မြို့ပြပိုးမွှားတွေကြားက

August 6, 2021

ကပ်ဘေး၊ အငတ်ဘေး၊ အနိဋ္ဌာရုံ၊ မြို့ပြပိုးမွှားတွေကြားက အလံဖြူ၊ အလံဝါ မြင်ကွင်းကျယ်များ

(က)

ပန်းနုတို့ အိမ်ရှေ့ အလံဖြူရော၊ အလံဝါပါ ထောင်ထားရပြီ။ ဈေးမထွက်နိုင်လို့ ဝင်ငွေမရှိတာအပြင် အမေ့ဆေးဖိုး။ တခြားဘာဘာညာညာ၊ အိမ်မှာ လိုအပ်တဲ့ အခြေခံအစားအသောက်တွေ ကုန်ကျစရိတ်က လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘဝတွေအတွက်တော့ တကယ့် အခက်ကြီးပဲရယ်။

ပန်းနု ဖျားနေတာ ဒီနေ့နဲ့ပါဆို ၄ ရက်။ ဒါပေမဲ့ အလုပ်ကတော့ သွားရဦးမယ်လေ။        ကျန်းမာရေးမကောင်းတဲ့ အမေအိုကြီးနဲ့ အောက်အငယ် မောင်လေးနှစ်ယောက်၊ မိသားစု လေးယောက်စာ မြို့ပြမှာ နေထိုင်စားသောက်ရေးအတွက်ကလည်း အလုပ်ထွက်မလုပ်လို့က မဖြစ်တဲ့ အခြေအနေ။

ဖျားတာကလည်း သာမန်ရိုးရိုးဖျားလေသလား၊ ကိုဗစ်အစပျိုးပေလားလည်း မသိနိုင်တော့။ ဖေ့စ်ဘွတ်ခ်ပေါ်မှာရော ဈေးထဲမှာရော ကိုဗစ်-ကိုဗစ်နဲ့ တဗစ်တည်း ဗစ်နေကြတော့တာ တကတည်း။ မကြောက်ဘူးလားဆိုတော့ ကြောက်တာပေါ့။ ပန်းနုလည်း အသက်နဲ့လူပါပဲ။ ထောက်ထားငဲ့ညှာစရာ များသူမို့ ပိုလို့တောင် ကြောက်ရသေး။

မီးရထားဝန်ထမ်း အဖေဆုံးပြီးတဲ့နောက် အစိုးရကပေးတဲ့ ဝန်ထမ်းလိုင်းခန်းက ဆင်းလို့ ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်လေးထဲက အိမ်ငှားဘဝနဲ့ နေလာတာပဲ ဆယ်စုနှစ်မကတော့။ ပန်းနုကတော့ ၇ တန်းနဲ့ ကျောင်းထွက်ရ။ အောက်က မောင်အငယ် နှစ်ယောက်မှာ တယောက်က ဆယ်တန်းအောင်၊ သူ့ထက်အကြီး ကျောင်းပြီးအလုပ်ဝင်နေတဲ့ တယောက်ကတော့ ဟော… မကြာခင်ကမှ ပြည်သူ့ကာကွယ်ရေးတပ်ထဲ ဝင်သွားခဲ့တာ သုံးလလောက်တော့ ရှိပေါ့။ နေကောင်း ကျန်းမာပါစေပဲ ဆုတောင်းနိုင်တယ်။

       “ဟေ့ ပန်းနု။ ငါ့အတွက် နိုင်တီတူးနှပ်ဆေးနဲ့ ၁၀၀၀ ဖိုးလောက်။ နောက်တစ်ခေါက် ဆင်းလာရင် ယူမယ်” လွန်နေတဲ့ အတွေးတွေ အရှိန်သပ်ရင်း ကိုယ့်ရဲ့ ပစ္စက္ခအခြေအနေဆီ ပြန်ရောက်ရပြန်တယ်။

ကြည့်မြင်တိုင်ကမ်းနားလမ်းပေါ်က YBS ကားမှတ်တိုင်တခုနား ခနော်နီခနော်နဲ့ ဖွင့်ထားတဲ့ ပန်းနုရဲ့ ကွမ်းယာဆိုင်ကို လိုင်းကားသမားတွေ အကုန်သိကြတယ်။ ဒါကြောင့်လည်း လေးယောက်စာ မိသားစု ထမင်းအိုးအတွက် တောင့်ခံထားနိုင်တာပဲ။ ခု တလောတော့ ကိုဗစ်ရော၊ ကိုစစ်ရော နိုင်ငံ့အရေးကလည်း ဖျားနာနေ၊ ပန်းနုကလည်း ဖျားချင်ချင် လူကလည်း နုံးခွေခွေမို့ မလန်းဆန်းလှ၊ ရောင်းပန်းဝယ်ပန်းမလှ။

