မြို့တော်တိုကျို

April 7, 2020

ဂျပန်နိုင်ငံတွင် မြို့တော်တိုကျိုအပါအဝင် ခရိုင် ၆ ခုကို အရေးပေါ်အခြေအနေကြေညာ

ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေတာကြောင့် မြို့တော်တိုကျိုအပါအဝင် ခရိုင် ၆ ခုကို ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒီကနေ့ အရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။ မကြာသေးခင်ကမှ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ဥပဒေအပေါ် အခြေခံပြီး ဝန်ကြီးချုပ် ရှင်ဇို အာဘေး ဦးဆောင်တဲ့ ဂျပန်အစိုးရဟာ ဧပြီလ ၇ ရက်ကနေ မေလ ၆ ရက်အထိ အရေးပေါ်အခြေအနေကာလအဖြစ် ကြေညာလိုက်ပါတယ်၊၊ ကိုရိုနာဗိုင်းရပ်စ် ဂျပန်နိုင်ငံတွင်းကူးစက်ပြန့်ပွားမှု မြင့်တက်လာတဲ့အတွက် ကျွမ်းကျင် အကြံပေးအဖွဲ့ရဲ့ သဘောထားအမြင်ကိုရယူပြီးကြေညာခဲ့တာလို့လည်းဝန်ကြီးချုပ် ရှင်ဇို အာဘေးက ပြောပါတယ်။ အဲဒီကြေညာချက်ဟာ တခြားနိုင်ငံတွေနဲ့မတူပဲ ခရိုင်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဒေသခံတွေ ကို မဖြစ်မနေကိစ္စကလွဲပြီး အပြင်ထွက်တာမျိုးကို မလုပ်ကြဖို့ တောင်းဆိုစေတာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အရေးပေါ် အခြေအနေဟာ တိုကျို၊ ခါနာ့ဂါဝါ့၊ စိုင်းတမာ့၊ ချိဘာ့၊ အိုဆကာ၊ ဟျိုးဂိုးနဲ့ ဖူကုအိုကား ခရိုင်တွေမှာသက်ရောက်ပြီး နေ့စဉ်အိမ်သုံး အရောင်းစူပါမားကတ်တွေ၊ ဆေးရုံနဲ့ ဆေးဝါးပစ္စည်းဆိုင်တွေ၊ ဘဏ်တွေနဲ့ သယ်ယူ ပို့ဆောင်ရေးတွေကတော့ ပုံမှန်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်၊၊ ညလုံးပေါက်နိုက်ကလပ်၊ ကာရာအိုကေစားသောက်ဆိုင်၊ လူစုလူဝေး အခမ်းအနားတွေနဲ့ ရုပ်ရှင်ရုံတွေကို တော့ပိတ်ပင်လိုက်ပါတယ်။ ဒီနေ့အထိ ဂျပန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်သစ်ကူးစက်ခံရသူ ၄၁၀၇ ဦးရှိပြီး သေဆုံးသူ ၉၇ ဦးနဲ့ဆေးရုံဆင်းသူ ၅၉၂ ဦးရှိပါတယ်။ ဓာတ်ပုံ- KYODO
1 year Ago

February 2, 2020

အိုမန်ပင်လယ်ကွေ့၌ ကုန်နှင့်ရေနံတင် သင်္ဘောများကို ကာကွယ်ရန် ဂျပန်စစ်သ‌င်္ဘော ထွက်ခွာ

ဂျပန်စစ်သင်္ဘောတစီးဟာ အိုမန်ပင်လယ်ကွေ့ကို ဖြတ်သွားတဲ့ ကုန်သင်္ဘောတွေနဲ့ရေနံတင်သင်္ဘောတွေကို ကာကွယ်ဖို့ စစ်ဆင်ရေးအတွက် မြို့တော်တိုကျိုကနေ ဖေဖော်ဝါရီ ၂ ရက်မှာ ထွက်ခွာသွားပါတယ်။ အရှေ့အလယ်ပိုင်းကနေ ဂျပန်ကို တင်ပို့တဲ့ ရေနံ ၉၀ ရာခိုင်နှုန်းဟာ အိုမန်ပင်လယ်ကွေ့ကနေ ဖြတ်လာရတာပါ။ ရဟတ်ယာဉ်တင် ဖျက်သင်္ဘော တာ့ခါ့နာ့မိမှာ စစ်သည်အင်အား နှစ်ရာပါပြီး ဖျက်သင်္ဘောအုပ်စုကို ကင်းထောက်စောင့်ရှောက်ဖို့ P-3C ပင်လယ်ပြင်ကင်းလှည့်လေယာဉ် ၂ စီးလည်း ပါပါတယ်။   အန္တရာယ်ကျရောက်နေတဲ့သင်္ဘောတွေကို ကာကွယ်ဖို့၊တပ်တွေကို အခွင့်အာဏာပေးဖို့ ပြင်ဆင်ထားတယ်လို့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအစိုးရက ပြောပါတယ်။  ဒါဟာ နိုင်ငံခြားအငြင်းပွားမှုတွေကို ဖြေရှင်းဖို့ စစ်တပ်သုံးခွင့်ကို တားမြစ်ထားတဲ့ ဒုတိယကမ္ဘာစစ်ပြီးခေတ် ဂျပန်အခြေခံဥပဒေကြောင့် အငြင်းပွားစရာ ဖြစ်နေတာပါ။ ဂျပန်စစ်တပ် တပ်ဖွဲ့ဝင်တွေနဲ့ ယိုဆုခဲအိနာ့ဘာ့စစ်ဆင်ရေး စစ်ဦးစီးမှူးကတော့ သင်္ဘောပေါ်က စစ်သည်တွေဟာ ကောင်းကောင်း ပြင်ဆင်ထားပြီး ဂျပန်သင်္ဘောတွေ ဘေးကင်းရေး သေချာစေဖို့ ထောက်လှမ်းရေးအချက်အလက်တွေ စုဆောင်းရေးအတွက် အတူလုပ်ဆောင်ကြမယ်လို့ ပြောပါတယ်။
1 year Ago
Up