မြိုင်ကလေး

October 19, 2019

မြိုင်ကလေး ဘိလပ်မြေစက်ရုံအနီး ကျေးရွာများကို ရွေ့လျားရေသန့်စင်ယာဉ်ဖြင့် ရေဖြန့်ဝေ

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ရေတွင်း၊ ရေကန်၊ ချောင်းနဲ့ အင်းအိုင်တွေ ရေအရောင်ပြောင်းလဲမှုကြောင့် ဒေသခံတွေ သောက်သုံးဖို့ စိုးရိမ်နေကြလို့ အစိုးရက ရေသန့်ဖြန်ဝေပေးနေပါတယ်။ သောက်သုံးရေ အခက်အခဲမရှိစေဖို့ ရွေ့လျားရေသန့်စင်စက်မော်တော်ယာဉ်(Mobile water Purification Vehicle) နဲ့ အောက်တိုဘာ ၁၈ ရက်နေ့ကစတင်ပြီး ရေသန့် ဖြန့်ဝေပေးနေတာလို့ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်က ပြောပါတယ်။ မြန်မာစီးပွားရေးကော်ပိုရေးရှင်းပိုင်၊ မြိုင်ကလေး ဘိလပ်မြေစက်ရုံ(တန် ၄၀၀၀) စက်ရုံအနီးတဝိုက်က ကျေးရွာတွေမှာ အခုရက်ပိုင်းအတွင်း ရေတွင်း၊ ရေကန်၊ ချောင်းနဲ့ အင်းအိုင်တွေမှာ စက်ရုံက စွန့်ပစ်လိုက်တဲ့ ကျောက်မီးသွေးလောင်စာသုံး စွန့်ပစ်ရေတွေကြောင့် ရေအရောင် ပြောင်းလဲခဲ့တဲ့အတွက် အခုလို ပြည်နယ်အစိုးရက ဒေသခံတွေ ရေအခက်အခဲမရှိအောင် ဆောင်ရွက်ပေးနေတာပါ။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်က “ဒီပတ်ဝန်းကျင်ကို ရေဖြန့်ပေးဖို့ရှိတယ်။ စည်ပင်ဆိုရင်လည်း ကားနဲ့ နေအိမ်အရောက် ကားနဲ့ဖြန့်ပေးတယ်။ လာယူမယ်ဆိုရင်လည်း ဒီနားက ပတ်ဝန်းကျင်ကို ၁ နာရီကို ဘူး ၁၅၀ နှုန်းနဲ့ ကျနော်တို့က ဖြန့်ပေးနိုင်တဲ့ အနေအထားမျိုးရှိတယ်” လို့ ပြောပါတယ်။ ဘားအံမြို့၊ ငှက်ပျောတောကျေးရွာ၊ ဒေါ်စိန်စိန်က “ဒီရေလည်း မသုံးစွဲရဲပါဘူး။ သောက်လည်း မသောက်ရဲပါဘူး။ နွားတွေ တိရစ္ဆာန်တွေတော့ တိုက်ရဲတယ်။ လူတွေတော့ မသောက်သုံးရဲဘူး။ ကျမတို့ကလေးတွေ အနာဂတ်အတွက် စိုးရိမ်လို့ မသောက်ရဲဘူး” လို့ ပြောပါတယ်။ မြဝတီမြို့၊ ရေသန့်အလှူရှင်၊ ဒေါ်နွေးနွေးက “ဒေသခံတွေက ဒီရေတွေကို သောက်ဖို့က သူတို့စိတ်ထဲမှာ မရဲဘူး။ သူတို့ မသောက်သုံးချင်ဘူး။ တိရစ္ဆာန်တွေအတွက်ပဲ။ သုံးရေပြန်ပြီးတော့ အသုံးပြုမယ်လို့ သိရတယ်။ အခုဒီမှာက လိုအပ်ချက်တွေက တော်တော်များပြားတယ်။ ရေသန့်အများဆုံး လိုနေတာ”လို့ ပြောပါတယ်။ ပြည်နယ်အစိုးရက ဒေသခံတွေ ရေရှည်အသုံးပြုနိုင်တဲ့ အဝီစိတွင်း ၄ တွင်းကို စက်ရုံနဲ့ အနီးဆုံးကျေးရွာတွေမှာ တူးဖော်ပေးဖို့ မြေစမ်းသပ်မှုတွေကို ဆောင်ရွက်နေပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့ကစပြီး အမည်းရောင် ပြောင်းလဲခဲ့တဲ့ ရေနမူနာတွေကို နေပြည်တော်နဲ့ ရန်ကုန်ကို ဓာတ်ခွဲစမ်းသပ်ဖို့ ပေးပို့ထားသလို ပြည်နယ်အဆင့်ဌာန ၇ ခုက ဓာတ်ခွဲစမ်းသပ်မှုတွေ ဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတွေရဲ့ စစ်ဆေးချက်တွေအရ သောက်သုံးနိုင်တဲ့အဆင့်ရှိ ရေတွေလို့ ထုတ်ပြန်ထားပေမယ့် ဒီကနေ့ထိ ပြန်လည်သုံးစွဲမရဲဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ရဲမင်းခေါင်
2 years Ago