တလောလေးကမှ ‘ကိုဗစ်က အနံ့အရသာ ပျောက်မှမဟုတ်ဘူးရယ်၊ ဒီအတိုင်း တုပ်ကွေးနဲ့ ဆင်ဆင်ရယ်’ဆိုတဲ့ YBS ၁၄ မောင်းတဲ့ ကိုချစ်နိုင်ကြီးကတော့ ဆုံးသွားပြီ ကြားရဲ့။ ပန်းနုကတော့ အားတင်းထားရဆဲ၊ ကုလားလေးကောင်တောင် ညဈေးနားက ဆေးဆိုင်မှာ ဝယ်မရတော့ဘူး ကြားတယ်။ ကိုဗစ်-၁၉ ကြောင့် အားဆေး၊ အကိုက်အခဲပျောက်ဆေး၊ ငှက်သိုက်၊ ချောင်းဆိုးပျောက်ဆေး… အို စုံလို့စုံလို့… တတ်နိုင်သူတွေ လာဝယ်ကြတာ ကြိတ်ကြိတ်တိုးမို့လေ။ ပန်းနုပြောတဲ့ ကုလားလေးကောင်က ဘာတုန်းဆိုတော့ ဆေးတံဆိပ်ပေါ် ကုလားလေးယောက်ပုံပါတဲ့ နှာစေး၊ ချောင်းဆိုး၊ ဖျားနာ၊ အကိုက်အခဲပျောက်ဆေး။ ပန်းနုတို့ တစ်အိမ်လုံး ဒါပဲသုံးတယ်။ တောထဲ ရောက်သွားတဲ့ အလတ်ကောင်ကတော့ ‘မမရာ၊ နင် နည်းနည်းပါးပါးလည်း မေးစမ်း ဖတ်စမ်းပါဟ။ ၉၆ ပါးပျောက်ပါ့မလား’ဆိုပြီး ငြူစူချင်ပေမယ့် မတတ်သာတဲ့အဆုံး ကုလားလေးကောင်ဟာ ပန်းနုတို့လို လူတန်းစားတွေအဖို့တော့ သူနဲ့သာ အောလ်အင်ဝမ်း။

       ဆီးချို၊ သွေးတိုး၊ နှလုံး ရောဂါစုံတဲ့ အမေ့အတွက် ဆေးကတော့ ဆရာဝန်ညွှန်းတဲ့အတိုင်း အချိန်အတိအကျ တိုက်ရုံဆိုတော့ သိပ်အပန်းမကြီးဘူးပေါ့လေ။ ခုတလောတော့ ဈေးရောင်းမကောင်းဘူး ပြောသံကြားရတာအပြင် တောထဲရောက်နေတဲ့ သားကို ပူလားပူရဲ့၊ သမီးအန္တရာယ်ပူလားပူရဲ့၊ ဆယ်တန်းအောင်ပြီး စစ်ဘေး၊ ကပ်ဘေးကြောင့် ဆက်မတက်နိုင်တဲ့ သားအငယ်ကို ပူလားပူရဲ့နဲ့ အမေ့ခမျာလည်း အသက်ရှည်ရှည်နေနိုင်ဖို့သာ ပန်းနု ဆုတောင်းပေးမိရဲ့။

(ခ)

       “ကျနော့်ဦးလေး အိမ်ထဲမှာ တယောက်တည်း ဖျားနေလို့။ ကူညီနိုင်ရင် ကူညီပေး ကြပါဗျ။ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အိမ်နံပါတ် (---)၊ ၆ လွှာ၊ ခေါင်းရင်းခန်း၊ ဖုန်း-(---)ကို ဆက်သွယ် နိုင်ပါတယ်။ အလံဝါထောင်ထားတယ်လို့ ပြောပါတယ်”

