မွန်ဂိုလီးယား

February 24, 2023

မွန်ဂိုလီးယား ကျောက်မီးသွေးတွင်းပြိုကျမှု သေဆုံးသူ ၆ ဦး၊ ပျောက်ဆုံးသူ ၄၇ ဦးထိထပ်တိုးလာ

တရုတ်နိုင်ငံမြောက်ဘက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အတွင်းမွန်ဂိုလီးယားဒေသမှာ ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၅ နာရီအထိ ကျောက်မီးသွေးမိုင်းတွင်း ပြိုကျမှုမှာ လူ ၆ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၆ ဦးနဲ့ ပျောက်ဆုံးနေသူ ၄၇ ဦးရှိကြောင်း အတည်ပြုထားပါတယ်။

ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ၁၃ နာရီမှာ အတွင်းမွန်ဂိုလီးယားဒေသရဲ့ အနောက်တောင်ဘက်က အယ်လ်ရှာ လက်ဖ် ဘန်နာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဖွင့်ထားတဲ့ ကျောက်မီးသွေးမိုင်းတွင်း ပြိုကျခဲ့တာပါ။

ပြည်တွင်းကုမ္ပဏီတခုဖြစ်တဲ့ ရှင်းကျင်း ကျောက်မီးသွေးမိုင်းကုမ္ပဏီ လုပ်ကိုင်နေတဲ့ တွင်းပွင့်မိုင်းဟာ ဖေဖော်ဝါရီ ၂၂ ရက်မှာ မြေပြိုကျခဲ့ပြီး အလုပ်သမားတွေဟာ ပေ ၁,၆၀၀ ကျယ်ပြီး ပေ ၂၆၀ လောက်နက်တဲ့ အပျက်အစီးတွေအောက်မှာ နစ်မြုပ်သွားကြတယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ပြောပါတယ်။

ပြိုကျခဲ့တဲ့ ကျောက်မီးသွေးတွင်းဟာ ဒုတိယအကြိမ် မြေပြိုမှုဖြစ်ပွားပြီးနောက်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပြီး ပြိုကျတဲ့ဧရိယာက ကြီးမားလွန်းလို့ နောက်ထပ် ပြိုကျနိုင်ခြေ အလွန်မြင့်မားကြောင်းလည်း သိရပါတယ်။

၆ ဦးသေဆုံးကြောင်း အတည်ပြုခဲ့ပြီးနောက်မှာ ရှာဖွေရေးလုပ်ငန်းတွေ ပြန်လည်စတင်ခဲ့ကြောင်း တရုတ်နိုင်ငံရဲ့ အင်္ဂလိပ်ဘာသာ ရုပ်သံဌာန CGTN က ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

မိုင်းတွင်းလုပ်သားတွေကို ရှာဖွေရာမှာ ကယ်ဆယ်ရေးလုပ်သား ၃၀၀ ကျော်ကို စက်ယန္တရားကြီးတွေ၊ ကယ်ဆယ်ရေးခွေးတွေရဲ့ အကူအညီနဲ့ ကယ်ဆယ်ခဲ့နိုင်ကြောင်း နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။

ကြာသပတေးနေ့ ည ၁၁ နာရီအထိ အဖွဲ့ ၁၉ ဖွဲ့က ကယ်ဆယ်ရေးလုပ်သား ၉၁၉ ဦးဟာ ယာဉ်နဲ့ စက်ကိရိယာ ၁၅၆ စီးရဲ့ အကူအညီနဲ့ ပြိုကျနေတဲ့ မိုင်းတွင်းမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။

မတော်တဆမှုဖြစ်ပွားရာနေရာကနေ ၁ နာရီထက်မနည်း ကားစီးလာရတဲ့ အနီးနားရှိ နင်းရှာဟွီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆေးရုံတခုမှာ အသက်ရှင်သူ ၆ ဦးဟာ ကုသမှု ခံယူနေပြီး အားလုံးမှာ အခြေအနေ တည်ငြိမ်ကြပါတယ်။

အမျိုးသားကျန်းမာရေးကော်မရှင်က အဲဒီနေရာကို အမျိုးသား အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ကျွမ်းကျင်သူတွေကို စေလွှတ်ထားပြီး ဒဏ်ရာရသူတွေကို ကုသပေးဖို့ လမ်းညွှန်ထားပါတယ်။

