မှတ်တမ်းရုပ်ရှင်ပြသ

October 3, 2020

အသတ်ခံရသည့် သတင်းထောက် ဂျမေးခါရှော့ဂ်ဂီ၏ ဘ၀ဇာတ်ကြောင်း မှတ်တမ်းရုပ်ရှင်ပြသ

အသတ်ခံရတဲ့  ဝါရှင်တန်ပို့စ်သတင်းထောက် ဂျမေးခါရှော့ဂ်ဂီ ဘ၀ဇာတ်ကြောင်း မှတ်တမ်း ရုပ်ရှင်ကို သူ သေဆုံးတဲ့ ဒုတိယနှစ်ပတ်လည်နေ့ အောက်တိုဘာ ၂ ရက်က ဇူးရစ်ရုပ်ရှင်ပွဲတော်မှာ ပွဲဦး ထွက်ပြသခဲ့ပါတယ်။   'The Dissident'  ဆိုတဲ့ မှတ်တမ်းရုပ်ရှင်က ပေးလိုတဲ့ သတင်းစကားဟာ ခါရှော့ဂ်ဂီ သေဆုံးမှုနဲ့ပတ်သက်လို့  အမှန်တရား ရှာဖွေဖို့ဖြစ်ပြီး  အမှန်တရားကို  ဆက်ရှာဖွေသွားမယ်လို့  ခါရှော့ဂ်ဂီရဲ့ ချစ်သူဟောင်း  ဟာတီဂျီစန်းဂျစ်က ပြောဆိုခဲ့ပါတယ်။  ၂၀၁၈  အောက်တိုဘာ ၂ ရက်ဟာ ခါရှော့ဂ်ဂီဟာ တူရကီနိုင်ငံ မြို့တော်အစ္စတန်လ်ဘူက ဆော်ဒီကောင်စစ်ဝန်ရုံးထဲ ဝင်ရောက်ပြီးနောက် ပျောက်ဆုံးသွားခဲ့တာပါ။  အဲဒီနောက် ခါရှော့ဂ်ဂီဟာ သတ်ဖြတ်ခံရပြီး သူ့အလောင်းကို အပိုင်းပိုင်းလုပ်ကာ ကောင်စစ်ဝန်ရုံးထဲကနေ လက်စဖျောက်ခဲ့တယ်လို့ သိရပါတယ်။  အခုထက်ထိ သူရဲ့ရုပ်ကြွင်းတွေကို မတွေ့ရသေးပါဘူး။  ခါရှော့ဂ်ဂီအသတ်ခံရမှုကို ကမ္ဘာနဲ့အဝှမ်း ဒေါသနဲ့ တုံ့ပြန်ခဲ့ကြပြီး   ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်ရဲ့  ဂုဏ်သိက္ခာကို အမည်းစက် စွန်းထင်စေခဲ့ပါတယ်။  ခါရှော့ဂ်ဂီရဲ့ ဘ၀ဇာတ်ကြောင်းကို ပုံဖော်တဲ့  'The Dissident'   မှတ်တမ်းရုပ်ရှင်ကို အော်စကာဆုရှင် အမေရိကန်ဒါရိုက်တာ ဘရိုင်ယန်ဖိုကယ်က ရိုက်ကူးခဲ့တာပါ။  'The Dissident မှတ်မ်းရုပ်ရှင်ကို ဖန်တီးရင်း စိတ်ထိခိုက်ရတာမို့ တခါတလေ သူနဲ့ ဟာတီဂျီ စန်းဂျစ်တို့  မျက်ရည်လည်မိတယ်လို့လည်း ဒါရိုက်တာ ဖိုကယ်က ဇူးရစ်ရုပ်ရှင်ပွဲတော်မှာ ပြောဆိုခဲ့ပါတယ်။ 
7 months Ago
Up