မွန်ပြည်နယ်

December 18, 2021

မွန်ပြည်နယ်တွင် ငါးသယံဇာတပြုန်းတီးပြီး ငါးရှားပါးလာ

ငါးရစ်ငါးသန်ကာလမှာ စစ်ကောင်စီက ငါးဖမ်းခွင့်ပေးခဲ့တာကြောင့် မွန်ပြည်နယ်မှာ ငါးသယံဇာတပြုန်းတီးပြီး ငါးရှားပါးတဲ့ပြဿနာကို စတင်ရင်ဆိုင်နေရတယ်လို့ ရေလုပ်ငန်းရှင်တွေက ပြောပါတယ်။ 

မွန်ပြည်နယ်ဟာ နှစ်စဉ် ငါးတန်ချိန် ၁ သိန်းကျော်ထွက်ရှိခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ဒေသထွက်ကုန်ငါးတွေကို တရုတ်နိုင်ငံဆီ အဓိကတင်ပို့ရောင်းချခဲ့တာပါ။ 

မွန်ပြည်နယ်ထွက် ငါးသယံဇာတတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ ၁၀ လကျော်ကာလအတွင်း ရှားပါးမှုပြဿနာနဲ့ စတင်ရင်ဆိုင်နေရတယ်လို့ ဒေသခံရေလုပ်ငန်းရှင်တွေကပြောပါတယ်။ 

ငါးသယံဇာတ ရှားပါးလာတာဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပိုင်း တရားမဝင်ဖမ်းဆီးတာတွေအပြင် ငါးရစ်ငါးသန်ကာလနဲ့ ငါးဖမ်းရာသီမစခင် ၁၅ ရက်အလိုမှာ အချိန်စောပြီးငါးဖမ်းခွင့်ပေးခဲ့တာကြောင့်လို့ ငါးသယံဇာတထိန်းသိမ်းနေသူ တစ်ယောက်က ပြောပါတယ်။

မွန်ပြည်နယ်အတွင်း ရေလုပ်ငန်းခွင်တွေမှာ ငါးဖမ်းဆီးရရှိမှု လျော့နည်းလာသလို ဖမ်းမိတဲ့ ငါးတွေကလည်း အရွယ်အစားသေးငယ်လာတဲ့အတွက် ရောင်းတန်းမဝင်တဲ့ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

ငါးသယံဇာတတွေ လျော့နည်းလာတာဟာ ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေမှာ တရားမဝင်ငါးဖမ်းပိုက်တွေနဲ့ ဖမ်းဆီးမှုတွေ ရှိလာတာကြောင့် ဖြစ်တယ်လို့လို့ ရေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

တရားမဝင် ငါးဖမ်းတာတွေကို မထိန်းချုပ်နိုင်ရင် နောင်နှစ်တွေမှာ ငါးရတဲ့နှုန်းလျော့နည်းလာနိုင်သလို တချို့ငါးမျိုးစိတ်တွေ ရှားပါးပျောက်ကွယ်သွားနိုင်တယ်လို့ ဆိုပါတယ်။

ငါးလုပ်ငန်းရှင်တွေဟာ ငါးရတဲ့နှုန်းနည်းလာသလို အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီ အပါအဝင် သွင်းအားစုကုန်ပစ္စည်းတွေဖြစ်တဲ့ ငါးဖမ်းပိုက်နဲ့ စက်ပစ္စည်းတွေ ဈေးတက်နေတဲ့အတွက် စရိတ်ပြန်ရဖို့တောင် ရုန်းကန်နေရတယ်လို့ ရေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ 

မွန်ပြည်နယ်ထဲက ငါးလုပ်ငန်းရှင်တွေဟာ ငါးသယံဇာတရှားပါးလာတာ၊ အရည်အသွေးမှီ ရောင်းတန်ဝင်ထွက်ကုန်တွေ စိတ်တိုင်းကျမရတာနဲ့အတူ ဈေးနှုန်းကျဆင်းပြီး ဈေးနှိမ်ခံရတာကြောင့် ဈေးကွက်ပျက်နေတဲ့ အခက်အခဲကို ရင်ဆိုင်နေရပါတယ်။

ငါးသယံဇာတရှားပါးလာတဲ့ပြဿနာကို မဖြေရှင်းနိုင်ရင် လာမယ့် ၃ နှစ်အတွင်းမှာ မွန်ပြည်နယ်ရဲ့ ရေလုပ်ငန်းဟာ အဆိုးရွားဆုံး အခြေအနေကို ရောက်သွားနိုင်တယ်လို့ ငါးသယံဇာတထိန်းသိမ်းသူတွေက ဆိုကြပါတယ်။ 

1 month Ago

December 16, 2021

မွန်ပြည်နယ်၊ လမိုင်းမြို့က စီးပွားရေးလုပ်ငန်းရှင် ၁ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ လမိုင်းမြို့က စီးပွားရေးလုပ်ငန်းရှင် ကိုမင်းသိန်းထွန်းဦး(ခ) ကိုစကစ်ကို ဒီဇင်ဘာ ၁၅ ရက် ည ၁၁ နာရီခွဲလောက်က  စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

ကိုမင်းသိန်းထွန်းဦးကို စစ်ကောင်စီတပ် အင်အား ၂၀ လောက်နဲ့ လမိုင်းမြို့က နေအိမ်မှာ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး  ဘာကြောင့် လာရောက် ဖမ်းဆီးသွားလဲဆိုတာကိုတော့ မသိရသေးသလို လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်အသွယ် မရသေးပါဘူး။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေအဆိုအရ ကိုမင်းသိန်းထွန်းဦးကိုတော့ လမိုင်းမြို့၊ မော့ကနင်ကျေးရွာရှိ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ကိုမင်းသိန်းထွန်းဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးတာဟာ  အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြောင်း ဖေ့စ်ဘွတ်ခ်  ပရိုဖိုင်ပြောင်းတင်ထားတဲ့ကိစ္စနဲ့ သက်ဆိုင်နိုင်တယ်လို့  ဒေသခံက ခန့်မှန်း ပြောပါတယ်။

ကိုမင်းသိန်းထွန်းဦးဟာ လမိုင်းမြို့မှာ Honda Showroom အရောင်းပြခန်း ဖွင့်လှစ်ထားပြီး လူမှုအကျိုးပြု လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

Photo Credit- ကိုမင်းသိန်းထွန်းဦး

1 month Ago
More News
Up