဲဆိုတာ စမ်းသပ်ရမယ်။ ဓာတုစစ်ဆေးချက် အစီရင်ခံစာကို တရားရုံးမှာ သက်သေအဖြစ် တင်လာရင်တော့ ပြောရမှာပေါ့။ ဒီရုံးမှာ ပြောလို့မရရင် တရားလွှတ်တော်ချုပ်အထိ တက်ရမယ်” လို့ ပြောပါတယ်။ ဆေးခြောက်လို့ သိမ်းကျုံးသတ်မှတ်ထားရာကနေ Hemp ကို စက်မှုလျှော်အဖြစ် ခွဲထုတ်ပြီး တရားဝင်စိုက်ပျိုးခွင့်ပြုပေးဖို့ ပညာပေးလှုပ်ရှားနေတဲ့ Mahar Legalization Movement Myanmar ရဲ့ ဦးဆောင်သူတယောက်ဖြစ်တဲ့ ကိုအောင်စေတိုးက “စိတ်ကြွဆေးပြားတွေ သန်းနဲ့ချီပြီး ပိုင်ရှင်မဲ့နေတဲ့ တိုင်းပြည်၊ ဘိန်းထုတ်လုပ်မှု အမြင့်ဆုံး တိုင်းပြည်၊ လက်ရှိ ဘိန်းစိုက်ပျိုးမှု ဟက်တာပေါင်း သောင်းချီရှိနေတဲ့ တိုင်းပြည်က တရားစီရင်ရေးက အခုလို ကမ္ဘာသိဆေးဝါးသစ်ပင် စိုက်ပျိုးတာကို မူးယစ်ဆေးဝါးပုဒ်မတပ် အရေးယူတယ်ဆိုတာ သိပ်ရှက်စရာကောင်းပါတယ်” လို့ ပြောပါတယ်။ စက်မှုလျှော်ပင်နဲ့ ဆေးခြောက်ပင် ကွဲကွဲပြားပြားဖြစ်စေဖို့ ဥပဒေတခု အမြန်လိုအပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။ ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ် စီမံကိန်းထဲမှာ 3M အာဟာရဆေးဝါးကုမ္ပဏီက ဇီဝလောင်စာနဲ့ သဘာဝဆေးဘက်ဝင် လျှော်ပင် စိုက်ပျိုးထုတ်လုပ်ဖို့ တိုင်းအစိုးရက ခွင့်ပြုထားခဲ့ပြီး လျှော်ပင် ဧက ၂၀ စိုက်ပျိုးထားခဲ့တာ ဖြစ်ပါတယ်။
2 years Ago

May 21, 2019

မန္တလေးတိုင်းရဲတပ်ဖွဲ့ မိုင်းရှင်းသင်တန်းတွင် မတော်တဆ မိုင်းပေါက်ကွဲ၊ ၁၁ ဦး ဒဏ်ရာရ

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးတိုင်းရဲတပ်ဖွဲ့မှူး ရုံးဝင်းထဲမှာ မိုင်းရှာဖွေ ရှင်းလင်းတဲ့ ဆင့်ပွားသင်တန်း လုပ်နေတုန်း ဒီနေ့ မေလ ၂၁ ရက် မနက်က မတော်တဆ မိုင်းပေါက်ကွဲလို့ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာ ရသွားပါတယ်။ ဒီမနက် ၉ နာရီကျော်က သင်တန်းဆောင်ရှေ့ လေ့ကျင့်ရေးကွင်းမှာ ရဲတပ်ဖွဲ့ဝင် သင်တန်းသား အယောက် ၅၀ ကို သင်ခန်းစာ လက်တွေ့သရုပ်ပြ သင်ကြားနေတုန်း ရဲတပ်ဖွဲ့ဝင်တယောက်က ပလတ်စတစ် နင်းမိုင်းပေါ်ကို မတော်တဆ တက်နင်းမိရာကနေ ပေါက်ကွဲတာလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပလတ်စတစ်နင်းမိုင်းကို တက်နင်းမိတဲ့ ရဲတပ်ဖွဲ့ဝင်တယောက် ခြေချင်းဝတ် ပြတ်သွားတယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။ ဒီပေါက်ကွဲမှုမှာ သင်တန်းဆရာနဲ့ သင်တန်းသား ဒဏ်ရာရရှိသူ ၁၁ ယောက်ရှိတယ်လို့ ဒီဗွီဘီက စုံစမ်းသိရပြီး ဒဏ်ရာရသူတွေကို မန္တလေးဆေးရုံကြီးမှာ ပို့ဆောင် ကုသပေးနေပါတယ်။ ပလတ်စတစ် M14 မိုင်း သရုပ်ပြရာမှာ မိုင်းအတုနဲ့ သရုပ်ပြဖို့ ထုတ်ယူလာခဲ့ပေမယ့် မိုင်းအစစ်ဖြစ်နေပြီး တက်နင်းမိစဉ်မှာ ပေါက်ကွဲခဲ့တာပါ။ မေလ ၁၃ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ မိုင်းရှာဖွေရှင်းလင်းခြင်း (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၁၉) ကို သင်တန်းပို့ချပေးနေတာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ- ကျော်ဇေဝင်း
2 years Ago
More News
Up