မြိုင်မြို့နယ်

August 12, 2022

မြိုင်မြို့နယ် ပေါက်ပင်ကိုင်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပေါက်ပင်ကိုင်းကျေးရွာကို  စစ်ကောင်စီတပ်တွေက သြဂုတ် ၁၁ ရက် မနက်အစောပိုင်းမှာ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၄၃ လုံး မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေဟာ သြဂုတ် ၁၁ ရက် မနက် ၁ နာရီလောက်မှာ စစ်ကြောင်းထိုးလာပြီး မနက် ၆ နာရီကနေ ၁၀ နာရီလောက်အထိ ပြည်သူတွေရဲ့ နေအိမ်တွေကို အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့တာလို့  ပေါက်ပင်ကိုင်းရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

“မီးရှို့တဲ့အထဲမှာ ပေါက်ပင်ကိုင်းမှာ အိမ်ထောင်ကျတဲ့ ဦးရဲနိုင်ဆိုတဲ့ပျူလည်းပါပြီး သူ့သားမက် ပျူလည်းပါတယ်။ အဲဒီလိုမီးရှို့ဖျက်ဆီးပြီးတော့ ပေါက်ပင်ကိုင်းရွာက ရပ်မိရပ်ဖတစ်ယောက်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး မင်းတို့ဘာတတ်နိုင်သေးလဲလို့ ပြောကြားခဲ့ပြီး ဖုန်းချသွားတယ်။ စစ်(...)၊ပျူ(...)တွေဝင်လာတော့ ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးလာရပြီး ဆောနယ်က ဘင်းဂံဘက်က PPDF စခန်းကို  မီးရှို့နေတဲ့အချိန်မှာပဲ ဒေသခံတွေက အကုန်ရှောင်လိုက်ကြတော့တာ။”

မီးရှို့ခံထားရတဲ့ အလောင်းတလောင်းကတော့ ဘင်းဂံက PPDF ကိုမောင်ဝမ်းရဲ့ အလောင်းလို့ သိရပြီး ပြည်သူ ၅ ယောက်ကိုလည်း စစ်တပ်က ဖမ်းဆီးရိုက်နှက်ပြီး စစ်ကြောင်းပြန်ဆုတ်တဲ့ အချိန်မှပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

စစ်ဘေးရှောင်ပြည်တွေကို မြိုင်မြို့နယ် တောင်ပိုင်းဇုန် PDFက ကာကွယ်ရေးအတွက် အသုံးပြုနေတဲ့ကားတွေ၊ ထော်လာဂျီတွေ ၊ သုံးဘီးတွေ ၊ နွားလှည်းတွေနဲ့ ကယ်ထုတ်ပေးခဲ့ပြီး နေထိုင်စားသောက်ရေးနဲ့ ကျန်းမာရေးအတွက်လည်း ဆေးဝါးကုသမှုတွေ  စီစဥ်ပေးထားတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် မဟာမိတ်တပ်ပေါင်းစုတွေနဲ့ ပူးပေါင်းပြီးနေထိုင်စား သောက်ရေးတွေ ကူညီပေးနိုင်ပေမဲ့ လတ်လော နေအိမ်တွေမီးရှိုခံရတဲ့ မီးဘေးသင့်ပြည်သူတွေကိုတော့ ပ.က.ဖ အနေနဲ့ ကူညီမပေးနိုင်သေးဘူးလို့ မြိုင်မြိုနယ် တောင်ပိုင်းဇုန် ပ.က.ဖ တာဝန်ခံကပြောပါတယ်။

မီးဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေအတွက် အမိုးအကာ၊ အဝတ်အထည်၊ စားနပ်ရိက္ခာ၊၊ ဆေးဝါး နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးအပေါ် အကူအညီလိုအပ်နေလို့ မိဘပြည်သူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေတဆင့် လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

9 hours Ago

August 10, 2022

မြိုင်မြို့နယ်၌ ဒေသခံပြည်သူ ၁၄၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်ဆီး၊ နေအိမ် ၁၀၀ ခန့်ကို မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဩဂုတ် ၉ ရက်က  ဒေသခံပြည်သူ  ၁၄၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေပြီး ကျေးရွာ ၃ ရွာလောက်က နေအိမ် ၁၀၀ ကျော်လောက်ကိုလည်း မီးရှို့ ဖျက်ဆီးသွားတယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

တွင်းမရွာတိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ အနီးနားကျေးရွာက ဒေသခံပြည်သူ ၁၄၃ ယောက်ကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းနေတာ ခုအချိန်ထိ ပြန်မလွှတ်သေးဘူးလို့  မြိုင် ပ.ကဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

နှမ်းဆီကန်ရွာသားတဦးက “စစ်(…)နဲ့ ပျူ(…)တွေဟာ အိုရင်းရွာ၊ သာစည်ရွာနဲ့ နှမ်းဆီကန်ကျေးရွာက ပြည်သူတွေကို ဖမ်းဆီးထားသလို မီးရှို့ဖျက်ဆီးကြတာကြောင့် အိမ်ခြေ ၁၀၀ ကျော် မီးထဲပါသွားပြီ။ ကျနော်တို့လည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြရလို့ အတိအကျတော့ မသိရသေးဘူး။ ကျနော်တို့ရွာကိုတော့ ညနေပိုင်းမှ စရှို့ကြတာ။ အိမ်ခြေအရေတွက်ကတော့ ကျေးရွာ ၃ ရွာပေါင်း အိမ်ခြေ ၁၀၀ ကျော်လောက် မီးထဲပါသွားပြီ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်သလို တွင်မရွာဘက်မှာ တိုက်ပွဲဖြစ်သံကြားလို့ ရွာသားတွေ အသက်လုပြီး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတာ၊ တချို့ကလည်း ဆွေမျိုးနီးစပ်တွေရှိတဲ့ ရွာတွေကို ထွက်ပြေးကြသလို တောထဲတွေမှာ ဖြစ်သလိုနေရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မြိုင် ပ.က.ဖ တပ်ရင်းမှူး ဗိုလ်လက်ယာက “မြိုင်မြို့နယ်ထဲကို စစ်(…)တွေ အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးနေလို့ မြိုင်-ပခုက္ကူကားလမ်းကို မိဘပြည်သူတွေအနေနဲ့ ဖြတ်သန်း သွားလာတာတွေ မပြုလုပ်ကြဖို့  ဩဂုတ် ၆ ရက်မှာ ထုက်ပြန်ထားပေမဲ့ လိုက်နာမှုအားနည်းလို့  ဩဂုတ်လ ၉ ရက်မှာ  နောက်ထပ် ထုတ်ပြန်ထားတယ်”လို့  ပြောပါတယ်။

မြိုင်မြို့နယ်ထဲမှာ PDF စိုးမိုးနယ်မြေတွေ များပြားလာလို့ စစ်ကောင်စီဘက်က အင်အားအလုံးရင်းနဲ့ စစ်ကြောင်း ၅ ကြောင်းခွဲပြီး အသည်းအသန်ထိုးစစ်ဆင်ကာ ကျေးရွာတွေကိုလည်း ဆက်တိုက် မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

မကွေးတိုင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် မေ ၃၁ ရက်အထိ အိမ်ခြေ ၃,၀၅၅ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmarက ဇွန်လ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

2 days Ago
More News
Up