မြို့သစ်မြို့နယ်

August 10, 2022

မြို့သစ်မြို့နယ်တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိ

မကွေးတိုင်း၊ မြို့သစ်မြို့နယ်မှာ ဩဂုတ် ၉ ရက် မနက်အစောပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ဗိဿနိုး-PDF တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ပွင့်ဗိုလ်အပါအဝင် ၃ ယောက်သေဆုံး၊ တယောက်ဒဏ်ရာရပြီး PDF တပ်ဖွဲ့ဝင် ၆ ယောက်နဲ့ ပြည်သူတယောက် ကျဆုံးခဲ့တယ်လို့ ဗိဿနိုး-PDF က ပြောပါတယ်။

“မြို့သစ်မြို့နယ်၊ ကနီရွာမှာ ဩဂုတ် ၉ ရက်က နယ်မြေစိုးမိုးရေးနဲ့ စည်းရုံးရေးသွားလုပ်တဲ့ ဗိဿနိုး-PDF တပ်ဖွဲ့ဝင် ညအိပ်တည်းခိုတဲ့အိမ်ကို ဒလန်တွေက သတင်းပေးလို့ မနက်အစောပိုင်း ၂ နာရီကျော်လောက်မှာ စစ်(…)အင်အား ၃၀ လောက် လာဝိုင်းလို့ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်(…)ဘက်က ၃ ပွင့်အဆင့်ရှိတဲ့ ဗိုလ်တယောက် အပါအဝင် ၃ ယောက်သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်” လို့ ဗိဿနိုး-PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ လက်နက်အင်အား၊ လူအင်အား မမျှတဲ့အပြင် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခံရလို့ ဗိဿနိုး-PDF တပ်ဖွဲ့ရဲ့ အကြီးတန်းတာဝန်ခံ အပါအဝင် ရဲဘော် ၆ ယောက်နဲ့ ပြည်သူတယောက် တိုင်းပြည်အတွက် အသက်ပေးလှူလိုက်ရတယ်လို့ ဆိုပါတယ်။

ဗိဿနိုး-PDF ဟာ ဒလန်တွေရဲ့ သတင်းပေးမှုကြောင့် မကြာခဏ စီးနင်းဖမ်းဆီးခံရတာတွေ ရှိပေမဲ့ နောက်ဆုတ်သွားမှာမဟုတ်ဘဲ ကျဆုံးခဲ့တဲ့ ရဲဘော် ၆ ယောက်နဲ့ ပြည်သူတယောက်ကို သူရဲကောင်းတွေအဖြစ် မှတ်တမ်းတင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းတဲ့အထိ ကျန်ရှိနေတဲ့ ရဲဘော်တွေက ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာ ပြုသလို မိဘပြည်သူတွေ အနေနဲ့လည်း မိမိတို့တတ်နိုင်တဲ့ နေရာကနေ ပူးပေါင်းပါဝင် ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။

6 months Ago

July 16, 2022

မြို့သစ်မြို့နယ်တွင် ဗိဿနိုး-PDF ၁ ဦး၏ နေအိမ် ချိတ်ပိတ်ခံရ

မကွေးတိုင်း မြို့သစ်မြို့နယ်မှာ ဇူလိုင် ၁၆ ရက်မနက်က မကွေးအကျဥ်းထောင်မှာ ပြစ်ဒဏ် ကျခံပြီး အမှုရင်ဆိုင်နေရတဲ့ ဗိဿနိုး-PDF တာဝန်ခံတယောက်ရဲ့ နေအိမ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက  ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မကွေးအကျဥ်းထောင်မှာ ပုဒ်မ ၅၀၅(က) အမှု ၂ မှု နဲ့ ပြစ်ဒဏ်ကျခံနေရပြီး အကြမ်ဖက်မှု တိုက်ဖျက်ရေး ပုဒ်မ နဲ့ အမှုရင်ဆိုင်နေရတဲ့ မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာက ကိုကျော်သူရအောင်ရဲ့ နေအိမ်ကို  ဒီနေ့ မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်  ၃၀ လောက်က လာရောက်ဖျက်ဆီးခဲ့တာလို့ မြေပြင်သာကျေးရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ကိုကျော်သူရအောင်ရဲ့ RC တစ်ထပ်တိုက် နေအိမ်ကို စစ်(...)၊ရဲ(...)နဲပျူ(...)တွေက လာရောက် ဖျက်ဆီးပြီး နေအိမ်ကို ချိတ်ပတ်သွားကြတယ်။ ကျနော်တို့လည်း အနီးကပ်သွား မကြည့်ရဲတော့ ဘာတွေ ပျက်စီးတယ်ဆိုတာ အတိကျမသိရသေးဘူး။ စစ်(...)တွေကတော့ ​ချိတ်ပိတ်ပြီး ပြန်ထွက်သွားကြပြီ။ ကိုကျော်သူရအောင်ရဲ့ မိသားစုဝင်တွေကတော့ ဘေးလွတ်ရကို ထွက်ပြေးတိမ်ရှောင်နေကြရတယ်”

ဗိဿနိုး-PDF ရဲ့တာဝန်ခံ တစ်ယောက်ဖြစ်တဲ့ ကိုကျော်သူရအောင်ကို အခုနှစ်ဇန်နဝါရီလကုန်ပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်ဆီးပြီး ပုဒ်မ ၅၀၅ အမှု နှစ်မှု နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ထားကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ပါ အမှုရင်ဆိုင်နေရတာလို့ ဗိဿနိုး-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ခု နှစ် မေ ၂၀ ရက်အထိ နိုင်ငံတဝန်း နေအိမ်ပေါင်း ၅၈၀ ကျော်ကို စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းခဲ့ရာမှာ မကွေးတိုင်းအတွင်းက နေအိမ် ၄၈ လုံး ချိတ် ပိတ်ခံခဲ့ ရတယ်လို့  ISP-Myanmar က ဇွန် ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

7 months Ago
More News
Up