မှုခင်းသတင်းထောက်

March 16, 2018

ဧရာဝတီတိုင်းဝန်ကြီးချုပ် လက်မှတ်အတုဖြင့် ငွေလိမ်ခဲ့သည့် မှုခင်းသတင်းထောက်ကို ဖမ်းဆီး

ပုသိမ်မြို့မှာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် လတ်မှတ်အတုပါတဲ့ စာရွက်ပြပြီး တိုင်းရင်းသားတွေအတွက် မြေကွက်တွေ ချထားပေးမယ်ဆိုပြီး ငွေကျပ် ၂၅ သိန်း လိမ်လည်ခဲ့တဲ့ မှုခင်းသတင်းထောက်တဦးကို မတ် ၁၅ ရက်နေ့ညပိုင်းက ဖမ်းဆီးလိုက်ပါတယ်။ မှုခင်းသတင်းထောက် ဦးစိန်ထွန်း(ခ)စိန်ထွန်းချေဟာ ရခိုင်တိုင်းရင်းသား မိသားစုတစုကို ပုသိမ် ကြိုးတံတားနားက မြေကွက်လပ်တွေကို ပြပြီး နေစရာအိမ်မရှိဘဲ ငှားရမ်းနေထိုင်နေရတဲ့ တိုင်းရင်းသားတွေကို ပေ ၅၀ × ၆၀ ချထားပေးဖို့ စီစဉ်ထားတယ်လို့ ဝန်ကြီးချုပ် ဦးလှမိုးအောင် လက်မှတ်အတု ရေးထိုးထားတဲ့ စာရွက်ပြပြီး အကြိမ်ကြိမ် ငွေတောင်းခံခဲ့လို့ နောက်ဆုံးမှာ မသင်္ကာဖြစ်ပြီး အလိမ်ခံရတဲ့ မိသားစုကိုယ်တိုင် ရဲစခန်းမှာ အမှုဖွင့်ခဲ့တာကြောင့် ဖမ်းဆီးခဲ့တာလို့ ပုသိမ်မြို့မရဲစခန်းကနေ သိရပါတယ်။ ပုသိမ်မြို့မရဲစခန်းမှ ရဲအုပ်မြင့်ထွန်းနိုင်က “မှုခင်းသတင်းထောက်ကတ်ပါ ဖမ်းမိပါတယ်။ ဝန်ကြီးချုပ် လက်မှတ်ပါတဲ့ စာရွက်မှာလည်း သူ့လက်မှတ်ပါတယ်။ အဲဒီမှာလည်း မှုခင်းသတင်းထောက်ဆိုတာ ရေးထားတယ်။ အလိမ်ခံရတဲ့ ကောင်လေးက ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ထားတော့ သူက ဆိုင်ကယ်လာပြင်တာ သုံး လေးခါ ဆိုတော့ ရခိုင်တိုင်းရင်းသား အချင်းချင်းလည်း ဖြစ်တော့ ယုံသွားတာ။ ပြီးခဲ့တဲ့တပတ်ကမှ စာရွက်လာပေးတော့ လိမ်နေတာ ဖြစ်နိုင်တယ်လို့ မသင်္ကာဖြစ်ပြီး စခန်းမှာ အမှုလာဖွင့်တာပါ”လို့  ပြောပါတယ်။ ငွေတောင်းခံမှုတွေကိုတော့ ၂၀၁၇ ဒီဇင်ဘာလကနေ စပြီး ၇ ကြိမ်တိတိ တောင်းခံခဲ့တာပါ။ တောင်းခံတိုင်းလည်း သူဟာ ဧရာဝတီတိုင်းဒေသကြီး မှုခင်းသတင်းထောက်များအသင်း တိုင်းအမှုဆောင်တယောက် ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ပုသိမ်မြို့မရဲစခန်းက သိရပါတယ်။ ဖြစ်စဉ်အရ မှုခင်းသတင်းထောက် ဦးစိန်ထွန်း(ခ)စိန်ထွန်းချေကို ပုသိမ်မြို့မရဲစခန်းက (ပ)၁၃၇/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၂၀(လိမ်လည်မှု)/၄၆၈ (လိမ်လည် လက်ရေးလက်မှတ် အတုပြုလုပ်မှု) တို့နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း - မြမင်းဦး(ပုသိမ်)
4 years Ago

June 4, 2017

မှုခင်းသတင်းထောက်ဆိုသူများကို လွှတ်တော်ကိုယ်စားလှယ်က ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်

