မြို့သစ်ရွာ

April 23, 2021

ခင်ဦးမြို့ မြို့သစ်ရွာက အန်အယ်လ်ဒီပါတီ အလံနှင့်ဆိုင်းဘုတ်များ စစ်ကောင်စီတပ်ဖွဲ့ ဖျက်ဆီး

ခင်ဦးမြို့နယ် မြို့သစ်ရွာမှာ ဧပြီ ၂၂ ရက် မနက် ၁၁ နာရီလောက်က  အကြမ်းဖက် စစ်အုပ်စု ဝင်ရောက်လာပြီး ရွာအုပ်ချုပ်ရေးမှူးအိမ်က စားသုံးကုန်တွေ ယူဆောင်သွားသလို ရွာအတွင်းက အန်အယ်လ်ဒီပါတီ အလံတွေ၊ ဆိုင်းဘုတ်တွေ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက် ရဲနဲ့စစ်တပ်က စစ်ကား ၅ စီးနဲ့ ရွာကို သေနတ်ဖောက်ဝင်ရောက်လာကာ ရွာအုပ်ချုပ်ရေးမှူး ဦးဋ္ဌေးတင် အိမ်ကို ဝင်ရှာပြီး လူမတွေ့တဲ့အတွက် ငါးသေတ္တာ ၊ အချိုရည် ဆီဘူး တွေနဲ့ အသံချဲ့စက်ပစ္စည်းတွေကို ယူသွားကြတယ်လို့ ဆိုပါတယ်။ 

အုပ်ချုပ်ရေးမှူးအိမ်အနောက်ဘက်က ရွာသား ဦးအောင်ကိုလတ်နဲ့ ဦးကြည်အောင်အိမ်ကို လည်း ရှာဖွေသွားပြီး ကျောပိုးအိတ်တစ်လုံး ယူသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ရွာက NLD ဆိုင်းဘုတ်တွေကို ဓားနဲ့ ခုတ်သွားသလို ပါတီဝင် ဦး ကျော်နိုင်အိမ်က လည်း စာရွက်စာတမ်းတွေ၊ ဆိုင်းဘုတ်တွေ၊ အလံတွေကိုပါ ဖျက်ဆီသွားပြီး အိမ်သုံးဓားက အစ ယူသွားတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ဖမ်းချင်တဲ့ သူတွေကို ရွာမှာ မတွေ့တာကြောင့် အိမ်တွေက အိုးခွက် ပန်းကန် အစားအသောက်တွေ လုယူနေတာကြောင့် ရွာသားတွေ တိမ်းရှောင်နေကြရတယ်လို့ ရွာခံတဦးက ပြောပါတယ်။

"ကျနော်တို့တွေအားလုံး ဒီဖြစ်ရပ်ကြောင့် ရွာမှာ မနေရဲတော့ဘဲ တောထဲပြေးနေကြရပါပြီ။ ရွာကို ဒီလိုဝင်တာ ဒါပထမဆုံးပဲ။ ဒါပေမဲ့ အရင်ကလည်း ရွာကလူတွေကို သတင်းပေး ခြိမ်းခြောက်လို့ ရွာကလူတွေ ထွက်ပြေးနေရတာ ၇ ခါရှိပြီ။ ဆန္ဒပြမထွက်ခင် ညတွေဆို ရွာကို မီးခဏခဏရှို့လို့ ရွာသားတွေ ညဆိုကောင်းကောင်းမအိပ်ရဘဲ ကျီးလန့်စာစားနေနေရတယ်။ ရွာထဲက ဒလံတွေကိုလည်း တော်တော်လေး ကြောက်ရပါတယ်။”

CDM လုပ်ထားတဲ့ ရေဦးမြို့က ပြည်သူ့ကျန်းမာရေး  မြို့နယ် သူနာပြုအုပ် ဒေါ် ခင်ဆွေသန်းရဲ့ တည်နေရာကိုလည်း ရွာသားတွေကို သေနတ်ဖောက်ခြိမ်းခြောက်ပြီး စစ်မေးတယ်လို့ သိရပါတယ်။

7 months Ago
Up