       ဦးလေးက စက်ရုံတစ်ခုက ရောင်း/မောင်းဝန်ထမ်း။ အသက် ၃၅ နှစ်၊ တကိုယ်တည်း လူပျိုကြီး။ ကသာကနေ ရန်ကုန်မှာ အလုပ်လာလုပ်တယ်။ အလုပ်ကပေးတဲ့ အဆောင်မှာမနေဘဲ တိုက်ခန်းငှား တယောက်တည်းနေတယ်။ ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းတုန်းက ဘာမှ မဖြစ်ပဲ တတိယလှိုင်းမှာ ဖျားတယ်။ အနံ့စပျောက်တယ်။ ဆေးရုံ ဆေးခန်း အခက်အခဲနဲ့ အိမ်မှာပဲ နေရင်း ရရာဆေးသောက်၊ ကုရသလို ဖြစ်တယ်။

       မြို့ပြမှာ အလုပ်တဖက်နဲ့ တကိုယ်တည်းသမားတယောက်တည်း နေရတဲ့အဖြစ်ဟာ ခက်ခဲတယ်၊ ဒီကြားထဲ ခုကာလ တအိမ်တည်း အတူနေလင်မယား ကိုဗစ်-၁၉ ကူးခံရပြီး သေနေတာကို တပတ်ကြာမှ သိရ၊ လမ်းမှာ ရုတ်တရက် လဲကျသေဆုံးသွားသူကို ဆေးစစ်ကြည့်ရာမှ ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်းတွေ့ရှိ၊ အငှားကားပေါ် လူတဦး သေဆုံးနေဆိုတဲ့ သတင်းတွေကလည်း မကြာမကြာ တက်နေတာမို့ ကျနော် ဦးလေးကို စိတ်မချလို့ ဖုန်းခေါ်ကြည့်မှ သူဖျားနေတာ သိရတယ်။

       ကျနော်နဲ့ မိုင်ရာချီဝေးတဲ့ထဲ ခုကာလ ခရီးသွားလာရ အခက်အခဲ၊ အကျပ်အတည်းတွေနဲ့မို့ သူနေတဲ့ မြို့နယ်က အချင်းချင်း အကူအညီပေးကြတဲ့ ဖေ့စ်ဘွတ်ခ်ဂရုပ်ထဲ စာလေးတင် အကူအညီတောင်းရတယ်။

မကြာပါဘူး။ လိုအပ်တဲ့ ဆေးဝါးအကူအညီ၊ အောက်ဆီဂျင်ကျနေလို့ လိုအပ်တာတွေ ကူညီပေးတဲ့ ပရဟိတအဖွဲ့ ၂ ဖွဲ့နဲ့ တပိုင်တနိုင် ကူညီကြတဲ့ ပြည်သူတွေ အလျှိုအလျှို ပေါ်လာကြတယ်။ ပြည်သူမှ ပြည်သူသို့ဆိုတာ ဒါပါပဲ။

       “ကျနော့်ဦးလေး အဆင်ပြေသွားပါပြီ။ အောက်ဆီဂျင် 10L တစ်လုံး လာငှားပေးထားပါတယ်။ လိုအပ်တဲ့ ဆေးဝါး၊ အစားအသောက် ကူညီပေးကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်” ပို့စ်အောက်မှာ အားပေးစကားပြောတဲ့ မှတ်ချက်တွေ၊ လိုအပ်ရင် ဆက်သွယ် အကူအညီတောင်းနိုင်တဲ့ လိပ်စာတွေ၊ ဖုန်းနံပါတ်တွေ တန်းစီတက်လာတယ်။

       “အားမငယ်ပါနဲ့။ ပြည်သူတွေမှာ ပြည်သူပဲ ရှိပါတယ်”

(ဂ)

       “မြန်မာနိုင်ငံရဲ့ အခြေအနေက ကျရှုံးနိုင်ငံ(Failed State)လို့ ပြောရမှာထက် ပိုပြီးတော့ နက်နက်နဲနဲ စဉ်းစားအဖြေရှာရမယ့် အခြေအနေတခုပါ။ ကိုဗစ်-၁၉ တတိယလှိုင်းနဲ့ စစ်အာဏာသိမ်း ၆ လအလွန် အခြေအနေဟာ အဆိုးဝါးဆုံး အခြေအနေပဲ။ အနီးစပ်ဆုံး ချဉ်းကပ်ပြောရရင်တော့ အထိနာ၊ အကျနာမယ့် ချောက်ထဲကို ဆွဲချသွားနေတာပဲ”လို့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကျွမ်းကျင်ပညာရှင် ကိုသူရိန်က ပြောပါတယ်။

