မန္တလေးကို ပန်းလည်းပန်ပါ… နန်းလည်းဆန်ပါစေ

April 27, 2017

မန္တလေးကို ပန်းလည်းပန်ပါ… နန်းလည်းဆန်ပါစေ

ပြီးခဲ့တဲ့ သင်္ကြန်တုန်းက မန္တလေးကျုံးတောင်ဘက်မှာ ကျင်းပပြုလုပ်မယ့် လမ်းလျောက်သင်္ကြန် အဝင်မုခ်ဦးကို စဆောက်တုန်းက တရုတ်မုခ်ဦးပုံစံ ပေါက်နေတာကို အများပြည်သူတွေက အမြင်မတော်လို့ ဝိုင်းဝန်းထောက်ပြကြတဲ့အခါ မန္တလေးမြို့တော်စည်ပင်သာယာနဲ့ တာဝန်ရှိသူတွေက မြန်မာမှုဗိသုကာ စံနှုန်းတွေနဲ့အညီ ဧပြီ ၁၂ ရက်မှာ ပြန်လည်းပြင်ဆင်ပြီးစီးခဲ့ကြပါတယ်။ သင်္ကြန်အဝင်မုခ်ဦး၊ ဘုံငါးဆင့်ပြာသာဒ်ကို မြန်မာမှု ဗိသုကာစံနှုန်းများနှင့်အညီ ပြန်လည်ပြုပြင်ပြီး ပြင်ဆင်ရေးမှာ ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်၊ ပန်းချီဆရာကြီး ဦးခင်မောင်စန်း၊ စာရေးဆရာ ဆူးငှက်တို့က ပူးပေါင်းပါဝင် အကူအညီပေးခဲ့ကြပါတယ်။ ဒီလို ပြည်သူလူထု သဘောထားအမြင်တွေကို အလေးထားတတ်တဲ့ နိုင်ငံရေးယဉ်ကျေးမှုဟာ မြန်မာနိုင်ငံရဲ့ ပြောင်းလဲတိုးတက်လာနေတဲ့ အပေါင်းလက္ခဏာရပ် တရပ်ဖြစ်တာမို့ ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း မှတ်တမ်းတင်လိုက်ပါတယ်။ ဒီဆောင်းပါးမှာ အဓိကရေးချင်တာကတော့ အပြောင်းအလဲကို ဖော်ဆောင်ကြတဲ့ အခါ ဖွံ့ဖြိုးတိုးတက်ရေးနဲ့အတူ၊ ယဉ်ကျေးမှုအမွေအနှစ်၊ သမိုင်းအထောက်အထား အမျိုးသားရေးလက္ခဏာတွေ မပျောက်ပျက်ဖို့ ထိန်းသိမ်းရေးကို ဟန်ချက်ညီညီ လုပ်ဆောင်ကြဖို့ လိုပါတယ်။ အသစ်တွေတည်ဆောက်ရင်း တန်ဖိုးရှိတဲ့ အဟောင်းတွေကို အလေးအမြတ် ထိန်းသိမ်းရမှာဖြစ်ပါတယ်။ အခုဆိုရင် စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီခေတ် ပြောင်းလဲနေရာမှာ ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်အောင် မြန်မာနိုင်ငံရဲ့ မြို့တော်ကြီးတွေ၊ အထူးသဖြင့် ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေကို နိုင်ငံတကာအဆင့် မြို့တော်အင်္ဂါရပ်တွေနဲ့ ပြည့်စုံလာအောင် စီမံကိန်းတွေကို စတင်ချမှတ်နေကြချိန် ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီလမှာ ကောက်ခံခဲ့တဲ့ သန်းခေါင်စာရင်းအရ မန္တလေးမြို့ရဲ့ လူဦးရေဟာ တသန်းနှစ်သိန်းကျော် (၁,၂၂၅,၅၅၃) ရှိနေပြီဆိုတော့ လိုအပ်တဲ့ အိုးအိမ်ရုံးဌာနအသစ်တွေ၊ လမ်းတံတားနဲ့ ပို့ဆောင်ဆက်သွယ်ရေး လိုအပ်ချက်တွေ၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အခြေခံအဆောက်အအုံသစ်တွေ မြောက်မြားစွာ တည်ဆောက်ကြရတော့မှာ ဖြစ်ပါတယ်။ သမိုင်းမှတ်တမ်းများအရ ၁၈၅၇ ခုနှစ်မှာ ကုန်းဘောင်မင်းဆက်က မင်းတုန်းမင်း တည်ဆောက်ခဲ့တဲ့ မန္တလေးမြို့ဟာ မြို့တည်သက် နှစ်ပေါင်း ၁၆၀ နီးပါး ရှိနေတဲ့အပြင် ဖြတ်သန်းခဲ့ရတဲ့ သမိုင်းခေတ်အမျိုးမျိုးရဲ့ ရှေးဟောင်းအမွေအနှစ် အထောက်အထားတွေနဲ့ ပြည့်လျှမ်းနေပါတယ်။ မန္တလေးမြို့နဲ့ အနီးဝန်းကျင်မှာ အထင်အရှား ကျန်သေးတဲ့ ပုဂံ၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ အမရပူရ၊ ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေးရစ ပါလီမန်ခေတ်တွေမှာ တည်ဆောက်ခဲ့တဲ့ ရှေးဟောင်းအဆောက်အဦတွေကို အခြေခံအားဖြင့် ၄ မျိုး ခွဲခြားနိုင်ပါတယ်။ (က) ဘာသာရေးဆိုင်ရာ ရှေးဟောင်းအဆောက်အဦတွေ (religious buildings)၊ (ခ) ပညာရေးဆိုင်ရာ ရှေးဟောင်းအဆောက်အဦတွေ (institutional buildings)၊ (ဂ) ရှေးဟောင်း လူနေအိမ်ရာ အဆောက်အဦတွေ (residential buildings)၊ (ဃ) စက်မှုလုပ်ငန်းနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ရှေးဟောင်း အဆောက်အဦတွေ (industrial and commercial buildings)၊ အဲ့ဒီအထဲက ရှေးဟောင်းအဆောက်အဦ အတော်များများဟာ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်မှု၊ ဥပဒေနဲ့ ထိရောက်စွာ အကာအကွယ်ပေးမှု မရကြတာမို့ အချိန်နဲ့အမျှ ရာသီဥတုဒဏ်၊ ဝန်းကျင်ညစ်ညမ်းမှုဒဏ်၊ စီမံကိန်းအမှားဒဏ် စတဲ့ ဒဏ်အမျိုးမျိုးအပြင် လူသားပရောဂဒဏ်တွေကြောင့် တအိအိနဲ့ နှစ်ရှည်လများ အဖျက်ဆီးခံ နေကြရပါတယ်။ အဲ့ဒါ့အပြင် ရတနာပုံ မန္တလေးမြို့တော်ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တခြားသော မြို့တော်များနဲ့ မတူကွဲပြားနေတဲ့ အောက်ပါ ထူးခြားချက်တွေလည်း သတိပြုမိဖို့ လိုပါတယ်။ "မန္တလေးမြို့ကြီးရဲ့ ထူးခြားသော ဝိသေသလက္ခဏာ ၁၂ ရပ်" ၁။ မန္တလေးမြို့ဟာ မြန်မာမင်း နောက်ဆုံးနန်းစိုက်ရာမြို့တော် ဖြစ်တာမို့ သမိုင်းဝင် နေရာဌာနတွေ အလတ်ဆတ်ဆုံးနဲ့ အပြည့်အစုံ ကျန်ရစ်တဲ့မြို့ကြီး ဖြစ်ပါတယ်။ ကျန်နေသေးတဲ့ အဲ့ဒီအမွေအနှစ်တွေကို အတိအကျ စာရင်းပြုစုရုံတင်မက … ပညာရှင်တွေ၊ ဥပဒေတွေ အသုံးပြုလို့ အစွမ်းရှိသမျှ ကာကွယ်စောင့်ရှောက်ဖို့ လိုပါတယ်။ အရင်အစိုးရလိုမျိုး ဖွံ့ဖြိုးရေးအကြောင်းပြပြီး မန္တလေးဘူတာကြီးနဲ့ မန္တလေးဈေးချိုကို ဖျက်ဆီးခဲ့သလိုမျိုး နောက်ထပ် မဆုံးရှုံးချင်တော့ပါဘူး။ ၂။ မန္တလေးမြို့ဟာ စည်မျက်နှာပြင်လို ညီညာတဲ့ မြေပြင်အထက် တည်ထားတဲ့အပြင် မျဉ်းပြိုင်မျဉ်းဖြောင့်လမ်းမတွေရှိသလို... မီးသတ်ကားတွေ မဝင်နိုင်တဲ့ လူနေရပ်ကွက် ဝင်းကြီးတွေရှိတယ်။ ၁၉၈၀ ဝန်းကျင်မှာ အဲ့ဒီလို လူနေရပ်ကွက် ဝင်းကြီးတွေကနေ မီးနှစ်ကြိမ်လောင်ပြီး မြို့လယ်ခေါင်တခုလုံးနီးနီး ပြောင်တလင်းခါစေရတာ မီးဘေး ကာကွယ်ရေး အစီအမံနဲ့ (Fire Safet Code/Act) တွေ လုံလုံလောက်လောက် ထိထိရောက်ရောက် မချမှတ် မဆောင်ရွက်ခဲ့လို့ပါ။ ၃။ မန္တလေးမြို့ဟာ ... စစ်ကိုင်းပြတ်ရွေ့ကြောကြီးရဲ့ ပခုံးထက်မှာရှိတယ်။ ၁၉၅၆ ခုနှစ်မှာ လှုပ်ခတ်သွားတဲ့ စစ်ကိုင်းငလျင်မျိုးအတွက် ကြိုတင်စီမံကာကွယ်ဖို့ လိုပါတယ်။ ၄။ မန္တလေးမြို့ဟာ မြန်မာနိုင်ငံမှာ ဆိုင်ကယ်အများဆုံးရှိတဲ့ မြို့တော်ဖြစ်တယ်။ အစီးရေ သန်းချီရှိနေတဲ့ ဆိုင်ကယ်တွေအတွက် လိုအပ်ချက်နဲ့ ပရမ်းပတာ တိုးပွားလာမှုဟာ မြို့တော်ရဲ့ မီးဘေးလုံခြုံရေးကို ခြိမ်းခြောက်နေပါတယ်။ မှိုလိုပေါက်နေတဲ့ လမ်းဘေးဓာတ်ဆီဆိုင်လေးတွေဟာ လောင်ဖို့စောင့်နေတဲ့ လောင်စာဘီလူးတွေပါပဲ။ ၅။ မန္တလေးမြို့ရဲ့ မိုင် ၅၀ အဝန်းအဝိုင်းအတွင်းမှာ ရှေးဟောင်းမြို့ကြီး ၈ မြို့ရှိတယ်။ ဒါဟာ နိုင်ငံခြားငွေပုံကြီးပေါ် ဖင်ခုထိုင်ထားသလိုပါပဲ။ စီမံတတ်ရင် မြန်မာနိုင်ငံကို ထမင်းကောင်းကောင်း ဟင်းကောင်းကောင်း စားရအောင် လုပ်နိုင်ပါတယ်။ မန္တလေးကို ဗဟိုထားလို့ ရှေးဟောင်းမြို့ကြီး ၉ မြို့ကို ချိတ်ဆက်လို့ ထမင်းအိုး တည်လို့ရပါတယ်။ ၆။ မန္တလေးမြို့ဟာ ဧရာဝတီမြစ်ကွေ့ဘေးကပ်ရက် တည်နေတယ်။ ဘီလူးကြီး ၂ ကောင်ဖြစ်တဲ့ ရေဘေးနဲ့ ရေညစ်ညမ်းမှု ဘေးတွေကို ကာကွယ်နိုင်ဖို့ တာရိုးခိုင်ခံ့မှု၊ ရေစီးဆင်းနိုင်မှု၊ ရေဆိုးစွန့်ထုတ်မှုတွေကို စနစ်တကျလုပ်ဖို့ လိုပါတယ်။ မန္တလေး မသန့်ရှင်းရင် မိခင်ဧရာဝတီလည်း ညစ်ထေးနိုင်ပါတယ်။ ၇။ မန္တလေးဟာ မဟာအင်အားကြီးနိုင်ငံကြီးတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယကို ပေါင်းကူးတဲ့ လမ်းအလယ်တည့်တည့် မြန်မာပြည်မြေပုံရဲ့ အသည်းနှလုံးနေရာမှာ ရှိတယ်။ တနည်းအားဖြင့် ပြောရရင် အရှေ့အာရှနဲ့ တောင်အာရှအပြင် အရှေ့အလယ်ပိုင်းကနေ အာဖရိကအထိ ဆက်သွယ်ပေါင်းကူးပေးရာ ဗဟိုစခန်းထောက်၊ ပင်မဒေါက်တိုင်နေရာမှာ မဟာဗျူဟာကျကျ တည်ရှိနေမှု၊ ပထဝီဝင်နိုင်ငံရေးအရ အရေးပါမှုတရပ်ပါပဲ။ ပျူရွာကြီး ၁၉ ရွာနဲ့ စတည်ခဲ့တဲ့ ပုဂံအင်ပါယာကြီး လျှမ်းလျှမ်းတောက် စည်ပင်ဝပြောခဲ့တာဟာ ဒီပိုးလမ်းမကြီးရဲ့ လမ်းဆုံလမ်းခွမှာ မဟာဗျူဟာမြောက် တည်ရှိနေမှုကို အမြော်အမြင်ရှိတဲ့ အနော်ရထာရဲ့ ခေါင်းဆောင်ကောင်း အရည်အသွေး ပေါင်းစပ်သွားမိလို့ပါပဲ။ ၈။ မန္တလေးမြို့ဟာ ထူးခြားတဲ့ စီးပွားရေးလက္ခဏာ ဆောင်တယ်။ ကျောက်စိမ်းပွဲစား၊ ပတ္တမြားပွဲစား၊ စိန်ပွဲစား၊ နယ်စပ်ကုန်သည်၊ ဘိန်းကုန်သည်တွေစုရာ ပွဲစားမြို့တော် ဖြစ်တယ်။ ဒီအနေအထားမှာ နည်းပညာ၊ အပေါ်ထပ် အဆောက်အအုံ infrastructure တွေ၊ အစိုးရ ပံ့ပိုးမှုတွေနဲ့ အနာဂတ်မှာ မန္တလေးကို ကမ္ဘာ့ရဲ့ (Jewellary Hub/ Platform) ရတနာကုန်သည်များစုဝေးရာ ဗဟိုဌာန/လျှောက်လမ်းကြီး ဖြစ်လာအောင် တည်ဆောက်လို့ ရနိုင်ပါတယ်။ ၉။ မန္တလေးမြို့ဟာ ပန်းဆယ်မျိုး အပါအဝင် မြန်မာ့ယဉ်ကျေးမှု မြို့တော်ကြီး ဖြစ်ပါတယ်။ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှု အဆင့်အတန်းကို ဖော်ညွှန်းနိုင်တဲ့ လက်မှု အနုပညာရပ်တွေ အပြည့်အစုံထွန်းကားခဲ့၊ ထွန်းကားဆဲ ရှိနေတာကို မတိမ်ကောအောင်၊ ကမ္ဘာကို မြန်မာ့လက်မှုပညာတွေ ဒီထက်ပိုပြသနိုင်ဖို့ လက်ဆင့်ကမ်းမြှောက်စား မြှင့်တင်ကြဖို့ လိုပါတယ်။ ၁၀။ မန္တလေးမြို့ဟာ သဘင်ပညာ၊ ရုပ်သေးပညာ၊ အငြိမ့်၊ ဇာတ်သဘင်၊ မြန်မာ့ တူရိယာပညာရပ်တွေ အထွန်းကားဆုံးမြို့တော်ကြီး ဖြစ်ပါတယ်။ အဆင့်အတန်းမြင့်လှတဲ့ မြန်မာအကပညာ၊ ရုပ်သေးကြိုးဆွဲပညာတွေ၊ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် စတဲ့ ပြည့်စုံလှပတဲ့ တူရိယာ တီးမှုတ်ကခုန်ခြင်း အနုသုခုမပညာရပ်တွေကို ကမ္ဘာသိအောင် ဒီထက် ပိုမြှင့်တင် ထိန်းသိမ်းနိုင်ပါတယ်။ ၁၁။ မန္တလေးမြို့ဟာ မြန်မာအစားအစာ၊ အိန္ဒိယအစားအစာ၊ တရုတ်အစားအစာ၊ တိုင်းရင်းသားအစားအစာ၊ ကပြားအစားအစာ (Hybrid foods)၊ အနောက်တိုင်း အစားအစာတွေ စုံလင်ထွန်းကားတဲ့ ရသာစုံ စားပွဲရုံကြီးနဲ့ တူလှပါတယ်။ ရွေးချယ်စရာတွေ ပေါများပြီး ပြည်တွင်း ပြည်ပ နိုင်ငံခြားခရီးသွားတွေအတွက် အလွန်အဆင်ပြေလှတာမို့ ဒီထက် ကောင်းမွန်အဆင့်မြင့်လာအောင် အားပေးဆောင်ရွက်ဖို့ လိုပါတယ်။ ၁၂။ မန္တလေးမြို့ဟာ မြန်မာနိုင်ငံမှာ သံဃာတော်အများဆုံး သီတင်းသုံးရာနေရာ သာသနာမြို့တော်ကြီး ဖြစ်ပါတယ်။ ဒါကြောင့် အမျိုး၊ ဘာသာ၊ သာသနာကို တကယ်ပဲ မြတ်နိုးအလေးထားကြတယ်ဆိုရင်... ဘုရားရှင် အဆုံးအမ အနှစ်သာရ ဓမ္မတရားတွေ တည်တံ့ဖို့ ပရိယတ္တိသာသနာ၊ ပရိပတ္တိသာသနာတွေ ထွန်းကားလာအောင် မန္တလေးနဲ့ သံဃာထုအားကို အခြေထားလို့ ကမ္ဘာ့ဗုဒ္ဓဗဟိုဌာနကြီး ဖြစ်လာအောင် သာသနာပြုနိုင်ပါတယ်။ ဒါကြောင့်... မန္တလေးကို နိုင်ငံတကာအဆင့်မီ မြို့တော်ကြီး တည်မယ်ဆိုရင် အဲဒီအချက်တွေကို အလေးအနက် ထည့်သွင်းစဉ်းစားပြီး ယဉ်ကျေးမှု အမွေအနှစ်တွေ၊ အမျိုးသားရေးလက္ခဏာတွေ၊ သမိုင်းဆိုင်ရာ အထောက်အထားတွေကို မထိခိုက်စေဘဲ ထိန်းသိမ်းဖြည့်စွက် တည်ဆောက်ရမှာကို မမေ့မလျော့စေဖို့ တိုက်တွန်းရေးသားခြင်း ဖြစ်ပါတယ်။ ရောမမြို့ကြီးကို တနေ့တည်းနဲ့ အပြီးတည်ခဲ့တာ မဟုတ်ပေမယ့် အနာဂတ်ကို တွေးကြည့်နိုင်တဲ့ အမြင်ရယ်၊ အသိပညာ၊ အတတ်ပညာ၊ စေတနာ၊ အတွေ့အကြုံတွေ၊ ထက်မြက်တဲ့ခေါင်းဆောင်မှု၊ သမိုင်းနောက်ခံ၊ ရာသီဥတု၊ ပထဝီဝင်နိုင်ငံရေး၊ လူနေမှုစနစ်နဲ့ ခေတ်ပြိုင်လိုအပ်ချက် စတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီးမှ စနစ်တကျ တည်ဆောက်ခဲ့ကြတာ မဟုတ်လား။ ဒါကြောင့် မန္တလေးမြို့ကြီးဟာ မြန်မာနိုင်ငံနဲ့ တိုင်းရင်းသားလူမျိုးအားလုံးကို အိမ်နီးချင်းနိုင်ငံတွေ ခန့်ညားလေးစားရတဲ့၊ အစွမ်းအစမသေးတဲ့ နိုင်ငံနဲ့ လူမျိုးတွေ ဖြစ်တယ်ဆိုတာ သက်သေပြခဲ့တဲ့ မြန်မာ့ဦးစွန်းတလူလူ ထူလွှင့်နိုင်ခဲ့တဲ့အရပ် ဖြစ်သလို မြန်မာစာပေ၊ မြန်မာယဉ်ကျေးမှု အနုသုခုမပညာရပ်တွေ ရွှန်းမြထွန်းပခဲ့ရုံမက သာသနာရောင်ဝါ ဖြာကျတောက်ပခဲ့တဲ့ အရပ်မို့ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ သမိုင်း အထောက်အထားတွေ၊ အမျိုးသားရေး လက္ခဏာရပ်တွေကို အလေးအမြတ်ပြု ဂုဏ်ယူ ထိန်းသိမ်းရင်း မြို့ပြဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ မင်းကောင်းချစ် ဧပြီလ ၂၄ ရက် ၂၀၁၇ ခုနှစ်
4 years Ago
Up