မြေပိသေဆုံး

December 15, 2020

ဖားကန့်တွင် လူ  ၃ ဦး မြေပိသေဆုံး၊ ၂ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာအနီး ဘဇံချောက်မှာ ဒီဇင်ဘာ ၁၄ ရက် ည ၁၀ နာရီခွဲလောက်က  ရတနာအဓိပတိ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ လုပ်ကွက်ဟောင်းကမ်းပါး ပြိုကျမှုကြောင့် တပိုင်တနိုင် ကျောက်စိမ်းတူးဖော်သူ ၃ ဦး မြေပိ သေဆုံးခဲ့ပြီး ၂ ဦး  အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ မြေပိသေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားခဲ့ တယ်လို့ သင်္ခါ လူမှုကူညီရေးအသင်းထံက သိရပါတယ်။ ဖားကန့် ရတနာနယ်မြေမှာ ကမ်းပါးပြိုကျမှု၊ နွံကန်ပြိုကျမှု၊ မြေစာပြိုကျမှုတွေ ဖြစ်ပေါ်နေ ခဲ့တာကြောင့် နိုင်ငံတော်အစိုးရက ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို ဇူလိုင် ၁ ရက်မှ  ၂၀၂၁ ခု ဇန်နဝါရီလ ကုန်အထိ ရပ်နားထားဖို့ အမိန့်ထုတ်ထားတာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန် ဖားကန့်ဒေသဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်တက်နေတာကြောင့် stay at home နေထိုင်ကြဖို့လည်း အစိုးရက အမိန့်ထုတ်ထားတာဖြစ်ပါတယ်။ ဖားကန့်ဒေသမှာ ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုကြောင့် ဝှေခါကျေးရွာမှာ ဇူလိုင်လ ၂ ရက်နေ့ကလည်း ကျောက်စိမ်းတူးဖော်သူ ၂၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ ဖားကန့် ရတနာနယ်မြေမှာ ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှု၊ ကျောက်စိမ်းကမ်းပါး တွေပေါ်မှ ပြုတ်ကျမှု၊ မြေပြိုကျမှုတွေကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း  အခုဖြစ်စဉ်အပါအဝင် သေဆုံးသူပေါင်း အယောက်  ၂၅၀  ထက်မနည်း ရှိပါတယ်။ သတင်း - ဇော်မိုးထက်(ဖားကန့်)
4 months Ago
Up