လွှတ်တော်ကိုယ်စားလှယ်ကားကို နာမည်အလွဲသုံးစားလုပ်ပြီး တားဆီးခဲ့တဲ့ မှုခင်းရှုထောင့်သတင်းထောက်ဆိုသူတွေကို ကန့်ဘလူမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် က ပုဒ်မ ၄ ခုနဲ့  ဇွန်လ ၃ ရက်နေ့က အမှုဖွင့်လိုက်ပါတယ်။ ဇွန် ၃ ရက်နေ့ ညနေပိုင်းက ကန့်ဘလူမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်သူဟန်ထွန်းနှင့် မြို့နယ်အလုပ်အမှုဆောင် ဦးခင်မောင်ဌေးတို့က ကန့်ဘလူမြို့ကနေ လွှတ်တော်အတွေ့အကြုံရှင်းလင်းပြီး နေရပ်ဇီးကုန်းမြို့ကို ကားနဲ့ ပြန်လာရာ ဘိုတဲကုန်းရွာနှင့် မင်းကုန်းရွာအကြားမှာ ဆိုင်ကယ်နဲ့လိုက်လာတဲ့ မှုခင်းရှုထောင့် သတင်းထောက်ဆိုသူတွေက တားဆီးခဲ့တာပါ။ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်သူဟန်ထွန်းက "ကျနော်တို့ နောက်က ဆိုင်ကယ်နဲ့လိုက်လာတယ်။ ကားကိုကျော်မောင်းပြီး ကားရပ်ခိုင်းတယ်။ ဘာလို့ရပ်ခိုင်းတာလဲ မေးတော့ တိုင်းလွှတ်တော်ကိုယ်စားလှယ်အမိန့်အရ ရှာဖွေစစ်ဆေးဖို့ ဆိုပြီးပြောတယ်။ ဒါနဲ့ ကျနော်လည်း ဇီးကုန်းစခန်းမှူး ရဲအုပ်အောင်နိုင်ဦးကို ဖုန်းဆက် အကျိုးအကြောင်း ပြောပြပြီး မူးဆုံမှာ စောင့်ပေးဖို့ပြောတယ်။ ကားကိုတားတာက ဇီးကုန်းက ကိုခင်မောင်ရွှေဆိုတဲ့သူ။ သူ့နောက်က နောက်ထပ် ၃၊ ၄ ယောက်လောက် လိုက်လာတယ်။ ရဲလိုဝတ်ထားတဲ့အဖွဲ့ကို ထန်းကုန်းမူးဘောင် မောင်းတံဂိတ်နားမှာကတည်းက တွေ့ခဲ့တယ်။ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေက အဲလိုတွေလုပ်ဆောင်ဖို့ တဦးတယောက်ကိုမှ စေခိုင်းထားတာလည်း မရှိဘူး။ ခုက နာမည်အလွဲသုံးစားလုပ်တာဖြစ်တယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကားကို နာမည်အလွဲသုံးစားလုပ်ပြီး တားဆီးခဲ့တဲ့ ခင်မောင်ရွှေ (နဂါးပေါ်ရပ်၊ ဇီးကုန်းမြို့) နဲ့ မျိုးမြင့် (ရှားတောရွာ၊ ခင်ဦးမြို့နယ်) တို့ ၂ ဦးကို ဇီးကုန်းရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၄၁၊ ၁၇၀၊ ၄၁၇၊ ၁၁၄ စတဲ့ ပြည်သူလူထုစိတ်ငြိုငြင်အောင်မတရား တားဆီးပိတ်ပင်မှု၊ ရဲအယောင်ဆောင်မှု၊ နာမည်အလွဲသုံးစားလုပ်မှု စတဲ့ ပုဒ်မတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်က အမှုဖွင့်တိုင်တန်းထားပါတယ်။ "ကျနော်ကြားသိရသလောက် ကန့်ဘလူခရိုင်ထဲမှာ မှုခင်းသတင်းထောက်ဆိုသူတွေ အယောက် ၇၀ လောက်ရှိပြီ။ သူတို့ပြောတာက တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ဆိုပြီး ပြောတယ်။ လက်တွေ့မှာတော့ အဲလိုပုံစံမဟုတ်ဘဲ စိုးရိမ်စရာ အနေအထားတွေ ဖြစ်လာနေတယ်။ တရားဥပဒေစိုးမိုးရေးလုပ်ဆောင်မယ့်သူတွေက တရားဥပဒေမဲ့ ဖြစ်နေတယ်"လို့လည်း ဒေါက်တာကျော်သူဟန်ထွန်းက ဆက်ပြောပါတယ်။ ပြည်သူတွေနဲ့ မီဒီယာကြားမှာလည်း မှုခင်းသတင်းထောက်ဆိုသူတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။
4 years Ago
Up