မြို့နယ်အုပ်ချုပ်ရေးမှူ

November 2, 2020

ဧရာ၀တီတိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ကိုဗစ်လူနာသစ် ၂၉ ဦး ထပ်မံတွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီးမှာ နိုဝင်ဘာလ ၂ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၉ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ထပ်တိုးခဲ့တဲ့ အတည်ပြုလူနာသစ် ၂၉ ဦးထဲမှာ မော်ကျွန်းမြို့နယ်က ၁၁ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ “ကျုံပျော်မြို့နယ်အုပ်ချုပ်ရေးမှူးမှာ ပြီးခဲ့ရက်ပိုင်းက ပုသိမ်မြို့ကို ပြန်လာပြီး အနံ့မရလို့ စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ၎င်းရဲ့ ဖခင်ဖြစ်သူပါ ရောဂါကူးစက်ခံထားရတာဖြစ်တယ်” လို့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က သူ့ရဲ့လူမူကွန်ရက်မှာ ရေးသားထားပါတယ်။ မော်ကျွန်းမြို့မှာ ၁၁ ဦး၊ လေးမျက်နှာမြို့က ၉ ဦး၊ ကျုံပျော်မြို့နဲ့ ကျိုက်လတ်မြို့မှာ ၂ ဦးစီနဲ့ ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ကျိုက်လတ်နဲ့ ဘိုကလေးမြို့နယ်တို့မှာ ၁ ဦးစီ စုစုပေါင်း ၂၉ ဦး တွေ့ရှိခဲ့တာပါ။ ဧရာ၀တီတိုင်းမှာ အတည်ပြုလူနာအများဆုံး တွေ့ရှိထားတဲ့ မြို့နယ်တွေကတော့ မအူပင်မြို့နယ်မှာ အများဆုံးတွေ့ရှိထားပြီး အဲ့နောက်မှာ ပုသိမ်မြို့နယ်နဲ့ ဖျာပုံမြို့နယ်တို့ အများဆုံးဖြစ်တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက သိရပါတယ်။ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁၈၁ ဦးတွေ့ရှိလာတဲ့ ဧရာ၀တီတိုင်းမှာ ရောဂါသက်သာလာလို့ ဆေးရုံဆင်းခွင့်ရရှိသူ ၇၄၇ ဦးနဲ့ သေဆုံးသူ ၁ ဦးရှိတယ်လို့ သိရပါတယ်။ သတင်း - မင်းထက်မုန်း(ပုသိမ်)
5 months Ago

May 12, 2020

ဆားလင်းကြီးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးဟောင်းကို ဖေ့စ်ဘွတ်ခ်တွင် ဝေဖန်ခဲ့သူ  ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရ 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာက ဒေသခံတက်ကြွလှုပ်ရှားသူ  ဦးသက်နိုင်ဝင်းကို ဆားလင်းကြီးမြို့နယ်တရားရုံးကနေ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ဒီကနေ့ မေ ၁၂ ရက်မှာ  ထောင်ဒဏ်  ၁ နှစ် အမိန့် ချမှတ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရေဘေးကိစ္စတစ်ခုနဲ့ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်မြင့်ထွန်းကို ဖေ့စ်ဘွတ်ခ်မှာ ဝေဖန်ရေးသားခဲ့တာကြောင့် အုပ်ချုပ်ရေးမှူးဟောင်းက ရဲစခန်းမှာ အမှုဖွင့် တရားစွဲဆိုခဲ့တာပါ၊ ဒီအမှုကို ၂ နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရပြီးမှ အခုလို အမိန့်ချလိုက်တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ရေဘေးကာလမှာ သက်ဆိုင်ရာက ထောက်ပံ့ပေးနေတဲ့အပေါ်မှာ အကူအညီမရသေးသူတွေလည်းရှိနေတဲ့အကြောင်း ဦးသက်နိုင်ဝင်းက သူ့ရဲ့ဖေ့စ်ဘွတ်ခ်  လူမှုကွန်ရက်စာမျက်နှာမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းကို ပြိတ္တာကြီးနဲ့ ခိုင်းနှိုင်းကာ အမည်နဲ့တကွ ဝေဖန်ရေးသားခဲ့တာကြောင့် ဆားလင်းကြီးမြို့မရဲစခန်းမှာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့အမှုဖွင့် တရားစွဲခဲ့တာလည်းဖြစ်ပါတယ်။ အခုလို ထောင်ဒဏ်တစ်နှစ်ထိ ပြစ်ဒဏ်ချမှတ်ခံရတဲ့ အပေါ်မှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဖိအားတွေပါဝင်နေတယ်လို့ ယုံကြည်ကြောင်း မိသားစုဝင်တွေနဲ့ သူ့ရဲ့ မိတ်ဆွေတွေက ပြောပါတယ်။ ဆားလင်းကြီးဒေသခံ ဦးဝင်းခိုင်က "ဒီလိုအမိန့်ချခံရတာက တရားမျှတမှုမရှိဘူး။ နောက်ကွယ်မှာ အရင်းရှင်တွေရဲ့ ဖိအားတွေပါတယ်လို့ မြင်တယ်။ ကျနော်တို့ထင်တာက ထောင်ဒဏ် ၃ လ ဒါမှမဟုတ် ငွေဒဏ် ဒီလောက်နဲ ပြီးမယ်ထင်တာ။ လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်ကို ပိတ်ပင်ခံရတာလို့ဘဲ မြင်တယ်။” လို့ ပြောပါတယ်။ ဦးသက်နိုင်ဝင်းဟာ လက်ပံတောင်းတောင် အပါအဝင် ကြေးနီစီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း စောင့်ကြည့်ဝေဖန်တာတွေရှိတဲ့အတွက် နောက်ထပ်လည်း ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခံထားရတာ ရှိနေပါသေးတယ်။ လက်ရှိမှာ တရားရုံးက အမိန့်ချပြီးဖြစ်တဲ့အတွက် ဦးသက်နိုင်ဝင်းကိုတော့ မုံရွာအကျဉ်းထောင်ကို ပို့ဆောင်ထားပါတယ်။ ဒီအမှုကိစ္စ အယူခံဆက်တက်မယ် မတက်ဘူးဆိုတာတော့ မသိရသေးပါဘူး။
11 months Ago
Up