       ဆင်းရဲချမ်းသာ ကွာဟမှုကတော့ အရင်ကတည်းက ရှိနှင့်နေပြီး မြို့ပြကျေးလက် လူနေမှုဘဝ မတူညီတဲ့အထဲ အလုပ်လက်မဲ့ပြဿနာ၊ စီးပွားရေးချွတ်ခြုံကျမှုတွေ၊ ရောဂါဘယ ထူပြောမှုတွေနဲ့ မြို့ပြမြင်ကွင်းမှာတော့ တစတစနဲ့ ပိုနက်တဲ့ အမှောင်ထဲ စမ်းတဝါးဝါး ဖြစ်လာနေပါတယ်။

       လတ်တလော ကြုံတွေ့နေရတဲ့ စားဝတ်နေရေး၊ လူနေမှု၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှု ဆိုင်ရာ ပြဿနာအရပ်ရပ်ကို ဖြေရှင်းဖို့ဆိုတာ ပြည်သူက ပြည်သူသို့ဆိုတဲ့ ရေတိုဖြေရှင်းမှုနဲ့တင် မပြေလည်သွားဘူးလို့လည်း ကိုသူရိန်က ပြောပါတယ်။

       ဒါပေမဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကလည်း ထိထိရောက်ရောက် ကူညီပေးတာမျိုးတွေ မရှိဘဲ ဖြေရှင်းရတဲ့အခါမှာတော့ ပြည်သူတွေမှာ အားကိုးစရာ အချင်းချင်းသာ ရှိတော့တဲ့ အခြေအနေ ဖြစ်လာနေတာပါ။

       “မြန်မာမှာ အလုပ်လက်မဲ့နှုန်းကတော့ ၂၀၂၀ နှစ်ဆန်းကတည်းကနေ ခုချိန်ထိလည်း တိုးလာနေတာပဲ။ ထပ်လည်း တိုးလာဦးမှာပဲလေ။ ဘယ်ကဏ္ဍကြည့်ကြည့် အဘက်ဘက်က ထိုးဆင်းလာနေတာမို့ ဒီထက်ပိုဆိုးလာနိုင်တာပဲ ရှိမယ်။ အလုပ်လက်မဲ့ သန်းနဲ့ချီ လူမှုဒုက္ခတွေ ကြုံတွေ့ရမယ်။ ဒါကို ကုစားဖို့က အစိုးရအနေနဲ့ နည်းစနစ်ကျကျ မဟာဗျူဟာတွေ၊ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့၊ ဒါတွေလိုလာတယ်။ ကျန်းမာရေးနဲ့ လူမှုကူညီရေးစနစ်တွေကို ချိတ်ဆက်ဆောင်ရွက်ပေးမှပဲ နာလန်ထူနိုင်တော့မှာပဲ”

       ပြည်သူတွေရဲ့ လူနေမှုဘဝတွေကို ခြိမ်းခြောက်ခံနေရတဲ့ မလုံမခြုံဖြစ်နေရတဲ့ အခြေအနေ တွေကြား ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအကာအကွယ် မပေးနိုင်ရင်တော့ အခုသီတင်းပတ် ၂ ပတ်အတွင်းမှာ မြန်မာ့လူဦးရေ ၅၄ သန်းရဲ့ ထက်ဝက်နီးပါးဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရနိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီးက သတိပေးထားတာလည်း ရှိပါတယ်။

       ဒါ့အပြင် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါဘေးနဲ့ စစ်အာဏာသိမ်းမှု အကျိုး ဆက်ကြောင့် မြန်မာ့လူဦးရေ ထက်ဝက်လောက်ဟာ ၂၀၂၂ ခုနှစ် အစပိုင်းမှာတင် ဆင်းရဲ သွားနိုင်တယ်လို့ ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ်က သတိပေးထားပါတယ်။

       “အကြမ်းဖက်အာဏာသိမ်းတဲ့ ဖြစ်စဉ်မှာ တောက်လျှောက် ပြည်သူတွေဟာ ဘေးကင်း လုံခြုံမှုမရှိတဲ့ အခြေအနေတွေကြား လှုပ်ရှားရုန်းကန်နေကြရတယ်။ ဒီကြားထဲ အလုပ်လက်မဲ့ ပြဿနာတွေနဲ့ ကပ်ဘေးကြားမှာ အကုန်လုံး ဒုက္ခရောက်ကြရတယ်၊ မကျန်းရေး မမာရေး ဖြစ်လာတဲ့အခါ စနစ်တကျမရှိတဲ့ လူမှုဖူလုံရေးစနစ်ကလည်း ဘာမှသုံးမရတဲ့ အခြေအနေ ဖြစ်နေတာပေါ့”

(ဃ)