October 16, 2019

မြိုင်ကလေး ဘိလပ်မြေစက်ရုံအနီးရှိ အင်းအိုင်များတွင် ရေအရောင်ပြောင်းပြီး ငါးများ သေဆုံး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ရေတွင်း၊ ရေကန်၊ ချောင်းနဲ့ အင်းအိုင်တွေ ရေအရောင်ပြောင်းလဲတာနဲ့ပတ်သက်ပြီး ဓာတ်ခွဲစစ်ဆေးနေတဲ့ ရက်ပိုင်းအတွင်း ရေတွင်းကုန်းကျေးရွာက အင်းတွေမှာ အောက်တိုဘာ ၁၅ ရက်နေ့က ငါးအမြောက်အများ သေဆုံးခဲ့ပါတယ်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင်၊ မြိုင်ကလေး ဘိလပ်မြေစက်ရုံက စွန့်ပစ်လိုက်တဲ့ ကျောက်မီးသွေးလောင်စာသုံး စွန့်ပစ်ရေတွေကြောင့် စက်ရုံအနီးက ကျေးရွာတွေမှာ အခုရက်ပိုင်းအတွင်း ရေတွင်း၊ ရေကန်၊ ချောင်းနဲ့ အင်းအိုင်တွေမှာ  ရေအရောင် ပြောင်းလဲနေတာပါ။ စတင်ဖြစ်ခဲ့တဲ့နေ့ကစပြီး အမည်းရောင် ပြောင်းလဲခဲ့တဲ့ ရေနမူနာတွေကို သက်ဆိုင်ရာက နေပြည်တော်နဲ့ ရန်ကုန်ကို ဓာတ်ခွဲစမ်းသပ်ဖို့ ပေးပို့ထားပေမယ့် ဒီကနေ့ထိ တိကျတဲ့အဖြေ မရရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဘားအံမြို့နယ်၊ ရေတွင်းကုန်းကျေးရွာ၊ ကိုသန်းတင်ဦးက “ငါးတွေက ဘယ်နေ့ ဘယ်ရက် သေတာလည်း ကိုယ့်မသိဘူး။ ငါးတွေက ပေါ်နေပြီ။ အဲဒီရေပေါ်မှာ ငါးခုံးမတွေကော အကုန်လုံး သေနေပြီ”လို့ ပြောပါတယ်။ ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က “မကြာခင်တော့ ကျနော်တို့ သက်ဆိုင်ရာ ပညာရှင်ဌာနတွေကနေပြီးတော့ ဘယ်လိုအကြောင်းကြောင့် ငါးတွေ သေဆုံးမှုဖြစ်တယ် ဆိုတာ ထုတ်ပြန်ပေးပါလိမ့်မယ်”လို့ ပြောပါတယ်။ ဘားအံမြို့နယ်၊ ငှက်ပျောတောကျေးရွာ၊ ဦးခင်စိန်က“နွားကအစ အကုန်လုံးရှိနေတဲ့ ကြက်၊ ဘဲ၊ ဝက် ကင်းရာကင်းကြောင်း ဆေးဝါးလာပြီးတော့ စမ်းသပ်ဖို့ ဒီရေနဲ့ပတ်သက်ပြီးတော့ စစ်ဆေးပေးပါ။ ကာကွယ်ဆေးထိုးဖို့ မလိုအပ်ဘူးလား”လို့ ပြောပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကတော့ ဒေသခံတွေ စိုးရိမ်မှုမရှိအောင် စက်ရုံအနီးက ရေတွင်းရေကို နမူနာ သောက်ပြခဲ့သလို ဌာနဆိုင်ရာတွေနဲ့ ကလေးငယ်တွေ ရေချိုးတာတွေ ပြုလုပ်ပြသခဲ့ပေမယ့် ဒေသခံတွေအနေနဲ့ ကတော့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။  သံလွင်မြစ်၊ ဖိုးရှိုးဆိပ်ကမ်းကနေ ကျောက်မီးသွေးသယ်ယာဉ်တွေ စည်းကမ်းမဲ့ မောင်းနှင်တာတွေကြောင့် ကျောက်မီးသွေးမှုန့်တွေကို ဒေသခံတွေနဲ့ ကျောင်းသား ကျောင်းသူတွေ နေ့စဉ် ရှူရှိုက်နေရတဲ့အတွက် ကျန်းမာရေး ထိခိုက်လာမှာကိုလည်း စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တန် ၄၀၀၀ မြိုင်ကလေးဘိလပ်မြေစက်ရုံကို ၂၀၁၆ ခုနှစ်ကစတင်ပြီး သဘာဝဓာတ်ငွေ့ကနေ ကျောက်မီးသွေးလောင်စာ ပြောင်းလဲသုံးစွဲဖို့ စက်ပြောင်းတပ်ဆင်ကတည်းက ဒေသခံတွေက ကန့်ကွက်ခဲ့ကြပေမယ့် ဒီကနေ့ထိ စက်ရုံက ဆက်လက်လည်ပတ်နေဆဲ ဖြစ်ပါတယ်။ ရဲမင်းခေါင်
2 years Ago
Up