4 weeks Ago

July 7, 2020

မွန်ဂိုလီးယားပြည်နယ်တွင် ပလိပ်ရောဂါ သံသယရှိသူတဦးတွေ့၊ သတိပေးချက် ထုတ်ပြန်

တရုတ်နိုင်ငံ မွန်ဂိုလီးယားပြည်နယ်က ဘာယန်နူးရ်မြို့ထဲမှာ ဘူဘိုးနစ် ပလိပ်ရောဂါ ကူးစက်ခံ သံသယရှိသူကို တွေ့ရလို့ အဆင့်မြင့်တပ်လှန့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဒီပလိပ်ရောဂါ ကူးစက်ခံ သေဆုံးရင် တကိုယ်လုံး မည်းနက်သွားတာမို့ Black death လို့လည်း ခေါ်ပြီး လူ့သမိုင်းမှာ လူအသေအပျောက် အများဆုံး ကူးစက်ကပ်ဘေး ဖြစ်ခဲ့ပြီးတဲ့နောက် ရာစုနှစ်ချီပြီး ဆက်ရှိနေတဲ့ ရောဂါလည်း ဖြစ်ပါတယ်။ တရုတ်မြို့တော် ပေကျင်းရဲ့ အနောက်မြောက်ဘက်က ဘာယန်နူးရ်မြို့ ဆေးရုံက လူနာ အကြောင်းကို စည်ပင်အာဏာပိုင်တွေဆီ ဇူလိုင် ၄ ရက်နေ့က အကြောင်းကြားခဲ့ပါတယ်။ ဇူလိုင် ၅ ရက်နေ့မှာတော့ ဒေသန္တရအာဏာပိုင်တွေက ပလိပ်ရောဂါကူးစက်မှု ဟန့်တားရေး အဆင့် ၃ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတိပေးချက်ကို ၂၀၂၀ နှစ်ကုန်ထိ ဆက်ထားမယ်လို့ တရုတ်အစိုးရမီဒီယာ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ပလိပ်ရောဂါဟာ သန်းကိုက်မှုနဲ့ ကူးစက်ခံ တိရစ္ဆာန်တွေဆီကနေတဆင့် ပြန့်ပွားပါတယ်။ အလယ်ခေတ်က ပလိပ်ကူးစက်ကပ်ဘေးအတွင်း ဥရောပမှာ ခန့်မှန်းခြေ လူသန်း ၅၀ သေဆုံးခဲ့ဖူးပါတယ်။ ရောဂါလက္ခဏာတွေကတော့ နာကျင်တာ၊ ပြန်ရည်ကျိတ်တွေ ရောင်ရမ်းတာ၊ ဖျားတာ၊ ချမ်းတုန်တာနဲ့ ချောင်းဆိုးတာတွေ ဖြစ်လေ့ ရှိပါတယ်။ လူကနေ လူကို ကူးစက်နိုင်မယ့်ဘေးကို လျှော့ချဖို့ တောလိုက်ထွက်တာ၊ ကူးစက်မှုကို ဖြစ်စေတဲ့ တိရစ္ဆာန်တွေကို စားသောက်တာတွေ ရှောင်ကြဖို့ ဒေသန္တရကျန်းမာရေး အာဏာပိုင်တွေက လူထုကို တိုက်တွန်းထားပါတယ်။ တရုတ်နဲ့ အိမ်နီးချင်း မွန်ဂိုလီးယားနိုင်ငံတွေမှာ ပလိပ်ရောဂါ ကူးစေတဲ့ သမိုင်းကြောင်း ရှိခဲ့ဖူးတဲ့ မာမော့ပူးမျိုးစိတ် သေဆုံး၊ ဖျားနာနေတာကို တွေ့ခဲ့ရင် သတင်းပို့ဖို့ကိုလည်း အာဏာပိုင် တွေက သတိပေးထားပါတယ်။ ကမ္ဘာ့တိုက်ကြီးတိုင်းလိုလိုမှာ ပလိပ်ရောဂါ ရှိနေနိုင်ပြီး အထူးသဖြင့် အမေရိကအနောက်ပိုင်း ဘရာဇီး အရှေ့တောင်၊ အာဖရိက၊ တရုတ်၊ အိန္ဒိယနဲ့ အရှေ့အလယ်ပိုင်းတွေမှာ ပလိပ်ရောဂါ ကူးစက်မှု ရှိခဲ့ဖူးပါတယ်။ အမြဲလိုလို ရှိနေတယ်လို့ ပြောနိုင်လောက်အောင် ကူးစက်မှု အတွေ့များဆုံး ၃ နိုင်ငံကတော့ ကွန်ဂို၊ မဒါဂတ်စ်ကားနဲ့ ပီရူးနိုင်ငံတွေ ဖြစ်ပါတယ်။
3 years Ago
More News
Up