မြေပြင်

December 11, 2020

SpaceX ဒုံးပျံယာဉ်  စမ်းသပ်ပျံသန်းစဉ် မြေပြင်သို့အဆင်း ပေါက်ကွဲ

SpaceX ရှေ့ပြေးအာကာသယာဉ်ရဲ့ ဒုံးပျံဟာ  စမ်းသပ်ပျံသန်းစဉ် ဒီဇင်ဘာ ၉ ရက်က မြေပြင်ပေါ် ပြန်အဆင်းမှာ ပေါက်ကွဲခဲ့ပါတယ်။ တက္ကဆက်ပြည်နယ် ဘိုကာချီကာအာကာသစခန်းကနေ စမ်းသပ်လွှတ်တင်ပြီးနောက် မိနစ်ပိုင်းအကြာ ပြန်အဆင်းမှာ ပေါက်ကွဲခဲ့တာပါ။ ပေါက်ကွဲပျက်စီးခဲ့တဲ့ ဒုံးပျံဟာ အနာဂတ်လကမ္ဘာနဲ့ အင်္ဂါဂြိုဟ်သွား မစ်ရှင်တွေမှာ လူသားနဲ့ ကုန်ပစ္စည်းတန်ချိန် ၁၀၀ အထိ သယ်ဆောင်ဖို့  SpaceX ကုမ္ပဏီက ဖန်တီးထားတဲ့  ၁၆ ထပ်မြင့်တဲ့ ရှေ့ပြေးယာဉ်ပျံဖြစ်ပါတယ်။ ဒီအလိုအလျောက်ထိန်းကျောင်းတဲ့ ဒုံးပျံဟာ ထိန်းချုပ်ဆင်းသက်ပြီးနောက် ဒုံးလွှတ်စင်နဲ့ ထိချိန်မှာ ပေါက်ကွဲသွားခဲ့တာပါ။   နောက်ပြီး ဒီစမ်းသပ်လွှတ်တင်မှုမှာ အသစ်ဖန်တီးထားတဲ့ ရတ်ပ်တာအင်ဂျင် ၃ လုံး တွန်းကန်အားနဲ့ အမြင့်ပေ ၄၁,၀၀၀ အထိ ရောက်ဖို့ ရည်မှန်းခဲ့ပါတယ်။  SpaceX ကုမ္ပဏီစီအီးအို အီလွန်မာ့စ်ကတော့ ဒုံးပျံ အဆင်းမှာ  လောင်စာကန်ဖိအား နည်းနေပြီး မြေပြင်ထိအလျင်ဟာ မြင့်မားခဲ့တယ်လို့ သူရဲ့တွစ်တာစာမျက်နှာမှာ ရေးသား ခဲ့ပါတယ်။   
4 months Ago
Up