နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းကနေ စက်တင်ဘာ ၂၈ ရက်က ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ အသစ်တီထွင် ထုတ်လုပ်ထားတဲ့ အသံထက်မြန်တဲ့ ဒုံးကျည် ဖြစ်တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာ KCNA က စက်တင်ဘာ ၂၉ ရက်မှာ ကြေညာလိုက်ပါတယ်။
ဒါဟာ အထီးကျန်နိုင်ငံက အသစ်စမ်းသပ်လိုက်တဲ့ လက်နက်တွေက နောက်ဆုံးပေါ်လက်နက်လည်း ဖြစ်ပါတယ်။
သံတမန်ရေး ဆွေးနွေးပွဲတွေပြန်စရေး လက်နက်အစီအစဉ်အပေါ် စံချိန် ၂ မျိုးသုံးနေတာ ဖျက်သိမ်းဖို့ မြောက်ကိုရီးယား အစိုးရက အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို ဆော်သြခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းကနေ ပင်လယ်ထဲကို ဒုံးကျည် ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။
“အသံထက်မြန်တဲ့ ဟိုက်ပါဆောနစ်ဒုံးကျည်ဟာ ဗျူဟာမြောက်လက်နက် ဖြစ်တယ်။ လက်နက်စနစ် ဖွံ့ဖြိုးတိုးတက်မှုဟာ မြောက်ကိုရီးယားရဲ့ ကာကွယ်ရေးစွမ်းရည်ကို တိုးစေတယ်”လို့ KCNA က ပြောပါတယ်။
ဒီပစ်လွှတ်စမ်းသပ်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း မစစ်ဆေးခဲ့ဘူးလို့လည်း မြောက်ကိုရီးယားသတင်းက ဆိုပါတယ်။
မြောက်ကိုရီးယားဟာ သူ့ရဲ့ လက်နက်စနစ်ကို တိုးတက်အောင် မရပ်မနား လုပ်ဆောင်နေတာပါ။
အမေရိကန်က ဒဏ်ခတ်မှု သက်သာစေရေးအတွက် သူ့ရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် လက်နက်တိုက်ကို ဖြုတ်သိမ်းဖို့ ရည်မှန်းထားတဲ့ ဆွေးနွေးပွဲတွေကတော့ ချောင်ပိတ်မိတဲ့ အနေအထားကို ရောက်နေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။