မွန်ဘိုင်း

September 24, 2020

မိုးကြီး၍ မွန်ဘိုင်းမြို့ လမ်းများပေါ် ရေလွှမ်း

မိုးကြီးပြီး ရေလွှမ်းနေတာကြောင့် အိန္ဒိယနိုင်ငံရဲ့ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းက လမ်းတွေပေါ်မှာ စက်တင်ဘာ ၂၃ ရက်က ယာဉ်ကြော ပိတ်ဆို့နေတယ်လို့ သိရပါတယ်။ မွမ်ဘိုင်းဒေသခံတွေဟာ တခါတရံ ခါးလောက်ထိ နက်တဲ့ရေထဲမှာ ရုန်းကန်သွားလာနေရပြီး ကားတွေလည်း တစိတ်တပိုင်း ရေမြုပ်ကုန်တယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။  မီးရထားလမ်းတွေလည်း ရေမြုပ်ကုန်လို့ မီးရထားဝန်ဆောင်မှု လုပ်ငန်းတွေ အနှောင့် အယှက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။  အိန္ဒိယလူဦးရေ ၁ ဒသမ ၃ ဘီလီယံရဲ့ ၃ ပုံ ၂ ပုံဟာ ကျေးလက်ဒေသမှာနေပြီး စိုက်ပျိုးရေး လုပ်ငန်းကိုလုပ်ကိုင်နေတာကြောင့် နှစ်စဉ် မိုးရေချိန်ဟာ အသက်သွေးကြောလို အရေးပါပါတယ်။  ဒါပေမယ့် မိုးကြီးလို့ ရေကြီး မြေပြိုတာနဲ့ ရေကြောင့်ဖြစ်တဲ့ ရောဂါတွေရဲ့ ဒဏ်ကိုလည်း နှစ်စဉ် ခံနေရပါတယ်။ မွမ်ဘိုင်းမြို့ဟာ လောလောဆယ်မှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုကိုလည်း ရုန်းကန်ရင်ဆိုင်နေရပါတယ်။ တမြို့တည်းမှာ စက်တင်ဘာ ၂၂ ရက်ထိ အတည်ပြုလူနာအရေအတွက် ၁ သိန်း ၉ သောင်းနီးပါး ရှိနေပါတယ်။  အိန္ဒိယတနိုင်ငံလုံးမှာတော့ ကူးစက်ခံအတည်ပြုလူနာ ၅၇ သိန်း ၃ သောင်းကျော်ရှိနေပြီး ကူးစက်ခံသေဆုံးသူဦးရေ ၉သောင်း ၁ ထောင်ကျော် ရှိနေပါတယ်။   
8 months Ago

September 21, 2020

မွမ်ဘိုင်းတွင် ၃ ထပ်အဆောက်အအုံ ပြိုကျ၊ ၁၀ ဦးထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမြို့စွန်မှာ စက်တင်ဘာ ၂၁ ရက် ညက ၃ ထပ် အဆောက်အအုံတခုရဲ့ အစိတ်အပိုင်းတခု ပြိုကျလို့ လူ ၁၀ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ပိတ်မိနေတယ်လို့ အရာရှိတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ မွမ်ဘိုင်းမြို့ အရှေ့မြောက်ဘက် ၂၅ မိုင်အကွာက ဘီဝမ်ဒီစက်မှုမြို့ထဲမှာ ၃ ထပ် အဆောက်အအုံဟာ အက်ကြောင်းတွေပေါ်လာပြီး အဆောက်အအုံတခြမ်း ပြိုကျခဲ့တာပါတာ။ ဒဏ်ရာရသူ ၁၁ ယောက်ထက်မနည်းကို ကယ်ဆယ်ခဲ့ပြီး တချို့ဒေသခံတွေက အဆောက်အအုံထဲက ထွက်ဖို့ ကြိုးစားနေဆဲဖြစ်ကာ မိသားစု ၂၆ စုလောက် ပိတ်မိနေမှာ စိုးတယ်လို့ ဘီဝမ်ဒီမြို့ စည်ပင်တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ တိုက်ခန်းပေါင်း ၅၄ ခန်းရှိတဲ့ ၃ ထပ် အဆောက်အအုံ ဘာကြောင့် ပြိုကျတယ်ဆိုတာ မသိရသေးပါဘူး။ ရဲ၊ စည်ပင်လုပ်သားတွေ၊ အမျိုးသားကပ်ဘေးတုံ့ပြန်ရေး တပ်ဖွဲ့ဝင်တွေဟာ ရပ်ကွက်ထဲက ရှုပ်ထွေးနေတဲ့ လမ်းကြိုလမ်းကြားတွေထဲမှာ အပျက်အစီးတွေကို ဖယ်ထုတ်ရင်း အပြိုအပျက်တွေ အောက်ကနေ အကူအညီတောင်းနေတဲ့လူတွေဆီ ရောက်အောင်သွားဖို့ ကြိုးစားနေရပါတယ်။ ဒေသခံ ရှာရိဖ်အန်စာရီက “ကြမ်းပြင်အက်သံကြားလို့ သတိထားမိတယ်။ အခန်းနီးချင်းတွေကို ကျနော်တို့ ဇနီးမောင်နှံက အပြေးအလွှား လိုက်နှိုးပြီး တိုက်အောက် ဆင်းခိုင်းတယ်။ ပထမထပ် ရောက်ချိန်မှာ တိုက်ပြိုကျတာ။ ကျနော်တို့ ပထမထပ်ကနေ ခုန်ချ လွတ်မြောက်ခဲ့ပေမဲ့ လူ ၆၀ လောက်တော့ ပိတ်မိနေတယ်” လို့ ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ ဇွန်လကနေ စက်တင်ဘာလကြား မုတ်သုံရာသီအတွင်း တရားမဝင် တည်ဆောက်တဲ့ အဆောက်အအုံတွေနဲ့ အိမ်ဟောင်းတွေ ပြိုကျလေ့ရှိပါတယ်။ ပြီးခဲ့တဲ့လက မွမ်ဘိုင်းမြို့တောင်ဘက် မိုင် ၁၀၀ အကွာက မာဟတ်ဒ်မြို့မှာ အဆောက်အအုံတခု ပြိုကျလို့ လူအယောက် တဒါဇင်ကျော် သေဆုံးခဲ့ပါတယ်။
8 months Ago
Up