မြို့မရဲစခန်း

August 31, 2021

လှိုင်သာယာ မြို့မရဲစခန်းအနီး ဗုံးပေါက်ကွဲ၊ အနီးရှိလူ ၂ ဦး ရိုက်နှက်ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့ မြို့မရဲစခန်းအနီး ညောင်တုန်းလမ်းမကြီးပေါ်မှာ သြဂုတ် ၃၀ ရက်ည ၇ နာရီခွဲလောက်က အသံကျယ်လောင်တဲ့ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့​ပြီး  အနီးနားဝန်းကျင်ရှိ လူနှစ်ဦးကို စစ်ကောင်စီက ရိုက်နှက်ဖမ်းဆီးခဲ့​တယ်လို့  ဒေသခံတွေက ပြောပါတယ်။

ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး CGF HTY က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း Facebook စာမျက်နှာကတဆင့် ဖော်ပြထားပါတယ်။

ပေါက်ကွဲမှု​ဖြစ်ပြီး အကြောင်းမဲ့ ဖမ်းဆီးခံထားရသူတွေကို မလွှတ်ပေးသေးသလို ထိခိုက်မှု အသေးစိတ်ကိုလည်း မသိရှိရသေးပါဘူး။ အခင်းဖြစ်ပွားတဲ့ ညောင်တုန်းလမ်းမကို ခေတ္တယာယီပိတ်ထားပြီး လမ်းလွှဲကနေ မောင်းနှင်ခွင့်ပြုထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါမြို့မရဲစခန်းအနီးမှာ ဩဂုတ် ၂၀ ရက်နေ့ကလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စခန်းရှေ့ရှိသော ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

3 weeks Ago

February 17, 2021

ကြံခင်း မြို့မရဲစခန်းတွင် ၁၄ ရက်ကြာ ဖမ်းခံထားရသည့် ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် မိဘများ တွေ့ခွင့်မရ

စစ်တပ်ရဲ့အာဏာသိမ်းပြီး ၃ ရက်မြောက်နေ့မှာ အာဏာရှင်စနစ် အလိုမရှိကြောင်းစာရေးပြီး ဓာတ်ပုံရိုက်ခဲ့တဲ့ ရဲဒုတပ်ကြပ်နဲ့ ရဲတပ်သားတို့ကို ကြံခင်းမြို့မရဲစခန်းက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၁၄ ရက်ကြာတဲ့အထိ မိဘတွေက တွေ့ခွင့်မရသေးဘူးလို့ သိရပါတယ်။

သားဖြစ်သူတွေနဲ့ တွေ့ဆုံလိုကြောင်း ရဲစခန်းတာဝန်ရှိသူကို သွားရောက်ခွင့်တောင်းချိန်မှာ လုံခြုံစိတ်ချရတဲ့အချိန်မှ တွေ့ခွင့်ပေးမယ်ဆိုပြီး ပြောတယ်လို့ ဖခင်ဖြစ်သူ ဦးသန့်စင်က DVB ကို ပြောပါတယ်။

“သားဖြစ်သူတွေနဲ့ တွေ့ချင်လို့ သွားပြောတော့ လုံခြုံစိတ်ချရတဲ့ အခါတွေ့ရမယ်ဆိုပြီး လှောင်သလိုပုံစံတွေနဲ့ပြောတယ်။ သူတို့တွေ နှိပ်စက်ခံထားရလားဆိုတာ သိချင်တယ်။ ဒါပေမဲ့ တွေ့ခွင့်မပေးဘူး။ သွားပြောတိုင်း ခြိမ်းခြောက်သလို ရိသလို စေတနာနဲ့ပြောသလို ပြောတာပဲ ခံရတယ်။ ကျနော် သားလေးတွေကို တွေ့ရရင် ကျေနပ်ပါပြီပြောတော့ မစိုးရိမ်ပါနဲ့လို့ပဲပြောတယ်။ တွေ့ခွင့်မရသေးပါဘူး” လို့ ပြောပါတယ်။

စတင်ဖမ်းဆီးခံရချိန်မှာ သားဖြစ်သူတွေအတွက် စာဖတ်ဖို့ စာအုပ် ၃ အုပ်သွားပေးချိန်မှာ လက်ခံပေးခဲ့တာမျိုးရှိပေမယ့် တစ်ပတ်လောက်အကြာ စာအုပ်လဲဖို့ သွားပေးချိန်မှာ လက်မခံတော့ဘဲ ပထမပေးထားတဲ့စာအုပ်တွေကို ပြန်ထည့်ပေးလိုက်တယ်လို့ ဆိုပါတယ်။

အာဏာရှင်အလိုမရှိကြောင်း ရေးမိလို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရဲတပ်သား သူရိန်လင်းနဲ့ ရဲဒုတပ်ကြပ် တာရာလင်းတို့ ညီအစ်ကို ၂ ဦးလုံးဟာ ပြည်သူကို အလုပ်အကြွေးပြုဖို့ ရဲထဲဝင်တာဖြစ်ပြီး အာဏာရှင်ကို အလုပ်အကျွေးပြုဖို့ ရဲထဲဝင်တာမဟုတ်သလို အာဏာရှင်ရဲ့ ဖိနှိပ်မှုကို ပြည်သူဘက်က ကာကွယ်စောင့်ရှောက်မယ်ဆိုပြီး တင်ခဲ့တဲ့အတွက် အဖမ်းခံခဲ့တာ လို့ ဖခင်ဖြစ်သူ ပြောပါတယ်။

သားအကြီးဖြစ်တဲ့ ရဲတပ်သား သူရိန်လင်းက ရဲလုပ်သက် ၇ နှစ်ရှိနေပြီး သားအငယ် ရဲဒုတပ်ကြပ် တာရာလင်းက ရဲလုပ်သက် ၄ နှစ်ရှိပြီး ဒုရဲအုပ်စာမေးပွဲဖြေဆိုဖို့ ဖောင်တင်ထားသူလည်း ဖြစ်ပါတယ်။

မင်းထက်မုန်း (ပုသိမ်)

7 months Ago
Up