မွေးကင်းစကလေးငယ်

August 9, 2022

ရန်ကုန်တွင် မွေးကင်းစကလေးငယ်များအတွက် ကာကွယ်ဆေး ပြတ်လပ်

ရန်ကုန်တိုင်းမှာ ‌ခြောက်လအတွင်းမှာ မွေးကင်းစကလေးငယ် ထိုးနှံရမယ့် ကာကွယ်ဆေးတွေ ပြတ်လပ်နေတဲ့အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့  ကလေးမိခင်တွေက ပြောပါတယ်။

ကလေးငယ်တွေ မွေးစကနေ စတင်ထိုးနှံရတဲ့ တချို့သောကာကွယ်ဆေးဝါးတွေ ပြတ်လပ်နေပြီး သောက်ဆေးအမျိုးအစားတွေသာ တိုက်ကျွေးခဲ့ရတယ်လို့ ဆိုပါတယ်။

အင်းစိန်မြို့နယ်မှာနေထိုင်တဲ့ ကလေးမိခင်တဦးက “ကျမသမီးလေး လေးလပြည့်လို့ ဒေသန္တရ ဆေးခန်းမှာ ဆေးသွားထိုးတော့ တချို့ဆေးတွေ မရဘူး။ သောက်ဆေးတွေပဲ တိုက်လိုက်နိုင်တယ်။ ဆရာမတွေက ဖုန်းနံပတ်ပေးထားခဲ့ပါ၊ ဆေးရရင် ဖုန်းဆက်ပေးမယ် ပြောတယ်” လို့ ပြောပါတယ်။

မွေးစကနေ စတင်တိုက်ကျွေးရတဲ့ ကာကွယ်ဆေးတွေသာ တိုက်ကျွေးရပေမဲ့ ပိုလီယိုကာကွယ်ဆေး ထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ထိုးဆေး၊ ငါးမျိုးစပ် ကာကွယ်ဆေးတွေကတော့ ဆေးပြတ်လပ်နေပါတယ်။

အင်းစိန်မြို့နယ် ဒေသန္တရဆေးခန်းမှာ တာဝန်ကျနေတဲ့ ဆရာမတဦးက “ကျမတို့ဆီမှာ ကလေးငယ် ကာကွယ်ဆေးအတွက်ကတော့ အတော်များများရတယ်။ ထိုးဆေးတွေဖြစ်တဲ့ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်နဲ့ ငါးမျိုးစပ် ကာကွယ်ဆေးတွေကတော့ မရနိုင်သေးဘူး။ ဘယ်တော့ရမယ် ဆိုတာကတော့ အတိအကျ ပြောမရဘူး။ ကလေးမိခင်တွေဆီက ဖုန်းနံပါတ်တော့ ယူထားတယ်။ ရတဲ့အချိန် ဆေးထိုးပေးဖို့ ကျမတို့ ဖုန်းဆက်ပေးပါတယ်” လို့ ပြောပါတယ်။

မွေးကင်းစကလေးငယ်တွေမှာ ကာကွယ်ဆေးထိုးခွင့် မရတာဟာ စိုးရိမ်ဖွယ်အခြေအနေ ဖြစ်နေပြီး ကာကွယ်ဆေးနဲ့ ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါတွေ ဖြစ်လာနိုင်ချေ ရှိနေတယ်လို့ UNICEF နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပါတယ်။

UNICEF က ထုတ်ပြန်တဲ့ စာရင်းအရ ကာကွယ်ဆေးမထိုးရတဲ့ ကလေးအများဆုံးရှိ နိုင်ငံတွေထဲမှာ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ အီသီယိုးပီးယား၊ ဖိလစ်ပိုင်၊ မြန်မာနဲ့ မိုဇမ်ဘစ်နိုင်ငံတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ  စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဘက်ဘက်က ယိုယွင်းပျက်စီးလာနေပြီး စစ်တပ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီး၊ လူသတ်၊ ဖမ်းဆီးမှုတွေကြောင့်  ကျေးလက်နေ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကလေးငယ်တွေ အတွက်လည်း ကာကွယ်ဆေး ထိုးပေးတဲ့ လုပ်ငန်းတွေ မဆောင်ရွက်နိုင်ဘဲ ရှိနေကြတာပါ။ 

