မှားယွင်းကြေညာပြီးမှ ၂၀၁၅ မယ်စကြ၀ဠာအဖြစ် ဖိလစ်ပိုင်မယ် ရရှိ

December 21, 2015

မှားယွင်းကြေညာပြီးမှ ၂၀၁၅ မယ်စကြ၀ဠာအဖြစ် ဖိလစ်ပိုင်မယ် ရရှိ (ရုပ်သံ)

ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၂၀၁၅ ခုနှစ် မယ်စကြ၀ဠာပြိုင်ပွဲမှာ အသက် ၂၆ နှစ်အရွယ် ရုပ်ရှင်မင်းသမီးနဲ့ မော်ဒယ် ဖိလစ်ပိုင် အလှမယ်က သရဖူ ရရှိသွားပါတယ်။ အစီအစဉ်တင်ဆက်သူ စတိဗ်ဟာဗေးက မယ်ဘွဲ့ရရှိသူကို မှားယွင်းကြေညာခဲ့ပြီးမှ ပြန်လည်တောင်းပန်ခဲ့ရတယ်လို့ တီဗွီလိုင်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ တကမ္ဘာလုံးက စောင့်ကြည့်နေပြီး တိုက်ရိုက်ထုတ်လွှင့်ပြသတဲ့ ပြိုင်ပွဲမှာ အခုလိုမျိုး အငြင်းပွားဖွယ်ရာဖြစ်တာ ပထမဆုံးလည်း ဖြစ်ပါတယ်။ စတိဗ်ဟာဗေးဟာ ဒုတိယနေရာရရှိသူ ကိုလံဘီယာမယ် အရီယက်ဒ်နာ ဂတ်တီယာရက်ဇ်ကို ၂၀၁၅ ခုနှစ် မယ်စကြ၀ဠာဘွဲ့ရရှိသူအဖြစ် မှားယွင်းကြေညာခဲ့ပြီးမှ ပြန်လည်တောင်းပန်ခဲ့ရတာပါ။ သူဟာ စတိတ်စင်ပေါ်ကို ပြန်လည်တက်လာခဲ့ပြီးနောက်မှာ “ကျနော် တောင်းပန်စရာ ရှိပါတယ်။ ဒုတိယနေရာရရှိသွားသူက ကိုလံဘီယာမယ် ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါဟာ ဖိလစ်ပိုင်မယ် ပီယာဝါ့ဇ်ဘက်ခ်ျက ဒီနှစ်အတွက် မယ်စကြ၀ဠာဘွဲ့ရရှိသူ ဖြစ်တယ်လို့ ပြောလိုက်တာပါပဲ။ စူးစူးဝါးဝါး ကျယ်ကျယ်လောင်လောင် အော်ဟစ်နေကြတဲ့ ပရိသတ်တွေကို ဟာဗေးက “ဒီအတွက် ကျနော်တာဝန်ယူရမှာပါ။ ဒါဟာ ကျနော့်အမှားပါ။ ကျနော် ခင်ဗျားတို့ကို (မယ်စကြ၀ဠာဘွဲ့ရရှိကြောင်း အတည်ပြုထားတဲ့ကတ်) အခုပြနိုင်ပါတယ်” လို့ ပြောခဲ့တာပါ။ သူက “ဒီညဟာ ကြီးကျယ်ခမ်းနားတဲ့ ညတညပါပဲ။ မယ်တွေနဲ့ပတ်သက်ပြီး ဆန့်ကျင်အငြင်းပွားတာတွေ မလုပ်ကြပါနဲ့တော့” လို့ ပြောခဲ့ပြီး ၂၀၁၄ ခုနှစ် မယ်စကြ၀ဠာ ပေါ်လီနာဗီဂါက မယ်စကြ၀ဠာသရဖူကို ကိုလံဘီယာမယ်ထံက ဖိလစ်ပိုင်မယ်ဆီကို လွှဲပြောင်းဆောင်းပေးခဲ့ပါတယ်။ ဒီနှစ် သရဖူရသွားတဲ့ ဖိလစ်ပိုင်မယ်ဟာ ဂျာမန်ကပြားတဦးဖြစ်ပြီး မယ်စကြ၀ဠာ ဖြစ်ချင်ရတဲ့ အကြောင်းကို ဖြေကြားစဉ်က လူငယ်တွေရဲ့အသံကို အများသိဖို့နဲ့ အိတ်ခ်ျအိုင်ဗွီ ပညာပေး ကိစ္စလိုမျိုး ဖိလစ်ပိုင်အတွက်လည်း လိုအပ်နေတဲ့ ကိစ္စတွေကို ဦးစားပေး ဆောင်ရွက်ချင်တယ်လို့ ဖြေကြားခဲ့ပါတယ်။
7 years Ago
Up