မြေထဲပင်လယ်အရှေ့ပိုင်း

July 22, 2020

မြေထဲပင်လယ်အရှေ့ပိုင်း ကျူးကျော်မှုကို တူရကီ ရပ်တန့်ရန် ဂျာမန် နိုင်ငံခြားရေးဝန်ကြီးပြော

ဥရောပသမဂ္ဂနဲ့ တူရကီတို့ ဆက်ဆံရေးတိုးတက်မှု လိုချင်ရင် တူရကီဟာ မြေထဲပင်လယ်အရှေ့ပိုင်း ရေပိုင်နက်ထဲက သဘာဝသယံဇာတတွေ တူးတာ ရပ်ရလိမ့်မယ်လို့ ဂျာမန် နိုင်ငံခြားရေးဝန်ကြီး ဟိုက်ခိုမားစ်က ဇူလိုင် ၂၁ ရက်မှာ ပြောပါတယ်။ မြေထဲပင်လယ်အရှေ့ပိုင်းမှာ ကျူးကျော်မှုကို တူရကီက ရပ်တန့်မှသာ ဥရောပသမဂ္ဂနဲ့ တူရကီ ဆက်ဆံရေး တိုးတက်မှု ဖြစ်နိုင်လိမ့်မယ်၊ နိုင်ငံတကာဥပဒေကို လေးစားရလိမ့်မယ်လို့ ဂျာမန် နိုင်ငံခြားရေးဝန်ကြီးက ဂရိနိုင်ငံကို အလည်အပတ် ခရီးစဉ်အတွင်း ပြောပါတယ်။ တူရကီဟာ လစ်ဗျားနိုင်ငံတကာ အသိအမှတ်ပြု အစိုးရနဲ့ကြား သဘောတူညီချက် ရထားတဲ့ ရေပိုင်နက်မှာ ငလျင် သုတေသနနဲ့ တူးဖော်ရေးလုပ်ငန်းတွေကို စတော့မယ်လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီး မေဗ်လွတ်ကာဗူစိုဂလူက အရင်အပတ်က ပြောပါတယ်။ ဂရိအစိုးရကတော့ တူရကီနဲ့ လစ်ဗျား ကမ်းရိုးတန်း နှစ်ခုအကြားက ဂရိ ပိုင်တဲ့ ခရေတေကျွန်း ရှိနေတာကို လျစ်လျူရှုထားလို့ တူရကီ ပြောတဲ့ သဘောတူညီချက်ဟာ ပထဝီဝင် အနေအထားအရ အဓိပ္ပာယ်မရှိဘူးလို့ ပြောပါတယ်။ ဆိုက်ပရပ်စ်ကျွန်းနဲ့ ပိုင်းခြားထားတဲ့ ကမ်းရိုးတန်း ကမ်းလွန်က မြေထဲပင်လယ် အရှေ့ခြမ်းထဲမှာ တူရကီက တွင်းတူးနေလို့ ဂရိနဲ့ တူရကီ အစိုးရတွေကြား ဆက်ဆံရေး တင်းမာနေပါတယ်။
3 years Ago
Up