       ကပ်ဘေး၊ အငတ်ဘေးတွေကြားက မြို့ရန်ကုန်ဟာ တစတစနဲ့ ခြောက်ကပ်ပြီး နေချင်စဖွယ် မြို့တော်မဟုတ်တော့ပဲ ဒုက္ခတွေနဲ့ ရောင်စုံခြယ်ထားသလို ဖြစ်လာနေပါတယ်။

       “အလံဖြူပဲဖြစ်ဖြစ်၊ အလံဝါပဲဖြစ်ဖြစ် ကျနော်တို့က ကူညီနိုင်သလောက် အတတ်နိုင်ဆုံး ကူညီပေးနေတာပါ။ ခုက ကိုယ့်အချင်းချင်းမှ ကိုယ်မကူညီရင် ဘယ်ဘုရားမှ လာမကယ်နိုင်ဘူး”လို့ နာရေးပရဟိဟအဖွဲ့တခုမှာရော၊ ရပ်ကွက်တွေထဲ ကိုယ်ထူကိုယ်ထ အစားအသောက်၊ ဆေးဝါးအကူအညီတွေ ပေးရာမှာ ပါဝင်နေတဲ့ လူငယ် ကိုသက်ပိုင်က ပြောပါတယ်။

       အလံဖြူက အစားအသောက် အကူအညီတောင်းခံတဲ့ အချက်ပြသင်္ကေတဖြစ်ပြီး အလံဝါက ဆေးဝါးအကူအညီတောင်းခံတဲ့ အချက်ပြသင်္ကေတလို့ သိထားပေမယ့် တချို့က အလျဉ်းသင့်ရာ အကူအညီတောင်းခံနေရတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒါက အင်တာနက်လူမှုကွန်ရက်တွေ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်သူတွေကြား အဆင်ပြေပေမယ့် တချို့ကလည်း နီးစပ်ရာ ပရဟိတအဖွဲ့တွေ၊ ကူညီပေးနေတဲ့ အသင်းအဖွဲ့တွေ ဖုန်းနဲ့ ဆက်သွယ်အကူအညီတောင်းနေကြရတယ်လို့ ကိုသက်ပိုင်က ပြောပါတယ်။

       “အစပိုင်းတုန်းက ကျနော်တို့ သူငယ်ချင်းတွေစုပြီး လိုတာတွေ ဝိုင်းကူပေးကြတာ၊ ခုတော့ မိတ်ဆွေတယောက်ရဲ့ အကူအညီနဲ့ ကား ၂ စီးနဲ့ မြို့နယ်အစုံက အကူအညီတောင်းသူတွေဆီ လိုက်ကူပေးနေပါတယ်။ တချို့က ပိုက်ဆံမရှိလို့ မဟုတ်ဘဲ တအိမ်လုံး ဖျားနေကြတာမို့ မသွားမလာနိုင်၊ အခက်အခဲတွေ ဖြစ်နေကြတာ၊ သွားကူပေးရင် ကျသင့်တဲ့ ပိုက်ဆံပြန်ပေးတာတွေလည်း ရှိတယ်။ လုံးလုံးလျားလျားကို အလုပ်မရှိ၊ ဝင်ငွေမရှိ၊ အစားအသောက် ချို့တဲ့၊ ဖျားနာနေတာတွေလည်း တွေ့ရကြုံရတော့ တကယ် အချင်းချင်း ခုလိုမကူညီကြရင် ဘယ်လိုလုပ်ကြရတော့မလဲ”

တချို့နေရာတွေမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ ခြိမ်းခြောက်မှုတွေကြောင့် အကူအညီလိုအပ်နေတဲ့ အိမ်တွေမှာ အလံဖြူ၊ အလံဝါ မထောင်ရဲတာမျိုးတွေလည်း တွေ့ရတယ်လို့ သူက ပြောပါတယ်။

       ကပ်ဘေး၊ အငတ်ဘေး၊ စစ်ဘေး အဘက်ဘက်က အကျပ်အတည်းတွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေဟာ ရန်ကုန်မြို့တော်တခုတည်းမှာတင် ဖြစ်နေတာတော့ မဟုတ်ပါဘူး။ တခြားတိုင်းနဲ့ ပြည်နယ်အနှံ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသူတွေ၊ စားဝတ်နေမှု ဆိုတာထက် သေရေးရှင်ရေးတမျှ အရေးကြီးနေတဲ့လူတွေလည်း အများကြီး ဘေးဒုက္ခတွေ ပင်လယ်ဝေနေကြတယ်လို့ ကိုသက်ပိုင်က ဆိုပါ တယ်။

