မွန်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ

A d v e r t i s e m e n t With Us

April 19, 2020

အကျဉ်းထောင်များထဲ မူးယစ်ဆေးဝါးရောင်းဝယ်မှု စိစစ်အရေးယူမည်ဟု မွန်ဝန်ကြီးချုပ်ပြော

အကျဉ်းထောင်တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတဲ့ ကိစ္စရပ်တွေကို စုံစမ်းစိစစ် အရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။  လူမှုကွန်ရက် Facebook စာမျက်နှာမှာ ဧပြီ ၁၇ ရက်နေ့က မော်လမြိုင် အကျဉ်းထောင်က လွတ်လာတဲ့ အကျဉ်သားတဦးက ထောင်တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာတွေ ရှိနေတဲ့အပြင် အကျဉ်းသားတွေအနေနဲ့ အမှိုက်ခွန်နဲ့ မိလ္လာခွန်တွေပါ ပေးဆောင်နေရတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ဒါကြောင့် အကျဉ်းထောင်တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတဲ့ ကိစ္စရပ်ကို သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်သွားမယ့်အပြင် အခုကိစ္စရပ်ကိုလည်း စုံစမ်းစိစစ် အရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။ “အဲဒါကို ဥပဒေအရ ရဲတပ်ဖွဲ့နဲ့ ထောင်မှာရှိတဲ့ ဝန်ထမ်းတွေနဲ့ သက်ဆိုင်တဲ့လူတွေအကုန်လုံးကို ပိုတင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ လုပ်ဆောင်သွားမှာပါ။ အခုလည်း ကျနော်တို့ ပြောလို့မရသေးလို့ပါ။ အရေးယူမှုတွေ လုပ်နေပါတယ်။” အကျဉ်းထောင်တွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာတွေ ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့တဲ့ အကျဉ်းသားဟောင်းဟာ အင်းစိန်ထောင် အပါအဝင် အကျဉ်ထောင် ၈ ခုလောက်မှာ ပြစ်ဒဏ်ခံကျခဲ့ဖူးသူဖြစ်ပြီး၊ ထောင်တိုင်းလိုလိုမှာ မူးယစ်ဆေးဝါးတွေကို ပျံ့နှံ့နေတယ်လို့ ဆိုထားပါတယ်။ အခုလို လူမှုကွန်ရက် Facebook စာမျက်နှာမှာ video ဖိုင် ပျံ့နှံ့နေတဲ့ ကိစ္စရပ်ကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးက ပြန်လည်စိစစ်တင်ပြပေးဖို့ လမ်းညွှန်ထားတယ်လို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက DVB ကို ပြောပါတယ်။ “ကျနော်တို့ စိစစ်တင်ပြပေးဖို့ လမ်းညွှန်ထားပါတယ်။ အဲဒီပေါ်မှာမူတည်ပြီး အဆင့်ဆင့်နဲ့ လမ်းညွှန်သွားမယ် ထင်ပါတယ်။” မွန်ပြည်နယ်မှာတော့ ဧပြီ ၁၇ ရက် နှစ်ဆန်းတရက်နေ့က သမ္မတရဲ့ အမိန့်နဲ့ ပြည်နယ်တဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ အလုပ်စခန်း ၁၀ ခုကနေ အကျဉ်းသား ၂၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။  ဇော်လွင်ထွဋ်
10 months Ago

လူ ၁ သောင်းအတွက် Facility Quarantine Camp များ ကြိုပြင်ထားဟု မွန်ဝန်ကြီးချုပ်ပြော

ဧပြီလကုန်မှာ ထိုင်းနိုင်ငံက ပြန်လာမယ့် နေရပ်ပြန်တွေကို မွန်ပြည်နယ်ထဲက Facility Quarantine Camp တွေမှာ ထားရှိဖို့ လူ ၁ သောင်းစာအတွက် ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်နေပါတယ်။ လာမယ့် ဧပြီ ၃၀ ရက်နေ့ နောက်ပိုင်းကစပြီး ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် တိုင်းနဲ့ပြည်နယ် အသီးသီးက နေရပ်ပြန်တွေကို  မော်လမြိုင် အ.ထ.က (၆) အပြင် မြို့နယ် အသီးသီးက အခြေခံပညာကျောင်းတွေမှာ စောင့်ကြည့်သွားဖို့ ပြင်ဆင်နေတာပါ။ အခုလို လုပ်ဆောင်ရာမှာ မော်လမြိုင်မြို့နယ် တခုတည်းမှာ လူပေါင်း ၃၀၀၀ လောက် ထားနိုင်အောင် ပြင်ဆင်နေပြီး တခြားမြို့နယ်တွေမှာတော့ နေရပ်ပြန် ၇၀၀၀၊ စုစုပေါင်း ၁၀၀၀၀ စာအတွက် ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။ “ထိုင်းနိုင်ငံ ပြည်တော်ပြန်တွေအတွက် မွန်ပြည်နယ်က Facility အပြည့်ပေါ့။ Facility Quarantine တွေလုပ်ဖို့ ကျနော်တို့ စီစဉ်နေတာတွေ အများကြီးရှိပါတယ်။ မော်လမြိုင်မှာ ၂၇၀၀ ကနေ ၃၀၀၀၊ ကျန်တဲ့မြို့နယ်တွေမှာ ၃၀၀၀၊ အရန်က ၄၀၀၀၊ စုစုပေါင်း ၁ သောင်း ကျနော်တို့ ပြင်ဆင်နေပါတယ်။” ပြန်လည်ရောက်ရှိလာမယ့် နေရပ်ပြန်တွေကို အစားအသောက်နဲ့ ရေ၊ မီး အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှုတွေကို အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။ မွန်ပြည်နယ်မှာတော့ အခုအခါ ထိုင်းနိုင်ငံ ပြန်လာတဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးက နေရပ်ပြန် ၁၀၀၀ ကျော်ကို မော်လမြိုင်တက္ကသိုလ်ဝင်းအတွင်းမှာ စောင့်ကြည့်တာတွေ လုပ်ဆောင်နေပါတယ်။ အခုလို လုပ်ဆောင်ရာမှာ PPE နဲ့ Mask တွေ ပြည့်စုံလာပေမယ့် ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်တွေ ရှိနေတယ်လို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က ပြောပါတယ်။ “လိုအပ်ချက်က Human Resource ပဲ။ စောစောပိုင်းကတော့ PPE တို့၊ Mask တို့ လိုအပ်ချက် ရှိတယ်။ အခုကျတော့ လုံလောက်မှုရှိလာပြီ။ ပိုပိုလျှံလျှံကြီးတော့ မဟုတ်ဘူးပေါ့။ အရင်က အဖျားတိုင်းတာကအစ Mask တပ်ဖို့တောင် ရှားပါးတယ်။” လက်ရှိမှာတော့ ထိုင်းနိုင်ငံ မြန်မာနိုင်ငံ ဘုရားသုံးဆူနယ်စပ်ဂိတ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့  နေပြန်တွေကို မွန်ပြည်နယ် မုဒုံမြို့နယ်က အ.ထ.က (၃) မှာ နေရာချထားပြီး စောင့်ကြည့်တာတွေ လုပ်ဆောင်နေပါတယ်။  မွန်ပြည်နယ်မှာ ညမထွက်ရ အမိန့်ထုတ်ပြန်ဖို့ အစီအစဉ် မရှိသေးဘူးလို့လည်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ဧပြီ ၁၈ ရက်နေ့က သတင်းမီဒီယာတွေကို ပြောကြားထားပါတယ်။ ဇော်လွင်ထွဋ်
10 months Ago
Up