မြေမြှုပ်မိုင်းကွဲ

June 18, 2021

ကျောက်တော်မြို့နယ်၌ မြေမြှုပ်မိုင်းကွဲပြီး အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ဇွန်လ ၁၇ ရက် မနက်က  မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရသွားပါတယ်။

ယိုးချောင်းဒေသ ငှက်ပျော့ချောင်းကျေးရွာနေ ဒေါ်အေးမြဟာ မနေ့ မနက်က တောထဲကို မျှစ်(ဝါးတုတ်)ခူးသွားရင်း မိုင်းနင်းမိကာပေါက်ကွဲမှုကြောင့် ဘယ်ဘက်ခြေထောက်မှာ ပြင်းထန်စွာဒဏ်ရာရရှိလို့ စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်ထားရတယ်လို့ ရခိုင်တိုင်းရင်းမျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“သူက စားဝတ်နေရေးအတွက် တောထဲမှာမျှစ်သွားခူးတယ်။ အဲဒီမှာ မြေမြှုပ်မိုင်းနင်းမိပြီးတော့ ပေါက်ကွဲသွားတဲ့အတွက် ဘယ်ဘက်ခြေကျင်းဝတ်အောက် ပြတ်ထွက်သွားခဲ့တယ်။ ဒဏ်ရာကပြင်းတဲ့အတွက် စစ်တွေဆေးရုံကိုယူလာပြီးတော့ ဆေးရုံမှာ ဆေးကုသမှုခံယူနေပါပြီ” ။

ဒေါ်အေးမြဟာ လက်ရှိဆေးရုံမှာ ဆေးကုသမှုခံယူရာမှာ ကုန်ကျစရိတ်တွေအတွက်  လာရောက်ကူညီထောက်ပံ့ပေးကြသလို အခမဲ့ဆေးကုသပေးတဲ့အတွက် အဆင်ပြေပေမဲ့  ဘဝကိုခက်ခက်ခဲခဲရုန်းကန်နေရတဲ့ မုဆိုးမ တစ်ဦးဖြစ်ကာ သမီး တစ်ယောက်က တက္ကသိုလ်တက်နေတာကြောင့်  ဘဝရေရှည်ရပ်တည်ရေး ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ငှက်ပျော့ချောင်းကျေးရွာအနီးမှာ အရင်ကလည်း မိုင်းပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ ၂ နှစ်ကျော်ကြာတိုက်ပွဲဖြစ်ပြီးနောက် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေပေါက်ကွဲမှုကြောင့် ၂၀၂၁ ခုနစ် ဇွန်လ ၆ ရက်အထိ သေဆုံးသူ ၄၉ ဦးနဲ့ ဒဏ်ရာရသူ ၇၉ ဦးရှိပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။

7 months Ago
Up