မွမ်ဘိုင်းမြို့

October 13, 2020

မွမ်ဘိုင်းမြို့တွင် မဟာဓာတ်အားလိုင်း ချို့ယွင်းမှုကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်

အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ မဟာဓာတ်အားလိုင်း ချို့ယွင်းမှုကြောင့် အောက်တိုဘာ ၁၂ ရက်က လျှပ်စစ်ဓာတ်အား အကြီးအကျယ် ပြတ်တောက်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ လူဦးရေ သန်း ၂၀ ရှိတဲ့ မြို့ထဲမှာ ရထားလမ်းစနစ်လည်း အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အားလိုင်း ချို့ယွင်းချက်ကြောင့် မွမ်ဘိုင်းမြို့ပေါ်အနှံ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တယ်လို့ ဘရီဟန်မွမ်ဘိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပို့ဆောင်ရေး အေဂျင်စီ (BEST) က တွစ်တာလူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။ မွမ်ဘိုင်းမြို့က မီးရထားစနစ်မှာ တရက်ကို ခရီးသည် ၇ သန်းကျော် သယ်ယူပို့ဆောင် ပေးနေတာပါ။ ဒါပေမဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ဝန်ဆောင်မှု လျှော့ချထားတဲ့အပြင် ခရီးသည်တွေကလည်း ခါတိုင်းထက် အလွန်အမင်း လျော့နည်းနေပါတယ်။ အိန္ဒိယရဲ့ အဓိက စတော့အိတ်ချိန်း နှစ်ခုဖြစ်တဲ့ နေရှင်နယ် စတော့အိတ်ချိန်းနဲ့ BSE ရယ်၊ နိုင်ငံတကာလေဆိပ်ရယ်ကတော့ ပုံမှန်အတိုင်း လုပ်ငန်းလည်ပတ်နေပါတယ်။ မဟာဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းခွင်မှာ နည်းပညာပြဿနာကြောင့် ချို့ယွင်းတာလို့ မွမ်ဘိုင်းမြို့ ရှိရာ မဟာရတ်ရှ်ထရာပြည်နယ် စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။ လက်ရှိမှာတော့ မြို့တွင်းနေရာ အတော်များများမှာ လျှပ်စစ်မီး ပြန်ရနေပြီဖြစ်ပြီး ရထားခရီးစဉ်တွေလည်း ပြန်စနေပြီလို့ မျက်မြင်သက်သေတွေနဲ့ အစိုးရပိုင် ရထားဌာနက ပြောပါတယ်။
1 year Ago

