မြသွဲ့သွဲ့ခိုင်

February 21, 2021

မမြသွဲ့သွဲ့ခိုင်စျာပနအခမ်းအနား လူဦးရေ သိန်းချီ တက်ရောက်

ဖေဖော်ဝါရီ ၉ ရက်နေ့က နေပြည်တော်သပြေကုန်းအဝိုင်းအနီးမှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ရေး ဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုကြောင့် ဦးခေါင်း ကျည်ထိမှန် ကျဆုံးသွားခဲ့တဲ့ အမျိုးသမီးငယ် မမြသွဲ့သွဲ့ခိုင်ကို နေပြည်တော်ရှိ ကွေ့ကြီးသုသာန်မှာ ဒီကနေ့ မီးသင်္ဂြိုဟ်ပြီး အရိုးပြာကို ဂူသွင်းခဲ့ပါတယ်။

သေနတ်ကျည်ဆန် ဦးခေါင်းထဲမှာ ဝင်နေပြီး အသက်ရှူစက်နဲ့ အသက်ရှိနေခဲ့ရတဲ့ အသက် ၂၁ နှစ်အရွယ်  မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၁၁ နာရီ ၁၅ မိနစ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းကို ခွဲစိတ်ပြီး တွေ့ရတဲ့ ကျည်ဆန်ဟာ သတ္တုကျည်အမျိုးအစား (ကျည်ဆန်အစစ်) ဖြစ်ကြောင်း ဆရာဝန်တွေက အတည်ပြုချက်ပေးခဲ့ပါတယ်။

ကျဆုံးသွားတဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ စျာပနကို လူဦးရေ သိန်းချီလိုက်ပါ ပို့ဆောင်ပေးခဲ့ကြပါတယ်။

9 months Ago

February 20, 2021

မမြသွဲ့သွဲ့ခိုင်အတွက် လားရှိုးပြည်သူများ အလေးပြုအခမ်းအနားလုပ်

စစ်အာဏာရှင်တော်လှန်ရင်း ကျဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်အတွက် ဝမ်းနည်းခြင်းအထိမ်း အမှတ်အနေနဲ့ လားရှိုးမြို့က ပြည်သူတွေဟာ ဖေဖော်ဝါရီ ၂၀ မှာ ၂ မိနစ်ငြိမ်ကာ ဆုတောင်း‌ခဲ့ပြီး အလေးပြုအခမ်းအနား ပြုလုပ်ခဲ့ကြပါတယ်။

လားရှိုးမြို့က လူငယ်ကျောင်းသားအများစုပါဝင်တဲ့ စစ်အာဏာရှင်ဆန်တော်လှန်ရေး ကမ်ပိန်းဟာ ဖေဖော်ဝါရီ ၂၀ ထိဆိုရင် ၁၄ ရက်မြောက်အထိ နေ့စဉ်လမ်းပေါ်ထွက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုမှာ စက်ဘီးစီးတာ၊ ကဗျာရွတ်ဖတ်ကြတာလည်း ပါဝင်ခဲ့ပါတယ်။

နန်းငြိမ်းလုံ

9 months Ago

စစ်ကိုင်းမြို့တွင် မမြသွဲ့သွဲ့ခိုင်အတွက် ဆုတောင်းပွဲလုပ်

တပ်မတော်ကအာဏာသိမ်းယူမှုကို ဆန့်ကျင်တဲ့အနေနဲ့ စစ်ကိုင်းမြို့မှာ   ဖေဖော်ဝါရီ ၂၀  မနက်ပိုင်းမှာ လူဦးရေ ​သောင်းချီပြီး မြို့တွင်းကို စီတန်းလှည့်လည်ကာ ငြိမ်းချမ်းစွာဆန္ဒထုတ် ဖော်ခဲ့ပါတယ်။

     နေပြည်တော်ဆန္ဒပြပွဲမှာ ရဲအရာရှိတစ်ဦးက  သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် ကျဆုံးခဲ့ရတဲ့ မမြသွဲ့သွဲ့ခိုင်အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် စစ်ကိုင်းမြို့ ကမ်းနားလမ်း ဧရာဝတီ မြစ်အတွင်းမှာ လွမ်းသူပန်းခွေအား ရေမျှောပြီး  ဆုတောင်းပွဲ လုပ်ခဲ့ကြပါတယ်။

ဒီနေ့ ဆန္ဒပြပွဲမှာတော့ သံဃာတော်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဆရာ/ဆရာမတွေ၊ လျှပ်စစ်ဝန်ထမ်းတွေ၊ ဌာနပေါင်းစုံက CDM မှာ ပါဝင်လှုပ်ရှားကြတဲ့ ဝန်ထမ်းတွေ၊ ကျောင်းသား ကျောင်းသူတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ ပြည်သူတွေ စုပေါင်းကာ လူအင်အားသောင်းချီပြီး မြို့အတွင်း ဆန္ဒပြခဲ့ကြပါတယ်။

ရဲနိုင်ဆွေ

9 months Ago

ဖျာပုံသပိတ်ကော်မတီက မမြသွဲ့သွဲ့ခိုင်ကို အာဇာနည်တစ်ဦးအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်

နေပြည်တော်က အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ  ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဦးခေါင်းသေနတ်ထိမှန်ပြီး ကျဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ကို ဖျာပုံမြိုနယ်လုံးဆိုင်ရာ အထွေထွေသပိတ် ဖြစ်မြောက်ရေးဦးဆောင်ကော်မတီက အာဇာနည်တစ်ဦးအဖြစ် ဂုဏ်ပြုမှတ်တမ်းတင် ဦးညွတ်အလေးပြုကြောင်း ထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့မနက်ပိုင်းက ဖျာပုံမြို့ ဗိုလ်ချုပ်ကြေးရုပ်တုမှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ဖျာပုံမြို့နယ်လုံးဆိုင်ရာ အထွေထွသပိတ်ဖြစ်မြောက်ရေးဦးဆောင်ကော်မတီက ထုတ်ပြန်ခဲ့တာပါ။

မမြသွဲ့သွဲ့ခိုင်အား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပန်းခွေချ အခမ်းအနားကိုလည်း ဗိုလ်ချုပ်ကြေးရုပ်တုမှာ ဒီကနေ့မနက် ကျင်းပခဲ့ပါတယ်။

ကျော်စိုးမိုး(ဖျာပုံ)

9 months Ago
Up