မှန်နန်းတော်

August 14, 2018

မှန်နန်းတော်ဆိုတာ ဗဟိုချက်လား Glass Palace လား

“မှန်နန်းတော်” ဆိုတာ မြန်မာလိုပြောရင် ဘာပြဿနာမှ မရှိတာအမှန်။ မရှိတာကို ပြဿနာလုပ်မိနေတာက ကျနော်ပါ။ ဒီပြဿနာ ဘယ်ကစတုန်းဆိုတော့ အိန္ဒိယစာရေးဆရာ အမိတပ်ဗ်ဂို့ရှ် (Amitav Ghosh) ရဲ့ Glass Palace ဆိုတဲ့ဝတ္ထုက စတာပဲ။ ဝတ္ထုက ကောင်းလွန်းတော့ ဘာသာပေါင်း ၂ဝ ကျော်က ပြန်ဆိုကြတယ်။ ၂၁ ရာစုမှာ အရောင်းရဆုံး စာရင်းဝင်ပါပဲ။ ဒါ့အပြင် e-book ဆုရ စာအုပ်ပါ။ မြန်မာနိုင်ငံမှာလည်း ထိပ်တင်သက်က “ရွှေနန်းတော်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်ဆိုခဲ့သလို ဆရာနေဝင်းမြင့်ကလည်း “ရေကန်သာ ကြာတိုင်းအေး” ဆိုပြီး ပြန်ဆိုခဲ့ပါတယ်။ အမိတပ်ဗ်ဂို့ရှ်ရဲ့ ဒီဝတ္ထုကို ကြိုက်တဲ့အထဲမှာ ကျနော်လည်း ပါခဲ့တယ်။ Glass Palace ကို ထိပ်တင်သက်က “ရွှေနန်းတော်” လို့ ပြန်တာကိုလည်း သဘောတွေ့တယ်။ နေဝင်မြင့်ခေါင်းစဉ်က ထားတော့။ သူက သင့်လျော်သလို ပြန်တာပဲ။ ဘာမှမပြောလို။ ဒါပေမယ့် အမိတပ်ဗ်ဂို့ရှ်ရဲ့ Glass Palace ဆိုတဲ့ အမည်အပေါ်မှာ ကျနော် ဘဝင်မကျနိုင်ဘူး ဖြစ်နေတယ်။ မြန်မာတို့ရဲ့ “မှန်နန်းတော်ဟာ Glass Palace ဟုတ်ရဲ့လား” ဆိုတဲ့ သံသယပါ။ မှန်နန်းတော်ကို Glass Palace လို့ ပြန်ဆိုတာဟာ ထီးသုံးနန်းသုံးမူနဲ့ ဆီလျော်ပါရဲ့လား” ဆိုတာကို ကျနော့်မှာ ပြဿနာတခုအဖြစ် စဉ်းစားစရာ ဖြစ်နေခဲ့တာပါ။ အမိတပ်ဗ်ဂို့ရှ်က နိုင်ငံခြားသားဆိုတော့ မြန်မာ့ဓလေ့ထုံးစဉ်ကို နားလည်မှု လွဲမယ်ဆိုလည်း လွဲနိုင်ပါတယ်။ တခါတခါကျတော့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာ ဆိုတာ ဌာနေတွေတောင် အကုန်အစင် မသိနိုင်ပါဘူး။ ဌာနေစာရေးဆရာတချို့လည်း အကောက်အယူ လွဲတတ်တာပါပဲ။ ဒီမှာ မန္တလေး ရွှေနန်းတော်ကြီးဆီကို သွားရောက် လည်ပတ်ခဲ့မယ်ဆိုရင် ရွှေနန်းတော် ရှေ့တည့်တည့်မှာ ဘုံကိုးဆင့်နဲ့ တည်ဆောက်ထားတဲ့ မြေနန်းပြာသာဒ်ရှိတယ်။ ဒီကနေ နန်းတော်ထဲဝင်တယ်။ မြေနန်းကိုလွန်ရင် ဘုရင့်ညီလာခံ ရွှေနန်းပြာသာဒ်။ ထိုမှ ဇေတဝန်ဆောင်။ သူ့ကိုလွန်တော့ ညီလာခံ စနုဆောင်နှင့် ဗောင်းတော်ဆောင်။ ဆက်သွားရင် ဝဲယာတဖက်တချက်စီမှာ လက်ဘက်ရည်ဆောင်နဲ့ ရွှေတိုက်။ အလယ်ဗဟိုတည့်တည့်တွင် မှန်နန်းတော်ကြီး လို့ခေါ်တဲ့ မှန်နန်းဆောင် ရှိတယ်။ ဒါက ရတနာပုံ ရွှေနန်းတော်ရဲ့ တည်ရှိပုံပါ။ အတော်များများက “မှန်နန်းတော်ကို မင်းတုန်းမင်းလက်ထက်တော်တွင် မှန်စီရွှေချ မှန်ချပ်များဖြင့် ထုဆစ်ထားသည့်မှန်နန်းကို မန္တလေး ရတနာပုံတွင် တည်ဆောက်ခဲ့ပြီး မှန်နန်းရှင်ဘွဲ့ကို ခံယူခဲ့သည်” လို့ပဲ ထင်ကြတယ်။ ဖန်တွေ မှန်တွေနဲ့ တည်ဆောက်ခဲ့လို့ မှန်နန်းတော်ဟု ဆိုရန်မသင့်ဟု ထင်ပါသည်။ ဖန်တွေ မှန်တွေကြောင့်လို့သာ ဆိုရမယ်ဆိုရင် တရုတ်တို့ အင်္ဂလန်တို့ အိန္ဒိယက ပိုလို့ မှန်နန်းဟုခေါ်ရန် သင့်ပေလိမ့်မည်။ သူတို့က ကျနော်တို့ထက် ပိုလို့ ဖန်တွေ မှန်တွေကို ဖိတ်ဖိတ်တောက် အသုံးပြုနိုင်ကြပါသည်။ သို့ပါလျှက် ဘာလို့ သူတို့နန်းတော်ကို မှန်နန်းလို့ မခေါ်ကြသလဲဆိုတာ စဉ်းစားစရာ။ ဘာပဲဖြစ်ဖြစ် မှန်နန်းတော်ကို Glass Palace လို့ ဘယ်အချိန်ကစလဲဆိုတာ ခြေရာခံကြည့်လိုက်တော့ အင်္ဂလိပ်လက်ထက်ကတည်းကပင် ဖြစ်နေပါတယ်။ ၁၉၂၃ ခုနှစ်က ဆရာကြီး ဦးဖေမောင်တင်နဲ့ ဆရာကြီး ဂျီအိပ်လုတို့က မှန်နန်းရာဇဝင်တော်ကြီးကို အင်္ဂလိပ်လို ပြန်ဆိုခဲ့ကြပါတယ်။ သူတို့ပြန်ဆိုချက်မှာ The Glass Palace Chronicle of the King of Burma လို့ ဆိုပါတယ်။ နှောင်းလူတွေကလည်း ဆရာကြီးတို့ ပြန်ဆိုချက်အပေါ် အခြေခံပြီး မှန်နန်းတော်ကို The Glass Palace လို့ လိုက်ရေးကြဟန်ပါပဲ။ တကယ်လို့ Hmannan yazawin လို့ အသံထွက်အတိုင်း ရေးခဲ့ရင် တမျိုးဖြစ်မယ်ထင်ရဲ့။ စဉ်းစားဖို့ ဉာဏ်မမီပေမယ့် ကျနော် ဘဝင်မကျသလို ဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့….။ မန္တလေး မှန်နန်းတော်ကြီးနဲ့ ပတ်သက်တဲ့ အယူတခုကို ကျနော် ဖတ်ခဲ့ရဖူးတယ်။ “မှန်နန်းတော်ဆိုတော့ မှန်တွေအပြည့် တပ်ဆင်ထားတယ်။ ဒါကြောင့် မှန်နန်းခေါ်တယ်လို့ လူတိုင်းထင်တတ်ကြတယ်။” ဆိုတဲ့ စကားကို ကျနော် ဘဝင်ကျခဲ့ဖူးတယ်။ ဘယ်မှာဖတ်ခဲ့ မှတ်ခဲ့သလဲ ဆိုတာကို ကြိမ်ဖန်ထပ်ထပ် စဉ်းစားတော့မှ ဆရာဇေယျ ရေးခဲ့ဖူးတာကို သတိရလာတယ်။ ဆရာဇေယျ ဒုတိယကမ္ဘာစစ်ကြီးပြီးစ နန်းတော်ထဲ သွားလည်တဲ့အချိန်မှာ သီပေါဘုရင် ပါတော်မမူမီက နန်းတော်ကို အဝင်အထွက် ရှိခဲ့ဖူးတဲ့ ဘကြီးတယောက်ရဲ့ ပြောဆိုချက်တွေကို မှတ်တမ်းပြု ရေးထားတာပါ။ ဆရာကြီးဖော်ပြချက်ကို ထုတ်နုတ်တင်ပြပါ့မယ်။ “နန်းမပျက်ခင်ကဆိုရင် အဆောင်ဆောင် အခန်းခန်းမှာ မှန်တွေတပ်ဆင်ထားကြတယ်။ ဘယ်အဆောင်မှာမှ မှန်မလွတ်ဘူးကွယ့်။ မှန်ရှိလို့ မှန်နန်းခေါ်ရရင် အားလုံး မှန်နန်းကြီး ဖြစ်ကုန်တော့မပေါ့။ ဒီလိုမဟုတ်ဘူး။ မင်းတုန်းမင်းတရားကြီး အမရပူရပြောင်းပြီး မန္တလေးမှာ မြို့တည်ဖို့ ပန္နက်ချတော့ နန်းမြို့တော် အလယ်ဗဟိုတည့်တည့်မှာ မှန်တိုင်စိုက်ရတယ်။ မှန်တိုင်ကို ဗဟိုပြုပြီးတော့ မြို့လေးမျက်နှာ၊ မြို့ထောင့်ရှစ်ထောင့် အဝန်းအတာ တချက်တည်းညီအောင်၊ ကြိုးဆွဲပြီး တိုင်းတာမှတ်သားရတယ်။ ပြီးတော့ နန်းတော်လို့ခေါ်ရတဲ့ အုတ်ခုံပေါ်မှာရှိတဲ့ အဆောင်ဆောင် အခန်းခန်း နန်းကြီးနန်းငယ် ဆောက်လုပ်သမျှတွေကိုလည်း ဒီမှန်တိုင်က အချက်ကျအောင် တိုင်းတာပြီး ဆောက်လုပ်ကြရတယ်။ ဒါကြောင့် မှန်နန်းတော်ကြီးဟာ နန်းတော်ကြီးတခုလုံးရဲ့ ဗဟိုချက်မလို့ ယူဆရတယ်။ ဗဟိုချက်မဖြစ်တဲ့အတိုင်းလည်း ရှင်ဘုရင်များဟာ မှန်နန်းတော်မှာ အမြဲ စံတော်မူရတယ်။” လို့ မှတ်တမ်းပြုထားပါတယ်။ ဆိုလိုချက်မှာ မှန်နန်းလို့ခေါ်ရခြင်းဟာ ဖန်တွေ မှန်တွေကြောင့် မဟုတ်ဘဲ မြို့တော်ရဲ့ အလယ်ဗဟိုချက်ကို ယူထားတဲ့အတွက် မှန်နန်းတော်လို့ ခေါ်ရခြင်းဖြစ်တယ်လို့ ဆိုချင်ဟန် ရှိပါတယ်။ ဒီမှန်နန်းကို အစွဲပြုလို့ မူရင်းကျမ်းပြုသူတွေက မှန်နန်းရာဇဝင်လို့ အမည်သတ်မှတ်ခဲ့တယ်လို့ ယူသော် ရနိုင်စရာရှိပါတယ်။ ဒါကြောင့် Glass Palace ဆိုရန် သင့်မသင့်ကို ပြဿနာတရပ်အနေနဲ့ ချဉ်းကပ်မိနေပါတယ်။ ကျနော်တို့ တန်ဖိုးထားရသော ဆရာကြီးများက ဘာကြောင့် Glass Palace လို့ ပြန်ဆိုသလဲ။ အကြောင်းတရပ်ရပ်တော့ ရှိနိုင်ပါတယ်။ အမှန်တကယ်ပဲ ဖန်တွေ မှန်တွေနဲ့ တည်ဆောက်ခဲ့တဲ့အတွက် Glass Palace လို့ အယူအကောက် ဖြစ်ခဲ့သလား။ ဒါမှမဟုတ် မြို့တော် “ဗဟို”ချက် ဖြစ်ခြင်းကို အစွဲပြုပြီး ခေါ်ခဲ့လေသလားဆိုတာ ပညာရှင်များ ဆက်လက်ငြင်းခုန် ဆွေးနွေးပြီး အမှန်ကို ဖော်ထုတ်ပေးနိုင်မယ်ဆိုရင် နှောင်းလူတို့ အကျိုးများနိုင်ကြောင်းပါ။ ဆရာဋ္ဌေး ကိုးကား  ဇေယျ…၂၇ ခု မန္တလေး (ဆောင်းပါး) ဓာတ်ပုံ - Pinterest/ amazon
3 years Ago
Up