       စားဝတ်နေရေးအခက်အခဲတွေအပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရလို့ လူမသိ၊ သူမသိ အတိဒုက္ခရောက်ကြရသူတွေလည်း နေ့စဉ်လိုလို ရှိနေပြီး ပရဟိတအဖွဲ့တွေကိုသာ နာရေးကိစ္စ အဝဝကို ပုံအပ်ထားကြရတဲ့ အခြေအနေ ဖြစ်နေပါတယ်။

အကြမ်းဖက်စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်တဲ့ အရေအတွက်၊ သေဆုံးတဲ့ အရေအတွက်ကို ထုတ်ပြန်ပေးနေပေမယ့် မြေပြင် အခြေအနေတွေနဲ့တော့ အတော့်ကို ကွာခြားနေတယ်လို့လည်း ကိုသက်ပိုင်က ပြောပါတယ်။

လူနေထူထပ်တဲ့ ရန်ကုန်မြို့က သုသာန် ၄ ခုမှာတော့ နေ့စဉ် တရက်ကို ရုပ်အလောင်း ထောင်ချီ မီးသင်္ဂြိုဟ်ပေးနေရတယ်လို့ ပရဟိတအသင်းအဖွဲ့တွေက ပြောပါ တယ်။

“ခုကာလကတော့ ကိုယ်တိုင်ဆင်ခြင်ရမယ့် အခြေအနေပါပဲ။ အကူအညီတွေအတွက် ကျနော်တို့လို အသင်းအဖွဲ့တွေ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးကြမယ်။ ရောဂါကူးစက်ဖို့ အလားအလာကတော့ ရာနှုန်းပြည့်ပါပဲ။ ဒါကြောင့်မို့ စိတ်ချရတဲ့ သတင်းရင်း မြစ်တွေကတဆင့် ကြိုတင်ပြီးတော့ ဆင်ခြင်သင့်တာ၊ ရှောင်ကြဉ်သင့်တာတွေ ကြိုပြီးတော့ ပြင်ကြစေချင်ပါတယ်။ ကပ်ရောဂါဆိုတော့ ကူးလာမှ မရှူနိုင်မကယ်နိုင်တဲ့ အခြေအနေဟာ တော်တော်ဆိုးဝါးပါတယ်။ ကျနော်တို့မှာ ကျနော်တို့ပဲ ရှိတာမို့ အားလုံးရင်ဆိုင်ကြရအောင်ဗျာ”

(င)

       အခုဖြစ်နေတာတွေ အားလုံး နိုင်ငံရေးအကြောင်း ကြီးကြီးကျယ်ကျယ် ပန်းနု လိုက်မမီ၊ နားမလည်တာတွေ ရှိပေမယ့် ပန်းနု သိလိုက်တာက နိုင်ငံ့ခေါင်းဆောင် အမေစုကို ဖမ်းထားတယ်။ အာဏာသိမ်းထားတယ်သာဆိုတယ်၊ စစ်တပ်က ဘာမှမယ်မယ်ရရ မလုပ်နိုင်သေး။ မနှစ်ကတည်းက ကိုဗစ်-၁၉ ရိုက်ခတ်တာကလည်း ခုထိလျော့မသွားတဲ့အပြင် တတိယလှိုင်းတောင် ဖြစ်လာသေး။

ခေါင်းတွေ ပိုကိုက်လာတယ်။ ကိုယ့်ဘေးက လမ်းထဲက၊ ရပ်ကွက်ထဲကလူတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်တယ်။ ကိုဗစ်ရော ကိုစစ်ရော ကျိန်ဆဲရခြင်းတွေနဲ့ နေသားတကျ။ ည ၈ နာရီ မိစ္ဆာနှင်သံပုံးတီးအပြီး အိမ်ရှေ့ ဧည့်ခန်းထဲ သားအမိတွေ ည စာစားနေကြတုန်း ခြံရှေ့က တံခါးဝမှာ ဆန်၊ ဆီ၊ ရိက္ခာ ခေါက်ဆွဲခြောက်၊ ကြက်ဉ အခြောက်အခြမ်းတွေ လမ်းထဲက လာပို့ထားကြ။

“ငါတို့မှာ ငါတို့ပဲ ရှိတယ် ပန်းနုရေ။ နင်ရော သက်သာရဲ့လား။ အဒေါ်လည်း နေကောင်း ကျန်းမာပါစေ”

4 months Ago
Up