မွန်ဝန်ကြီးချုပ်

May 16, 2022

မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ် ၂၁ နှစ် ထပ်မံချမှတ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အာဏာသိမ်း စစ်ကောင်စီက အဂတိမှုတွေနဲ့ စွပ်စွဲပြီး  ထောင်ဒဏ် ၂၁ နှစ် ထပ်မံ အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက  ဒီဗွီဘီကို ပြောပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာအေးဇံဟာ တာဝန်ယူစဉ်ကာလအတွင်း လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ ငွေကြေးရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အပါအဝင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့  အမှု ၉ မှု နဲ့ တရားစွဲခံရတာပါ။

အဲဒီအမှုအတွက် ဒီကနေ့ မေလ ၁၆ ရက်က ကျိုက်မရောဗဟိုအကျဉ်းထောင် အထူးတရားရုံးကနေ ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် စွဲဆိုထားတဲ့ အဂတိအမှု အမှတ်စဉ် ၁ ကနေ ၆ ထိအတွက် တမှုကို ထောင်ဒဏ် ၂ နှစ်နှုန်းနဲ့ ထောင်ဒဏ် ၁၂ နှစ်၊ အဂတိအမှု အမှတ်စဉ် ၇ ကနေ ၉ ထိအတွက် တမှုကို ထောင်ဒဏ် ၃ နှစ်နှုန်းနဲ့ ထောင်ဒဏ် ၉ နှစ် ၊ စုစုပေါင်း ၂၁ နှစ် အမိန့်ချမှတ်လိုက်တာပါ။

စစ်ကောင်စီက ချမှတ်လိုက်တဲ့ ပြစ်ဒဏ်အတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဘက်က အယူခံတက်ဖို့ ဆန္ဒ မရှိဘူးလို့ တရားရုံးနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။ 

ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုအားလုံးအတွက် အပြစ်မရှိကြောင်း ပြီးခဲ့တဲ့ ရုံးချိန်းတွေမှာ ထွက်ဆိုထားသလို အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး သက်သေပြနိုင်တာမရှိဘဲ စစ်ကောင်စီက အခုလို ထောင်ဒဏ်ချခဲ့တာပါ။ 

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာ ဖြစ်ပြီး၊ အခုချမှတ်လိုက်တဲ့ ထောင်ဒဏ် ၂၁ နှစ်နဲ့ ပေါင်းလိုက်ရင် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ်ထိ အမိန့်ချမှတ်ခံထားရပါတယ်။

ဒါ့အပြင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီ စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော် သြဇာသုံးမှု အမှု ၃ မှုနဲ့ တရားရင်ဆိုင်နေဆဲ ဖြစ်ပါတယ်။

1 month Ago

May 13, 2022

မွန်ဝန်ကြီးချုပ်အပေါ် စစ်ကောင်စီကစွပ်စွဲထားသည့် အဂတိမှု ၉ မှု မေလ ၁၆ ရက်နေ့ အမိန့်ချမည်

အာဏာသိမ်း စစ်ကောင်စီက စွဲဆိုထားတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ အဂတိအမှု ၉ မှုလုံးကို လာမယ့် မေလ ၁၆ ရက်မှာ အပြီးသတ် အမိန့်ချမှတ်သွားမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ တာဝန်ယူစဉ်ကာလအတွင်း လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ ငွေကြေးရယူခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၉ မှု ဖွင့်လှစ်ထားပါတယ်။

အဲဒီအဂတိမှုတွေအတွက် မေလ ၁၃ ရက်ဒီကနေ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့တာပါ။

အခုရုံးချိန်းမှာတော့ ဝန်ကြီးချုပ်ရဲ့ အဂတိအမှု အားလုံးအတွက် နှစ်ဖက် လျှောက်လဲချက်ပေးပြီး လာမယ့် မေလ ၁၆ ရက်မှာ အပြီးသတ် အမိန့်ချမှတ်သွားမယ်လို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကတော့ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုအားလုံးအတွက် အပြစ်မရှိကြောင်း ထွက်ဆိုထားတာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုတွေဟာ အမှု တစ်မှု အတွက် ထောင်ဒဏ် ၁၅ နှစ်ချမှတ်နိုင်တဲ့အမှုဖြစ်ပြီး အမှု ၉ မှုအတွက် ထောင်ဒဏ် ၁၃၅  နှစ်ချမှတ်နိုင်တဲ့ အမှုတွေဖြစ်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေထံက သိရပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ တဖက်မှာတော့ စစ်ကောင်စီ စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော် သြဇာသုံးမှု အမှု ၃ မှုနဲ့ တရားရင်ဆိုင်နေရပြီး အဲဒီအမှုအတွက်လည်း စစ်ကောင်စီ တရားသူကြီးက စွဲချက်တင် အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာအေးဇံကိုတော့ စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်မှာ နိုင်ငံ့ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာပါ။

1 month Ago
More News
Up