မြောက်မက်ဆီဒိုးနီးယား

July 16, 2020

မြောက်မက်ဆီဒိုးနီးယားရွေးကောက်ပွဲ အာဏာရပါတီ အနိုင်ရဖွယ်ရှိ

မြောက်မက်ဆီဒိုးနီးယားနိုင်ငံရဲ့ပါလီမန်ရွေးကောက်ပွဲမှာ  အီးယူအဖွဲ့ဝင်ဖြစ်လိုတဲ့ အာဏာရ SDSM  ပါတီက အနိုင်ရဖွယ်ရှိတယ်လို့ ဇူလိုင်လ ၁၅ ရက် ရွေးကောက်ပွဲကော်မရှင် ရလဒ်တွေ  အရ သိရပါတယ်။ ရေတွက်ပြီး  မဲအရေအတွက် ၇၁ ရာခိုင်နှုန်းအပေါ် အခြေခံတဲ့  ကနဦးရလဒ်တွေအရ  ဆိုရှယ်ဒီမိုကရက်   SDSM  ပါတီက ၃၆ ဒသမ ၉ ရာခိုင်နှုန်း ရထားပြီး   အဓိက ပြိုင်ဘက်  အမျိုးသားရေးဝါဒီ    VMRO-DPMNE ကတော့  ဒုတိယအများဆုံး ၃၅ ဒသမ ၉ ရာခိုင်နှုန်း  ရထားပါတယ်။  အစိုးရအဖွဲ့မှာ    SDSM   ပါတီနဲ့ ညွှန်ပေါင်းဖွဲ့ထားတဲ့  အယ်ဘေးနီးယန်း မျိုးနွယ်စု ပါတီကတတိယအများဆုံး ၁၀ ဒသမ ၂ ရာခိုင်နှုန်း ရရှိပါတယ်။   လူဦးရေ ၂ သန်းရှိပြီး ယူဂိုဆလပ်သမ္မတနိုင်ငံဟောင်းဖြစ်တဲ့ မြောက်မက်ဆီဒိုးနီးယား နိုင်ငံ ဟာ ဒီနှစ်ထဲမှာပဲ နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။  အီးယူအဖွဲ့ဝင်ဖြစ်ရေးလိုလားတဲ့ SDSM ပါတီရဲ့အောင်ပွဲက   အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေး ပွဲတွေ  အီးယူနဲ့ ဆက်လုပ်ဖို့ အရှိန်ရလာတယ်လို့  ရိုက်တာသတင်းမှာ ရေးပါတယ်။ 
1 year Ago

အီးယူအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုဆုံးဖြတ်မည့် မြောက်မက်ဆီဒိုးနီးယား ပါလီမန်ရွေးကောက်ပွဲ စတင်

အီးယူအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုကို ဆုံးဖြတ်ပေးမယ့် မြောက်မက်ဆီဒိုးနီးယား ပါလီမန် ရွေးကောက်ပွဲကို ဇူလိုင် ၁၅ ရက်က စတင်ပါတယ်။ ဒီရွေးကောက်ပွဲမှာ   အာဏာရ  အီးယူ ထောက်ခံတဲ့ ဆိုရှယ်ဒီမိုကရက်တွေနဲ့ အတိုက်အခံ အမျိုးသားရေးဝါဒီတွေ အကြိတ်အနယ် ယှဉ်ပြိုင်ရမှာပါ။ ဝန်ကြီးချုပ်ဇိုလန်ဇာယက်က နိုင်ငံအမည်မှာ “မြောက်” ဆိုတဲ့ စကားလုံးကို  ဖြည့်စွက်တာကို သဘောတူပြီး  နိုင်ငံကို အီးယူအဖွဲ့ဝင်နိုင်ငံ ဖြစ်ရေး ကြိုးပမ်းနေပါတယ်။ ဒီလို စကားလုံးဖြည့်စွက်တာက အိမ်နီးချင်း ဂရိနိုင်ငံက အလားတူ မက်ဆီဒိုးနီးယားဆိုတဲ့ ပြည်နယ်နာမည်နဲ့ ကွဲပြားသွားစေဖို့ ဖြစ်ပြီး ဂရိနိုင်ငံနဲ့ ဆယ်စုနှစ်ကြာ အကျပ်အတည်းကို  ဖြေရှင်းလိုက်တာပါ။  အတိုက်အခံ ဟီချီယန်း-မစ်စကော့စီရဲ့ VMRO-DPMNE ပါတီကတော့ နိုင်ငံ နာမည်ပြောင်းတာကို ကန့်ကွက်ပြီး ဇာယက်ရဲ့ ဆိုရှယ်ဒီမိုကရက်တွေဟာ အကျင့်ပျက် ခြစားတယ်၊  ခရိုနီတွေ ဖြစ်တယ်ဆိုပြီး စွပ်စွဲပါတယ်။ မကြာခင်က လုပ်ထားတဲ့ လူထုစစ်တမ်းအရ ရွေးကောက်ပွဲမှာ ဆိုရှယ်ဒီမိုကရက်တွေက နှာတဖျားနဲ့ အနိုင်ရသလို တခြားလူထုစစ်တမ်းတစ်ခုမှာတော့ VMRO-DPMNE ပါတီက ပွတ်ကာသီကာ အနိုင်ရထားပါတယ်။  ဒါပေမဲ့ စစ်တမ်းနှစ်ခုစလုံးမှာ ထောက်ခံမဲဟာ  ၂၅ ရာခိုင်နှုန်းထက် နည်းတာမို့ သူတို့ဟာ မဲအများစုရဖို့ ညွန့်ပေါင်းဖွဲ့ဖို့ လိုမယ်ဆိုပြီး  ရိုက်တာက ဖော်ပြထားပါတယ်။ 
1 year Ago
Up