April 21, 2020

COVID-19 စစ်မြေပြင် ဖြစ်လာနေသည့် မွမ်ဘိုင်းမြို့

အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့လယ်က ဒါရာဝီ ဆင်းရဲသားရပ်ကွက်ဟာ COVID-19 စစ်မြေပြင်သဖွယ် ဖြစ်လာနေပါတယ်။ လူထူပြီး တကိုယ်ရေသန့်ရှင်းမှုအားနည်းတဲ့ ရပ်ကွက်ထဲမှာ ဗိုင်းရပ်စ်ကူးစက်မှု ရပ်တန့်ရေး ကျန်းမာရေးလုပ်သားတွေက မနေမနား ကြိုးစားနေတာပါ။ ဈေးထဲက ပျံကျဈေးသည်တွေနဲ့ ဈေးဝယ်သူတွေ ကြိတ်ကြိတ်တိုး နေရာလုနေတဲ့ လူအုပ်ကြီး ဖြစ်နေတာကို ရိုက်တာရုပ်သံသတင်းမှာ မြင်တွေ့ရပါတယ်။ သူတို့ဟာ တနိုင်ငံလုံး အိမ်တွင်းအောင်းဖို့ အသွားအလာ ကန့်သတ်ချက်ကိုရော လူချင်းခွာခွာ နေရမယ့် အစိုးရအမိန့်ကိုပါ လျစ်လျူရှုနေတာပါ။ အနားမှာတော့ လူတယောက်က နှာခေါင်းစည်း  mask တွေကို ရောင်းနေပါတယ်။ မွမ်ဘိုင်းဟာ နဂိုတည်းက အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားရာ နေရာ ဖြစ်နေချိန်မှာ ဒီဆင်းရဲသား ရပ်ကွက်နဲ့ လူစည်ကားတဲ့ဈေးဟာ ကူးစက်မှု ပေါက်ကွဲမယ့် ချိန်ကိုက်ဗုံးနဲ့ တူနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မြို့လူဦးရေ ၁၂ သန်းရဲ့ ၆၅ ရာခိုင်နှုန်းဟာ ဒီဆင်းရဲသားရပ်ကွက်ထဲမှာ နေတယ်လို့ ခန့်မှန်းထားတာပါ။ မေ ၃ ရက်ထိ အိမ်တွင်းအောင်းကြဖို့ အိန္ဒိယအစိုးရက အမိန့်ထုတ်ထားပြီး အသွားအလာ ကန့်သတ်ထားတဲ့အတွက် ကမ္ဘာ့ဒုတိယလူအထူဆုံးမြို့မှာ အခက်တွေ့နေပါတယ်။ ဒေသခံအများစုက အများသုံးသန့်စင်ခန်းတွေကိုသာ သုံးကြပြီး သန့်စင်ခန်းတခန်းကို တရက် လူရာချီ သုံးနေလို့ ရောဂါကူးစက်မှု ဆုံချက် ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။ လူတယောက်နဲ့ တယောက် တမီတာ ခြားဖို့ အာဏာပိုင်တွေက ပြောနေပေမယ့် သူတို့အိမ် အများစုက ၂ မီတာသာ ကျယ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အာဏာပိုင်တွေက ဆင်းရဲသားရပ်ကွက် အစိတ်အပိုင်းတွေကို ပိတ်တားထားပြီး အားကစားရုံတွေ၊ အစိုးရ အဆောက်အဦအလွတ်တွေထဲမှာ ရောဂါခြေချုပ်ဌာန ဖွင့်လှစ်ထားပြီး ကူးစက်ခံအရေအတွက် ခုန်တက် တိုးများလာရင် အဆင်သင့်ဖြစ်ဖို့ ဆေးရုံတချို့ကို ကြိုတင် ပြင်ဆင်ထားပါတယ်။ အိန္ဒိယနိုင်ငံ မြို့တော်  နယူးဒေလီမှာတော့ ကိုရိုနာဗိုင်းရပ်စ်  ရှိ၊ မရှိ အလွယ်တကူ စစ်ဆေးပေးနိုင်ဖို့   ဧပြီလ ၂၀ ရက်က ရွေ့လျား စစ်ဆေးယာဉ်ကို စတင်အသုံးပြုနေပါပြီ။   အဲဒီယာဉ်ဟာ  ထိန်းချုပ် ဇုံတွေ အပါအဝင်   မြို့တော်က ဗိုင်းရပ်စ် ကူးစက်မှု များရာနေရာတွေဆီ  အဓိကသွားရောက်မှာပါ။ အဲဒီနောက်မှာတော့ ယာဉ်ပေါ်ပါ ကျန်းမာရေးဝန်ထမ်းတွေက  အဲဒီဒေသတွေမှာ တာဝန်ချထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ၊ တခြား မရှိ မဖြစ်ဝန်ထမ်းတွေ ဆီကနေ စစ်ချက်  နမူနာတွေ ယူမှာ ဖြစ်ပါတယ်။   အဲဒီယာဉ်ငယ်ဟာ  ဒေလီမြို့ရဲ့ ကျဉ်းမြောင်းလှတဲ့ လမ်းသွယ်တွေကြား  အလွယ်တကူ သွားနိုင်တယ်လို့လည်း ခရိုင်တရားသူကြီးတစ်ဦးက ပြောပါတယ်။ ဒီလို ယာဉ်ငယ်နဲ့ သွားနိုင်တာကြောင့်  ကျန်းမာရေးဝန်ထမ်းတွေ တစ်အိမ်တက်ဆင်း စစ်ဆေးတဲ့ အချိန်နဲ့ ကာကွယ်ရေးဝတ်စုံ PPE ကိုလည်း ချွေတာနိုင်တယ်လို့ သူက  ဆိုပါတယ်။ ဒီလို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးယာဉ်ငယ်နဲ့ဆိုရင် တစ်နေ့ကို  ဓာတ်ခွဲနမူနာ ၁၀၀ ကျော် အထိတိုးမြှင့် စစ်ဆေးနိုင်မယ်လို့လည်း ခရိုင်တရားသူကြီးက မျှော်လင့်ထားပါတယ်။ တခြား အနောက်နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်   အိန္ဒိယနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက်က နည်းပါး သလို  လူတစ်သန်းမှာ စစ်ဆေးတဲ့ အရေအတွက်ကလည်း နည်းပါးတယ်လို့ရိုက်တာသတင်းက ဆိုပါတယ်။  ဧပြီ ၂၀ ရက်အထိ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ  ၁၇,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၅၅၀ ကျော် ရှိတယ်လို့ Worldometer ဝက်ဘ်ဆိုက်ဖော်ပြချက်အရ သိရပါတယ်။
2 years Ago
Up