စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်းမှာ ဇန်နဝါရီ ၄ ရက်နေ့ မနက် ၇ နာရီလောက်က ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်လို့ ရေဦးဒေသခံတွေဆီက သိရပါတယ်။
ပေါက်ကွဲခဲ့တဲ့နေရာဟာ စစ်ကောင်စီရဲ့ လွတ်လပ်ရေးအခမ်းအနား ပြုလုပ်မယ့်နေရာအနီးမှာ ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
“အခုလို ဖောက်ခွဲရတာဟာ ကျနော်တို့ ရေဦးမြို့နယ်အတွင်း သမိုင်းဝင် နေ့ထူးနေ့မြတ်ဖြစ်တဲ့ လွတ်လပ်ရေးနေ့မှာ လွတ်လပ်ရေးနေ့ သဝဏ်လွှာကို စစ်ကောင်စီလက်ပါးစေတွေရဲ့ —သံနဲ့ ဖတ်ကြားတာကို မကြားချင်လို့ အခုလို ၄၀-မမ ဗုံးသီး ၄ လုံးနဲ့ ပစ်ခဲ့တယ်။ ထိခိုက်မှုတွေကိုတော့ စုံစမ်းနေတုန်းပါပဲ။ ကျနော်တို့ဘက်ကတော့ အကျအဆုံး မရှိခဲ့ဘူး” လို့ ရေဦး-ပကဖ ခေါင်းဆောင်က ပြောပါတယ်။
ဒီဖောက်ခွဲမှုကို ရေဦး PDF က ဗိုလ်ဇွဲ ဦးဆောင်တဲ့ တပ်ရင်း ၁၁ နဲ့ ၁၄ က လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဘက်ဘက်ကနေ ကင်းထောက်လုပ်ပေးသူတွေရော၊ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်တွေကို တလေးတစား လိုက်နာပေးကြတဲ့ မြို့ခံပြည်သူကိုရော ကျေးဇူးအထူးတင်တယ်လို့ ရေဦး-ပခဖ တာဝန်ရှိသူက ပြောပါတယ်။
ရေဦးမြို့နယ်အတွင်း စစ်ကောင်စီက ပြည်သူ့အာဏာကို ပြည်သူ့ပြန်မအပ်မခြင်း အခုလိုမိုင်းဆွဲတာတွေ၊ ပစ်ခတ်တာတွေ ဆက်လက်လုပ်ဆောင်နေမှာဖြစ်ပြီး ပါရမီကျေးရွာအနီးမှာလည်း ဇန်နဝါရီ ၂ ရက် မနက် ၁၀ နာရီအချိန်လောက်က ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၃)ရပ်ကွက်၊ ၆၁လမ်း၊ ၁၀၇ လမ်းနဲ့ ၁၀၈ လမ်းကြားရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အောက်တိုဘာ ၁၂ ရက် နေ့ခင်း ၂ နာရီခွဲကျော်အချိန်က ဗုံးနဲ့ ပစ်ခံခဲ့ရပါတယ်။
ချမ်းမြသာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဆိုင်ကယ် တစ်စီး လူ ၂ ယောက်က ဗုံးနဲ့ ပစ်ခဲ့တာဖြစ်ပြီး လက်နက်ကိုင် စစ်ကောင်စီတပ်တွေက ပြန်လည်ပစ်ခတ်တာရှိတယ်လို့ သိရပါတယ်။
အနီးပတ်ဝန်းကျင်ရှိပြည်သူတစ်ဦးက “ချမ်းမြသာစည်မြို့နယ် ထွေအုပ်ရုံးနားမှာ စစ်သားတွေအမြဲရှိတယ်။ ရုံးက အရင်ကလောက် လူမရှိဘူး။ နေ့လည်းက ဗုံးကွဲသံကြားပြီး သေနတ်သံ လေး ငါးချက်ကြားတယ်” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးတာမရှိတဲ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ပစ်ခတ်မှုကြောင့်လည်း ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ သိရပါတယ်။
ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်၊ ၅၈ လမ်းနဲ့ ၁၀၄ လမ်းထောင့်မှာလည်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို သတင်းပေးဆိုသူတစ်ဦး အောက်တိုဘာလ ၁၂ ရက် ညနေ ၃ နာရီခွဲဝန်းကျင်အချိန်က သေနတ်နဲ့ပစ်ခံခဲ့ရပါတယ်။
သေနတ်နဲ့ ပစ်ခံရသူဟာ အသက် ၅၀ ကျော်အရွယ် ဦးတင်ဦး ဆိုသူဖြစ်ပြီး သံလမ်းဘေးမှာ ကျူးကျော်နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
“ပစ်ခံရသူက သံလမ်းနားမှာ ကျူးကျော်နေတဲ့သူ။ သူက လူကူညီရေး အသင်းမှာလည်း လုပ်နေတယ်။ အရပ်ထဲတော့ စစ်တပ်ကို သတင်းပေးနေသူဆိုပြီးပြောတယ်။ အခု ပစ်ခံရတာတော့ မသေဘူးကြားတယ်။” လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
သေနတ်နဲ့ ပစ်ခံရသူ ဦးတင်ဦးဟာ လက်ပြင်မှာ သေနတ်ဒဏ်ရာရခဲ့ပြီး မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။