မြောင်းမြ

February 15, 2021

မြောင်းမြ မြန်မာ့စီးပွားရေးဘဏ်ကို စစ်တပ်နှင့် ရဲဝင်စီး၊ သေနတ်သံထွက်ပေါ်

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ကို အာဏာသိမ်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက် မနက် ၁၁ နာရီလောက်မှာ အကာအရံအတားဆီးတွေချကာ ပိတ်ဆို့ဝင်ရောက်သွားပြီးနောက် သေနတ်သံ ထွက်ပေါ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဘဏ်အတွင်းသို့ စစ်သားတွေ၊ ရဲတပ်ဖွဲ့နဲ့  အထွေထွေအုပ်ချုပ်ရေးဌာန အကြီးတန်းအရာရှိတွေ ဝင်ရောက်သွားပြီးနောက် သေနတ်သံထွက်ပေါ်ခဲ့တာပါ။

သေနတ်ပစ်ဖောက်ရတဲ့ အကြောင်းရင်းကိုသိရဖို့ ရဲတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းရာမှာတော့ ရဲတပ်သားတစ်ဦး သေနတ်ကို ကျောသိုင်းလွယ်ပြီး သတိဆွဲ အလေးပြုစဉ် ကျည်ဆန် ထွက်သွားတယ်လို့ ပြောပါတယ်။

အနီးပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ပြည်သူတွေက  သေနတ်သံကြားရသူတွေရှိသလို အော်ဟစ်ဆူညံသံတွေကြောင့်  မကြားရသူတွေလည်း ရှိပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရတော့  ဘဏ်အတွင်းရှိ ငွေတိုက်သော့ကို သေနတ်ပစ်ဖောက် ဖျက်ဆီးတာဖြစ်တယ်လို့ မြို့ခံတွေအကြားမှာ သတင်းတွေ လည်း ထွက်ပေါ်နေပါတယ်။

ဘဏ်ဝန်ထမ်းတွေကို ရဲတပ်ဖွဲ့က ရုံးမတက်မနေရဆိုပြီး နေအိမ်တွေကနေ လာရောက်ခေါ်ယူသွားတာတွေ ရှိနေတယ်လို့လည်း ဘဏ်ဝန်ထမ်းတွေက ပြောပါတယ်။

2 months Ago

January 9, 2021

မြောင်းမြမြို့တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅ ဦးထိ ရှိလာ

ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၅ ဦးထိရှိလာပြီလို့ သိရပါတယ်။ 

အခုနောက်ဆုံး  ဇန်နဝါရီလ ၈ ရက်နေ့ မနက် ၄ နာရီ ၃၀ အချိန်မှာ သေးဆုံးသွားသူကတော့ ပုသိပ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ လိပ်ကမ္ဘာကျေးရွာနေ အသက် ၅၈ နှစ်အရွယ်အမျိုးသား လေဖြတ်ဝေဒနာခံစားနေတစ်ဦးဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်နေ့က မြောင်းမြခရိုင်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေစဉ် ဓာတ်ခွဲနမူနာရယူစစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ မြောင်းမြခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနှစ်ဆန်းဦးက အတည်ပြုပြောကြားပါတယ်။ 

သေဆုံးခဲ့တဲ့ အတည်ပြုလူနာနဲ့ ထိစပ်ခဲ့သူတွေကိုလည်း သီးခြား‌ထားပြီး ဓာတ်ခွဲနမူနာတွေ ရယူ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

"‌မြောင်းမြမှာ ဒေသတွင်းကူးစက်မှု့တွေကြောင့် သေဆုံးသူ ၅ ဦးထိရှိလာပြီ။ ပိုပြီးဂရုစိုက်ကြပါ။ ဒါ့ကြောင့် လူစုလူဝေးရှောင်ကြပါ။ ကျန်းမာရေးနဲ့ အားကစား ၀န်ကြီးဌာနက ထုတ်ပြန်ချက်တွေကို စနစ်တကျလိုက်နာကြပါ။" 

မြောင်းမြခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ပိုးတွေ့လူနာစုစုပေါင်း ၂၀၇ ဦး၊ သေဆုံးသူ ၅ ဦးနဲ့ လက်ရှိမှာ လူနာ ၁၆ ဦးကို ကုသနေပြီး ကျန်လူနာတွေကတော့ ရောဂါကောင်းမွန်လို့ ဆေးရုံ ဆင်းသွားပြီဖြစ်ပါတယ်။ 

ကိုကိုကြည်
3 months Ago
More News
Up