မှောင်ခို

October 18, 2020

ပါကစ္စတန်တွင် မှောင်ခိုကူးခံရသည့် သိမ်းငှက် ၇၄ ကောင် သိမ်းဆည်းရမိ

ပါကစ္စတန်နိုင်ငံတောင်ပိုင်းက ကရာချိဆိပ်ကမ်းမြို့ လူနေရပ်ကွက်တခုကို အာဏာပိုင်တွေ က ဝင်ရောက် စီးနင်းအပြီး မျိုးတုံးမယ့်အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ မှောင်ခိုကုန်ကူးခံထားရတဲ့ သိမ်းငှက် ၇၄ ကောင်ကို  သိမ်းဆည်းခဲ့ပါတယ်။  ဒီငှက်တွေကို အာဖဂန်နစ္စတန်ကနေ မှောင်ခိုသွင်းလာတာဖြစ်ပြီး အာရပ်နိုင်ငံတွေဆီ ပို့ဖို့ စီစဉ်ထားခဲ့တာလို့ အကောက်ခွန်ဌာန အရာရှိ မိုဟာမဒ် ဆာကစ်ဖ်ှက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  ပါကစ္စတန်အကောက်ခွန်ဌာန မှောင်ခိုတိုက်ဖျက်ရေးအဖွဲ့ဟာ အောက်တိုဘာ ၁၄ နဲ့ ၁၅ရက် ညတွေမှာ လုပ်တဲ့ ရှာဖွေစီးနင်းမှုဆိုင်ရာ စစ်ဆင်ရေး ၂ ရပ်ကို အောင်အောင်မြင်မြင် ဆောင်ရွက် နိုင်ခဲ့ပြီး ငှက်တွေ အများအပြား ပြန်ရခဲ့တယ်လို့ ဆိုပါတယ်။  သိမ်းငှက် ၇၄ ကောင်ရဲ့ ခန့်မှန်း ကာလတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းတန်တယ်လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။ ဒီသိမ်းငှက်တွေကို မျိုးတုံးတော့မယ့် မျိုးစိတ်များ တရားမဝင် ကုန်ကူးမှု တိုက်ဖျက်ရေး နိုင်ငံတကာ သဘောတူညီချက်အောက်မှာ စာရင်းဝင်တဲ့ မျိုးစိတ်လို့လည်း အကောက်ခွန်ဌာနက ထုတ်ပြန်တဲ့ကြေညာချက်က ဆိုပါတယ်။  ဒီအမှုနဲ့ ပတ်သက်ပြီး တရားဥပဒေအရ စီရင်မှုပြီးစီးရင် ဒီငှက်တွေကို သဘာဝ စားကျက်မြေမှာ ပြန်လွှတ်ပေးဖို့ အကောက်ခွန် အရာရှိတွေက စီစဉ်ထားပါတယ်။ 
1 year Ago

March 9, 2020

ကိုလံဘီယာလေဆိပ်တွင် မှောင်ခိုသွင်းလာသည့် လိပ်များ ဖမ်းမိ

ကိုလံဘီယာ အာဏာပိုင်တွေဟာ နိုင်ငံတွင်း တိရစ္ဆာန် မှောင်ခိုကွန်ရက်ကို မတ် ၈ ရက်က ဖြိုခွင်းပြီး ထောင်နဲ့ချီတဲ့ မာတာမာတာလိပ်တွေကို ကယ်တင်လိုက်ပါတယ်။ အမေဇိုးနပ်စ်လေဆိပ်မှာ ပုံမှန်စစ်ဆေးမှုအတွင်း အနံ့ခံခွေးတကောင်က လိပ်တွေကို တွေ့ခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။ အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေဆီ မှောင်ခိုသွင်းဖို့ ကြိုးစားခံရတဲ့ လိပ်တွေလို့ အာဏာပိုင်တွေက ပြောပါတယ်။ သိမ်းဆည်းရမိတဲ့လိပ်တွေရဲ့ မှောင်ခိုဈေးကွက်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂ သိန်းခွဲလောက် ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ လိပ်သားပေါက်လေးတွေကို ရေမပါဘဲ အိတ်ထဲမှာ စုပုံထည့်ထားတဲ့အတွက် လိပ်သားပေါက် အများအပြားဟာ အခြေအနေဆိုးနေပြီး အကောင် ၁၅၀ လောက်ကတော့ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ မာတာမာတာလိပ်တွေဟာ လက်တင် အမေရိက မျိုးရင်းပါ။ တြိဂံပုံခေါင်း ဆူးချွန်ပါတဲ့ အကြေးခွံတွေနဲ့ ထူးခြားတဲ့ ကိုယ်ယောင်ဖျောက်နိုင်စွမ်းတို့ကြောင့် တိရစ္ဆာန်မှောင်ခိုသမားတွေ အကြိုက်ဖြစ်ပါတယ်။
2 years Ago
Up