မြေပိ သေဆုံး

A d v e r t i s e m e n t With Us

June 1, 2020

ဖားကန့်တွင် ကမ်းပါးပြိုကျပြီး ရေမဆေးသမား ၂ ဦး မြေပိ သေဆုံး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ သောင်းကော့ကျေးရွာအနီးမှာ ဒီမနက် ဆယ်နာရီလောက်က သက်တမ်းကုန် လုပ်ကွက်က ကမ်းပါးပြိုကျတာကြောင့် ရေမဆေးရှာဖွေသူ ၂ ဦး သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာ နယ်မြေရဲစခန်းက သိရပါတယ်။ သေဆုံးသွားသူ ရေမဆေးနှစ်ဦးဟာ တနိုင်းမြို့ဇာတိ ကချင်တိုင်းရင်းသားတဦးဖြစ်တဲ့ ဆမားဇော်ကိန် (၂၉)နှစ်နဲ့ ၊ ဆဒုံးမြို့ ရပ်ကွက်(၁) အားဟုတ်(ခ)ရှင်းချန်း (၂၁)နှစ်တို့ ဖြစ်ပြီး ဦးခေါင်းနဲ့ မျက်နှာတွေ ကြေညက်သွားပြီး သေဆုံးသွားခဲ့တာလို့ဆိုပါတယ်။ သောင်းကောင့်ကျေးရွာအနီး အရင်ကျောက်တူးကုမ္ပဏီတခုရဲ့ သက်တမ်းကုန် ကျောက်စိမ်းလုပ်ကွက်ကမ်းပါးခြေမှာ ရေမဆေးကျောက် ရှာဖွေစဉ် အမြင့်ပေ ၃ဝဝ လောက်ကနေ ရုတ်တရက် ကမ်းပါးပြိုကျပြီး မြေစာပိသေဆုံးခဲ့တာလို့  မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ အဆိုပါ နေရာမှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်  ည ၇ နာရီလောက်ကလည်း  ဦးရန်အောင် (၃၃)နှစ်ဟာ ယခုပြိုကျမယ့် ကမ်းပါးပေါ်ကနေ ပြုတ်ကျ သေဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီနေရာမှာပဲ ၂ဝ၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့ကလည်း ရေမဆေးရှာဖွေသူ တစ်ဦး ကမ်းပါးပြိုကျမှုကြောင့် မြေပိသေဆုံးခဲ့ဖူးပါတယ်။ ဖားကန့်မြို့နယ် ဖားကန့်-လုံးခင် ရတနာနယ်မြေမှာ မြေကမ်းပါးပြိုကျမှုတွေကြောင့် ၂ဝ၁၇ နှစ်ကစပြီး နှစ်စဉ် လူပေါင်း ၅၀ ထက် မနည်းသေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ အခု ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁ရက်နေ့အထိ ယခုဖြစ်စဉ်အပါအဝင် မြေပြိုကျမှု ၈ ကြိမ် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၄ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာ ပြင်းထန်စွာရခဲ့တယ်လို့ သက်ဆိုင်ရာ ရဲမှတ်တမ်းနဲ့ မီဒီယာ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။ သတင်း- ဇော်မိုးထက် (ဖားကန့် )  
9 months Ago
Up