မြိုင်ရတနာဈေး

A d v e r t i s e m e n t With Us

January 3, 2021

မော်လမြိုင် အဓိက စျေး ၂ စျေးကို ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်ဖွင့်ခွင့်ပြုရန် တောင်းဆို

မိသားစုထောင်ချီ စားဝတ်နေရေး အခက်အခဲရှိနေတာကြောင့် မွန်ပြည်နယ်၊ မော်လမြိုင်ရဲ့ အဓိက စျေး ၂ စျေးကို အစိုးရအနေနဲ့ ကိုဗစ်စည်းကမ်းနဲ့အညီ အမြန်ဆုံး ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပေးဖို့ စျေးသူစျေးသားတွေက တောင်းဆိုလိုက်ပါတယ်။ မော်လမြိုင်ရဲ့ အဓိကစျေးတွေဖြစ်တဲ့ အမှတ် (၁) စျေးနဲ့ မြိုင်ရတနာစျေးတွေမှာ စျေးရောင်းချခွင့်ကို ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ကန့်သတ်ထားတာ ဖြစ်ပြီး အခုဆိုရင် အခုဆိုရင် ၄ လ နီးပါးအထိ ရှိလာခဲ့တာပါ။ ဒီစျေး ၂ စျေးမှာ စျေးရောင်းချခွင့် ကန့်သတ်ခံထားရတဲ့ ဆိုင်ခန်းပေါင်း ၂၀၀၀ ကျော် ရှိနေတာဖြစ်ပြီး သူတို့ကို မှီခိုနေတဲ့ စျေးသူစျေးသား မိသားစုတွေနဲ့ အလုပ်သမား ထောင်ချီ ရှိနေတာပါ။ လက်ရှိမှာတော့ စျေးရောင်းခွင့် ကန့်သတ်ခံထားရလို့ သူတို့အားလုံး စားဝတ်နေရေး အခက်အခဲရှိလာတဲ့အတွက် ကိုဗစ်စည်းကမ်းနဲ့အညီ စျေးရောင်းခွင့် ပြန်ပေးဖို့ စျေးသူစျေးသားတွေက တောင်းဆိုခဲ့ကြတာလို့ မော်လမြိုင် အမှတ် (၁) စျေးကော်မတီ ဒုဥက္ကဋ္ဌ ဦးစိုးက ပြောပါတယ်။ မော်လမြိုင်ရဲ့ အဓိက စျေး ၂ စျေးမှာ အခြေခံ စားသောက်ကုန်နဲ့ ဆေးဝါးရောင်းချတဲ့ ဆိုင်တွေကိုသာ ဖွင့်လှစ်ရောင်းချခွင့်ပေးအပ်ထားပြီး အဲဒီလိုရောင်းချခွင့်ရတဲ့ ဆိုင်ကလည်း ၁၀၀ ကျော်ကျော်သာ ရှိနေတာပါ။  ဒါကြောင့် သူတို့ကို မှီခိုနေရတဲ့ မိသားစုတွေရဲ့ စားဝတ်နေရေး အဆင်ပြေရအောင် အစိုးရအနေနဲ့ အမြန်ဆုံး ဖွင့်လှစ်ခွင့် ပြန်ပေးဖို့ စျေးသူစျေးသားတွေက လိုလားနေကြတယ်လို့ အလှကုန်ပစ္စည်းရောင်းသူ ဦးမင်းအောင်က ပြောပါတယ်။ မော်လမြိုင်မြို့ကိုတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home အစီအစဉ်ကနေ ပယ်ဖျက်ထားတာဖြစ်ပြီး စျေးတွေ ပြန်ဖွင့်ပေးဖို့ မွန်ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြထားတယ်လို့ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။ မော်လမြိုင်ရဲ့ အဓိက စျေးတွေ ဖြစ်တဲ့ အမှတ် (၁) စျေးနဲ့ မြိုင်ရတနာစျေးတွေမှာတော့ ရွှေ၊ အဝတ်ထည်နဲ့ အလှကုန်ပစ္စည်းတို့ကို အဓိက ရောင်းချနေတာပါ။ လက်ရှိမှာတော့ စျေးသူစျေးသားတွေက စားဝတ်နေရေး အခက်အခဲရှိလာလို့ စျေးတွေကို ကိုဗစ်စည်းကမ်းနဲ့အညီ ပုံမှန်အတိုင်း ရောင်းခွင့်ပြန်ပေးဖို့ အစိုးရအဖွဲ့ထံ တင်ပြထားတာ ၃ ကြိမ် ရှိသွားပြီး ဖြစ်ပါတယ်။ သတင်း - ဇော်လွင်ထွဋ်
2 months Ago

