ဒီသီတင်းပတ်အစောပိုင်းမှာ ပျောက်ဆုံးသွားတဲ့ တောင်ကိုရီးယား ငါးဖမ်းလုပ်ငန်းအရာရှိ တယောက်ကို မြောက်ကိုရီးယားစစ်သားတွေက ပစ်သတ်ပြီး ဓာတ်ဆီလောင်း မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
ဒီလိုလုပ်တာဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကြိုကာကွယ်တဲ့ လုပ်ဆောင်ချက် ဖြစ်ဖွယ်ရှိတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောဆိုပြီး မြောက်ကိုရီးယားရဲ့လုပ်ရပ်ကို တောင်ကိုရီးယားအစိုးရက စက်တင်ဘာ ၂၄ ရက်မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
အဲဒီအရာရှိဟာ မြောက်ကိုရီးယားဘက်ကို ပြောင်းဖို့ ကြိုးပမ်းတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ တောင်ကိုရီးယားစစ်တပ်က ဆိုပါတယ်။
သူ ပစ်သတ်ခံရတဲ့အကြောင်းရင်းကို တိတိကျကျ မသိရပေမယ့် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအမိန့်အရ မြောက်ကိုရီးယားစစ်သားတွေက သူ့ကို ပစ်သတ်ခဲ့ဖွယ်ရှိတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
တောင်ကိုရိးယားနိုင်ငံသား သတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် သမ္မတ အိမ်တော်ရဲ့ အမျိုးသားလုံခြုံရေးရုံးက ပြောဆိုပြီး မြောက်ကိုရီးယားဘက်က တောင်းပန်ဖို့နဲ့ နောက်အလားတူ ဖြစ်ရပ်တွေ မဖြစ်အောင် အစီအမံ တွေလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဖြေရှင်းချက်ပေးဖို့ တောင်ကိုရီးယားစစ်တပ်က သတင်းစကား ပို့ပေးခဲ့ပေမယ့် မြောက်ကိုရီးယားဘက်က တုံ့ပြန်မှုကို မရသေးဘူးလို့ ရိုက်တာသတင်းက ဖော်ပြ ပါတယ်။
5 months Ago