6 months Ago

March 21, 2022

ကရင်နီစစ်ဘေးရှောင်များ ဆေးကုသမှုမရသဖြင့် မွေးကင်းစကလေးငယ်များ သေဆုံးနေ

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ပြည်သူလူထုတွေဟာ အခြေခံကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးကုသမှု မရရှိတာကြောင့် မွေးကင်းစကလေးတွေ အသက်ဆုံးရှုံးနေပါတယ်။

စစ်ဘေးရှောင်တွေရဲ့အခြေအနေကို မျက်မြင်တွေသူတစ်ဦးက “ကျ‌မတို့ စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု မရကြဘူး။  တချို့က မီးဖွားခါနီးကျမှ ကလေးကမလှုပ်တော့တာ မီးဖွားပြီးမှ မရှင်တော့တာတွေ ရှိတယ်။ ကျမတို့ စခန်းတခုတည်းကို ၆ ယောက်ရှိတယ်” လို့ ပြောပါတယ်။

ကိုယ်ဝန်ဆောင်စဉ်ကာလနဲ့ ‌မွေးဖွားပြီးစ ကလေးသူငယ်တွေမှာလည်း ပုံမှန်ထိုးနေကျ ကာကွယ်ဆေးထိုးကိုလည်း မထိုးကြရဘူးလို့ သိရပါတယ်။

စစ်ဘေးရှောင်တဦးက "ပုံမှန်ဆို ကိုယ်ဝန်ဆောင်စဉ်ကာလနဲ့ မွေးဖွားပြီးစ ကလေးငယ်တွေကို လစဉ် အပတ်စဉ် အစိုးရကျန်းမာရေးဌာနကထိုးပေးတဲ့ ကာကွယ်ဆေးတွေ ရှိတယ်။ အဲဒီဆေးတွေကိုလည်း မထိုးကြရဘူး။ ဒါ့ကြောင့် မွေးဖွား ကလေး သေဆုံးတာတွေ ရှိနေတာ"လို့  ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်စပ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ခုခံကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေတာ ၉ လနီးပါး ကြာမြင့်နေပြီဖြစ်ပြီး တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုဟာ သောင်းနဲ့ချီရှိနေပါတယ်။ 

အခုလို စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့အတွက် ဆေးဝါးဝယ်ယူရာမှာလည်း စစ်တပ်က ဖမ်းဆီးသိမ်းဆည်း ကန့်သတ်တာတွေ ရှိနေတာကြောင့်လည်း အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရတဲ့သူတွေ ရှိနေပါတယ်။

စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ သူနာပြုတစ်ဦးက “စစ်ရှောင်ပြည်သူတွေကို ဆေးကုပေးဖို့ လိုအပ်တဲ့ဆေးဝါးတွေ ဝယ်ယူဖို့က မလွယ်ဘူး။ လမ်းကြောင်းအားလုံးကို စစ်တပ်က ထိန်းချုပ်ထားပြီး ဖမ်းဆီးသိမ်းဆည်းတာတွေ ရှိတယ်။ ဒါ့ကြောင့် ဖျားနာတဲ့လူနာတွေနဲ့ နာတာရှည်လူနာတွေဟာ ဆေးဝါးမရရှိကြလို့ သေဆုံးတာတွေ ရှိတယ်" လို့ ဆိုပါတယ်။ 

ရှမ်း-ကယား နယ်စပ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေက သာမန်အရပ်သားပြည်သူတွေကို  ဘယ်အဖွဲ့အစည်းကမှ ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမပေးနိုင်တာကြောင့် ပြည်သူလူထုတွေ အသက်ဆုံးရှုံး နစ်နာမှုတွေနဲ့ ကြုံတွေ့နေကြရပါတယ်။

11 months Ago
Up