မြို့ပတ်ရထား

September 5, 2021

မြို့ပတ်ရထားပေါ် ရဲတပ်ဖွဲ့ဝင်များပစ်သတ်ခံရသည့်ဖြစ်စဉ်တွင်ပါဝင်သူ ၅ ဦး ဖမ်းမိဟု စစ်ကောင်စီ ထုတ်ပြန်

အင်းစိန်မြို့ပတ်ရထားပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်သတ်ပြီး  လက်နက်/ခဲယမ်းတွေယူသွားတဲ့ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်တဲ့သူ ၅ ဦးကို ဖမ်းဆီးရမိတယ်လို့ စက်တင်ဘာ ၅ ရက်ထုတ် စစ်ကောင်စီ အာဘော်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဩဂုတ် ၁၄ ရက်က ရန်ကုန်မြို့ပတ်ရထားပေါ်  အလုံဘူတာနဲ့ ပန်းလှိုင်အကြားမှာ သေနတ်သမားတွေက ပစ်ခတ်ခဲ့လို့  ရဲလုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး   ၁ ဦး ဒဏ်ရာရရှိကာ လက်နက် ၄ လက်နဲ့ ခဲယမ်းတချို့ပါသွားတာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သေနတ်သမားတွေ အသုံးပြုခဲ့တဲ့ တက္ကစီယာဉ်မောင်းမှ တဆင့် ဆက်စပ်သူတွေကို စုံစမ်းရှာဖွေရာမှာ စက်တင်ဘာ ၃ ရက်မနက်က တာမွေမြို့နယ် မေတ္တာညွန့် ရပ်ကွက်နေ မသင်္ကာဖွယ် ၃ ဦး ဖြစ်တဲ့ ကျော်ဝင်းစိုး(ခ)ကျော်ကြီး(၃၃)နှစ် (ပခုက္ကူဇာတိ)၊ ကောင်းပြည့်စုံဦး(ခ) စိန်စိန်(ခ)ကတုံးမ(၂၇)နှစ် (မရမ်းကုန်း)၊ ဆန်းမင်းအောင်(၂၄)နှစ်၊ (ဒေးဒရဲ)တို့ကို တွေ့ရှိထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

သူတို့ရဲ့ထွက်ဆိုချက်တွေအရ သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့သစ်၊ ရန်ကုန်သစ်ရပ်ကွက်မှာ ဆက်လက်သွားရောက်ရှာဖွေရာ မြတ်ဖြိုးပွင့်ကို တွေ့ရှိခဲ့ပြီး အခန်းတွင်း အသေးစိတ်ရှာဖွေခဲ့ရာ ဂစ်တာအိတ် (၂) အိတ်အတွင်း  ထည့်ထားတဲ့ လက်နက် ၄  လက်ကို တွေ့ရှိခဲ့ပြီး အဲဒီလက်နက်တွေဟာ မီးရထားရဲတပ်ဖွဲ့ဆီက ယူသွားတဲ့ လက်နက်တွေဖြစ်တယ်လို့  သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီသတင်းမှာ စွပ်စွဲဖော်ပြထားတာတွေဟာ မှန်ကန်မှုရှိမရှိကိုတော့ ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီအမှုနဲ့ပတ်သက်လို့ ဖြစ်စဉ်ပါ တိမ်းရှောင်နေသူတွေကို ဆက်လက်ဖမ်းဆီးရမိရေးနဲ့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီသတင်းစာမှာ ရေးပါတယ်။

ဩဂုတ် ၁၄ ရက်က ရန်ကုန်-အင်းစိန်ရထားပေါ်  ရဲတပ်ဖွဲ့ဝင် ၆ ဦး  သေနတ်နဲ့ ပစ်ခံရတဲ့ ဖြစ်စဉ်မှာ ဒုတပ်ကြပ် ဝင်းဇော်၊ တပ်သား ရဲမင်းထွန်း၊ တပ်သား ဖြိုးမောင်မောင်၊ တပ်သား ထိန်လင်းအောင်တို့ နေရာတွင်ဆုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရသွားတဲ့  တပ်ကြပ် မြင့်ဌေးနဲ့ တပ်ကြပ် ကျော်ဇင်တို့ကို ဆေးရုံကို ပို့ဆောင်ကုသချိန် တစ်ဦးထပ်မံသေဆုံးသွားတာ  ဖြစ်ပါတယ်။

PHOTO-DSINFO

3 months Ago

August 14, 2021

မြို့ပတ်ရထားပေါ်တွင် ရဲတပ်ဖွဲ့ဝင် ၆ ဦး သေနတ်ဖြင့် ပစ်ခံရ၊ ၄ ဦးသေဆုံး

ရန်ကုန်-အင်းစိန် ပြေးဆွဲနေတဲ့ မြို့ပတ်ရထားပေါ်မှာ ဒီနေ့ညနေ ၅ နာရီ ဝန်းကျင်လောက်က ရဲတပ်ဖွဲ့ဝင် ၆ ဦး  သေနတ်နဲ့ ပစ်ခံထားရပြီး ၄ ဦးသေဆုံးကာ ၂ ဦးကို တပ်ဆေးရုံပို့ထားရတယ်လို့ သတင်းရရှိပါတယ်။

အပစ်ခံခဲ့ရတဲ့အထဲမှာ ဒုတပ်ကြပ် ဝင်းဇော်၊ တပ်သား ရဲမင်းထွန်း၊ တပ်သား ဖြိုးမောင်မောင်၊ တပ်သား ထိန်လင်းအောင်တို့ သေဆုံးခဲ့ပြီး တပ်ကြပ် မြင့်ဌေးနဲ့ တပ်ကြပ် ကျော်ဇင်တို့  တပ်ဆေးရုံကို ပို့ဆောင် ကုသထားတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက “ကြည့်မြင်တိုင်ကနေ အလုံဘူတာအထွက်မှာ ဖြစ်တာ။ ရဲအဖွဲ့ ၆ယောက်ကို ပစ်တာ။ ၄ ယောက်သေတယ်။ ကျန် ၂ ယောက် စစ်ဆေးရုံခေါ်သွားတာ။ အဲ့မှာ သေတော့ စစ်သားတွေ ရောက်လာပြီး ခေါ်သွားတာပဲ” လို့ ပြောပါတယ်။

ရဲ ၆ ဦးဟာ အလုံမြို့နယ် ဟုန်းလမ်း ဘူတာအထွက် ရထားပေါ်မှာပဲ အပစ်ခံခဲ့ရတာလို့ သိရပြီး သေနတ် ၄ လက်ပါသွားခဲ့ကြောင်း သိရပါတယ်။ 

တပ်ဆေးရုံကို ပို့ထားသူ ၂ ဦးမှာလည်း ဒဏ်ရာတွေ ပြင်းထန်တဲ့အတွက် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင် ၆ ဦးအား ဘယ်အဖွဲ့က ပစ်ခတ်သွားတယ်ဆိုတာတော့ မသိရသေးပါဘူး။

4 months Ago
Up