မြ၀တီ

May 4, 2020

ထိုင်းနိုင်ငံမှပြန်လာသည့်  မြန်မာအမျိုးသား ၁ ဦး  မြဝတီဆေးရုံတွင် သေဆုံး 

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး   ဘီးလင်းမြို့ကိုပြန်မယ့် အသက် ၇၀ နှစ်ဝန်းကျင်ရှိ  မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဟာ မြဝတီမြို့ ပြည်သူ့ဆေးရုံမှာ မေလ ၄ ရက် မနက်က သေဆုံးသွားပါတယ်။ နှစ်နိုင်ငံနယ်စပ် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)ကနေ ဒီကနေ့ မေလ ၄ ရက်နေ့မှာ ထိုင်းရောက်မြန်မာရွေ့ပြောင်းလုပ်သားတွေအပါအဝင် မြန်မာနိုင်ငံသား  ၄၄ ဦး ပြန်လာကြတာ ဖြစ်ပါတယ်။  ပြန်ဝင်လာသူတွေအထဲမှာ  မဲဆောက်မြို့ ဆေးရုံမှာ တက်ရောက်ခဲ့တဲ့ အမျိုးသားတစ်ဦးနဲ့  လူနာစောင့် အမျိုးသမီး ၁ ဦးတို့လည်းပါဝင်လာတာပါ။ လူနာဟာ နယ်စပ်ဂိတ်ကို ဖြတ်သန်းလာပြီးနောက်  မြဝတီမြို့ဆေးရုံကြီးကိုအရောက်မှာ  သေဆုံးသွားခဲ့တာဖြစ်ပါတယ်။အဆိုပါလူနာနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။  မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂) မှာ လူတွေဖြတ်သန်းသွားလာ ခရီးသွားတာကို  အရင်ကပိတ်ထားခဲ့ပေမဲ့  နှစ်ဘက် ခရိုင်တာဝန်ရှိသူတွေရဲ့ ညှိနှိုင်း ဆွေးနွေးမှုကြောင့် အခုရက်ပိုင်းမှာ ပြန်လည်ဖွင့်ပေးထားပါတယ်။ ဒီကနေ့ မနက်က မြန်မာနိုင်ငံအတွင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းလုပ်ငန်းရှင် အယောက် ၂၀ လောက်လည်း မြဝတီမြို့က တဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ ဘက်ကို ပြန်လည်ထွက်ခွာသွားပါတယ်။ မြန်မာ-ထိုင်းနယ်စပ်မှာ တံတားဂိတ်နဲ့ အဝင်အထွက် ကိစ္စတွေ အချိန်တိုင်းမှာ အပြောင်းလဲရှိတာကြောင့်  ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့   ထိုင်းနိုင်ငံရဲ့ ဥပဒေ တွေကိုလိုက်နာကြဖို့နဲ့ ခရီးမသွားခင်မှာ အစိုးရထုတ်ပြန်ထားတဲ့ ကြေညာချက်တွေကို သိရှိဖို့လိုတယ်လို့ ကရင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်  ဦးသန့်ဇင်အောင်က ပြောပါတယ်။ သတင်း-ဓာတ်ပုံ- ဖိုးစီ
11 months Ago
Up