April 11, 2020

မွန်ပြည်နယ်က မြို့ဝင်ကြေးကောက်ခံသည့် ဂိတ်အားလုံးနှင့် အဓိကစျေး ၂ ခု ယာယီပိတ်

မွန်ပြည်နယ်တဝန်းက မြို့ဝင်ကြေး ကောက်ခံတဲ့ ဂိတ်အားလုံးနဲ့ မော်လမြိုင်မြို့ရဲ့ အဓိက စျေး ၂ စျေးဖြစ်တဲ့ မြိုင်ရတနာစျေးနဲ့ အမှတ် ၁ စျေးတွေကိုလည်း ယာယီပိတ်သိမ်းလိုက်ပါတယ်။ မွန်ပြည်နယ်တဝန်း မြို့ဝင်ကြေးကောက်ခံနေတဲ့ ဂိတ်ပေါင်း ၁၇ ဂိတ် ရှိနေတာ ဖြစ်ပါတယ်။ ဒီဂိတ်တွေကို မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ကြောင့် ဧပြီ ၁၀ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ယာယီပိတ်သိမ်းလိုက်တာလို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးတင်ကိုကိုက ပြောပါတယ်။ ဒီမြို့ဝင်ကြေးကောက်ခံတဲ့ ဂိတ်တွေဟာ နှစ်စဉ် သင်္ကြန်ကာလအတွင်းမှာသာ ပိတ်သိမ်းခဲ့တာ ဖြစ်ပြီး အခုနှစ်မှာတော့ ဧပြီ ၃၀ ရက်နေ့အထိ ယာယီပိတ်သိမ်းခဲ့တာပါ။ ဒါ့အပြင် မော်လမြိုင်မြို့ရဲ့ အဓိက စျေး ၂ စျေးဖြစ်တဲ့ မြိုင်ရတနာစျေးနဲ့ အမှတ် ၁ စျေးကိုလည်း ဧပြီ ၂၀ ရက်နေ့အထိ ယာယီပိတ်သိမ်းထားတယ်လို့ ဆိုပါတယ်။ အခုလို မော်လမြိုင်မြို့ရဲ့ အဓိက စျေး ၂ စျေးကို ယာယီပိတ်သိမ်းထားပေမယ့် စည်ပင်သာယာရေးအဖွဲ့ လက်အောက်ရှိ ကုန်စိမ်းစျေးတွေကိုတော့ ပိတ်ရက်မရှိ ဖွင့်လှစ်ထားတယ်လို့ မော်လမြိုင် ဒိုက်ဝန်းကွင်းစျေး ဒုတာဝန်ခံ ကိုသူရအောင်က ပြောပါတယ်။ ပိတ်ရက်မရှိ ဖွင့်လှစ်ထားတဲ့ ကုန်စိမ်းစျေးတွေအနေနဲ့ Covid 19 ရောဂါကြောင့် စျေးလာသူတွေကို လက်ဆေးကြဖို့နဲ့ လူစုလူဝေးမဖြစ်အောင် အရောင်းအဝယ်ပြုလုပ်ကြဖို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ကက ညွှန်ကြားထားပါတယ်။  ဇော်လွင်ထွဋ် 
11 months Ago
Up