မှုခင်းသတင်းထောက်အဖွဲ့၏ တိုင်ကြားချက်အပေါ် မီဒီယာဥပဒေနှင့်အညီ ရင်ဆိုင်မည်

May 22, 2018

မှုခင်းသတင်းထောက်အဖွဲ့၏ တိုင်ကြားချက်အပေါ် မီဒီယာဥပဒေနှင့်အညီ ရင်ဆိုင်မည်

  မှုခင်းသတင်းထောက်အသင်းရဲ့ တိုင်ကြားချက်ကို မီဒီယာဥပဒေနဲ့အညီ ပြန်လည်ရင်ဆိုင်မယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးဇေယျာလှိုင်က ပြောပါတယ်။ မှုခင်းသတင်းထောက်၊ အထူးသတင်းထောက်တွေဟာ သတင်းထောက်အမည်ခံပြီး သတင်းမီဒီယာလုပ်ငန်းမလုပ်ဘဲ ခြိမ်းခြောက်တာတွေ၊ ငွေကြေးတောင်းခံတာတွေကို စိစစ်အရေးယူပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို စာပေးပို့ထားတယ်လို့  ဦးဇေယျာလှိုင်က စံတော်ချိန်သတင်းစာမှာ ပြောထားတာပါ။ ဦးဇေယျာလှိုင်ရဲ့ စံတော်ချိန်သတင်းစာပါ ပြောကြားချက်တွေဟာ မှုခင်း သတင်းထောက်အသင်း (MCRA)ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာကြောင့် ဦးဇေယျာလှိုင်ကို အရေးယူပေးဖို့ သတင်းမီဒီယာကောင်စီနဲ့ ပြည်ထဲရေးဌာနကို စာပို့တိုင်တန်း ထားတယ်လို့ မှုခင်းသတင်းထောက် အသင်းကိုယ်စားပြု ရှုထောင့် မှုခင်းနှင့် သတင်းဂျာနယ် ဦးသက်နိုင်ဦးက ပြောပါတယ်။ “ကျနော်တို့အသင်းရဲ့ ဆုံးဖြတ်ချက်အရ မေလ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနကို တရားဝင် စာပို့ တိုင်ကြားသွားမှာပါ။ သူရဲ့ ပြောကြားချက်တွေထဲပါတဲ့ ကျနော့်သတင်းက လူတွေဟာ ခြိမ်းခြောက်တယ်။ ငွေကြေး တောင်းခံတယ်။ ဒါ့ကြောင့် မီဒီယာဥပဒေနဲ့မညီဘူး ဆိုတာ မှန်ပါတယ်။ ကျနော်တို့အသင်းမှာ ဒါမျိုးလူတွေ ရှိပါတယ်။ ဒါပေမယ့် အားလုံးတော့ မဟုတ်ပါဘူး။ နေရာအသီးသီးမှာတော့ စုန်းပြူးတွေ ရှိမှာပါ။ လူနည်းစု လုပ်ရပ်နဲ့ အားလုံးကို ပြောလို့တော့ မရဘူးလေ။ ကျနော်တို့က ဥပဒေနဲ့အညီ လုပ်တာပါ။ တရားဝင် အသင်းအဖွဲ့မှတ်ပုံတင်လည်း တင်ထားပါတယ်။ အခြေခံဥပဒေပုဒ်မ ၂၁ မှာ နိုင်ငံသားတိုင်းဟာ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးမှာ ပူးပေါင်းပါဝင်ရမယ်လို့ပါပြီးသား ဒါ့ကြောင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇ၀တ်မှုတွေမဖြစ်အောင် သက်ဆိုင်ရာကို ကြိုတင် သတင်းပေးရတယ်။ တနည်းအားဖြင့် ရဲအင်ဖော်မာပေါ့၊ ရဲတပ်ဖွဲ့ရဲ့ အရန်အင်အားပေါ့။” မြို့နယ်အသီးသီးမှာ မှုခင်းသတင်းထောက်အသင်းအဖွဲ့ဝင်တွေရဲ့ ခြိမ်းခြောက်ငွေကြေး တောင်းခံမှုတွေ၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ကားကို တားပြီးစစ်ဆေးမေးမြန်းတာတွေ အပါအ၀င် ပြည်သူလူထုကို ၀င်ရောက်ဖမ်းဆီးတဲ့ တိုင်ကြားချက်တွေလည်း  သတင်း မီဒီယာကောင်စီက ရရှိထားပါတယ်။ မီဒီယာဥပဒေပုဒ်မ(၂၁)(၁)အရ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေသူတွေဟာ ရဲတပ်ဖွဲ့ အခြားအာဏာပိုင်အဖွဲ့အစည်းတစ်ခုခုရဲ့ သတင်းပေးမဖြစ်ရဘူးလို့ ပါရှိပါတယ်။ မြန်မာနိုင်ငံမှာ မှုခင်းသတင်းထောက် အသင်းဝင်ပေါင်း ၅၀၀၀ ကျော်လောက်ရှိနေတယ်လို့ သိရပါတယ်။
4 years Ago
Up