မြသန်းတင့်

November 13, 2022

ရူးသွပ် ကြေကွဲ

၁။

ကျနော်ဟာ နိုင်ငံခြားဘာသာတခုဖြစ်တဲ့ အင်္ဂလိပ်စာမှာ ကျွမ်းဝင်နှံ့စပ်သူ မဟုတ်ပါ။ ဒါပေမဲ့ အင်္ဂလိပ်ကဗျာတွေနဲ့ တခြားဘာသာကနေ အင်္ဂလိပ်လို ဘာသာပြန်ထားတဲ့ ကဗျာတွေကို လိုက်လံဖတ်ရှုရာမှာတော့ ဝါသနာထုံသူ ဖြစ်ပါတယ်။

၁၉၇၃ ခုနှစ်ထဲမှာ မိတ်ဆွေကဗျာဆရာတဦးဖြစ်တဲ့ “စန်းမောင်” (ယခု တရားရုံးချုပ်ရှေ့နေ ဦးစန်းမောင်၊ ပဲခူး) နဲ့ အတူတွဲပြီး အင်္ဂလိပ်လို ဘာသာပြန်ထားတဲ့ တရုတ်ကဗျာတပုဒ်ကို အဲဒီ အင်္ဂလိပ်ဘာသာပြန်ကတဆင့် မြန်မာလို ဘာသာပြန်ခဲ့ဖူးပါတယ်။ ကဗျာရဲ့အမည်က “ကွမ်ဆီပြည်နယ်ထဲက ပြောက်ကျားများ” ဖြစ်ပါတယ်။ မူရင်းကဗျာဆရာက တချိန်တုန်းက တရုတ်ပြည်ရဲ့ နိုင်ငံခြားရေးဝန်ကြီးလုပ်ခဲ့တဲ့ “မာရှယ်ချင်ရီ” ဖြစ်ပါတယ်။

အဲဒီ “ကွမ်ဆီပြည်နယ်ထဲက ပြောက်ကျားများ” ကဗျာရှည်ကို တရုတ်နိုင်ငံခြားဘာသာ ထုတ်ဝေရေးဌာနက အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ တရုတ်စာပေမဂ္ဂဇင်းတခုမှာ တွေ့ခဲ့ကြတာပါ။ ဒီကဗျာကို မိုးဝေစာပေမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပါတယ်။ ဒီအတွေ့အကြုံဟာ ကျနော့်ရဲ့ ပထမဦးဆုံးသော ဘာသာပြန်အတွေ့အကြုံပဲ ဖြစ်ပါတယ်။

နောင်အခါ ကျနော်လက်လှမ်းမီတဲ့ အင်္ဂလိပ်လိုရေးထားတဲ့ ကဗျာတချို့ကို ဘာသာပြန်တဲ့အခါ ဘာသာဗေဒတံတိုင်းကို လွတ်အောင်မကျော်နိုင်လို့ တပုဒ်လုံးဆုံးအောင် ဘာသာမပြန်နိုင်ခဲ့တာနဲ့ မှားပြီး ဘာသာပြန်ခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။ ဒီလို တောနင်းတောင်နင်း အဖြစ်မျိုး ကြုံရတဲ့အခါ မိတ်ဆွေ ကဗျာဆရာ “ကိုစန်းမောင်” ပြောပြခဲ့တဲ့ စကားတခွန်းက ကျနော့်အတွက် အားဆေးတခွက်ပါပဲ။ သူက “ဘာသာပြန်တဲ့အလုပ်ကို ရဲရဲသာလုပ်စမ်းပါ။ ပထမတော့ ဘာသာပြန်မမှားအောင် အစွမ်းကုန်ကြိုးစားရမှာပေါ့ အဲ ... မှားပြီး ဘာသာပြန်မိရင်လည်း နားလည်တဲ့သူတွေက ထောက်ပြလိမ့်မယ်။ ဘာသာပြန်နိုင်တဲ့သူတွေက တတ်ရဲ့သားနဲ့ ဘာသာမပြန်ဘဲ နေတာနဲ့စာရင် မတတ်တတတ်နဲ့ ကြိုးစားပြီး ဘာသာပြန်နေတဲ့လူက ပိုပြီး တာဝန်ကျေတာပေါ့။ မင်း ဘာမှအားမငယ်နဲ့။ ဆက်သာလုပ်” ဆိုတဲ့ စကားကို ပြောခဲ့ဖူးပါတယ်။ အဲ့ဒီအားဆေးကို မှီဝဲရင်း နိုင်ငံရပ်ခြားကဗျာတချို့ကို ကျနော် ဘာသာပြန်ခဲ့ပါတယ်။

၂။

ဒီနှစ် စက်တင်ဘာလဆန်းပိုင်းမှာ “ချင်းတွင်းမဂ္ဂဇင်း” ကို ကျနော် ဖတ်တဲ့အခါ ဆရာ“မြင့်သန်း” ရဲ့ “လရောင်နှင့် လီပို” လို့ အမည်ပေးထားတဲ့ ဆောင်းပါးကို ဖတ်ရပါတယ်။

“လီပို” လို့ တွေ့လိုက်တယ်ဆိုရင်ပဲ ကျနော့်မှာ ခြေတွေ လက်တွေ အေးစက်သွားလုမတတ် ရင်ခုန်နေမိပါတယ်။ “လီပို” ဆိုတဲ့ တရုတ်ကဗျာဆရာက ကျနော် အင်မတန်နှစ်သက်တဲ့ ကဗျာဆရာတဦးပဲ။ သူ့ကဗျာတပုဒ်ကို ကျနော် ဘာသာပြန်ခဲ့ဖူးတာပဲ။ ဒါနဲ့ပဲ စာအုပ်ဆိုင်ထဲမှာတင် မတ်တပ်ရပ်ရင်း “ဆရာမြင့်သန်း”ရဲ့ ဆောင်းပါးကို ဆုံးအောင်ဖတ်ပါတယ်။ ဒီအထဲမှာ “လီပို” ရဲ့ ကဗျာတပုဒ်ကို အင်္ဂလိပ်ဘာသာပြန်မူရင်းနဲ့ တွဲပြီး မြန်မာဘာသာပြန်ပေးထားတာကိုလည်း တွေ့ရပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဆရာမြင့်သန်း ဘာသာပြန်ထားတဲ့ ကဗျာက ကျနော်ဘာသာပြန်ခဲ့ဖူးတဲ့ ကဗျာနဲ့ တပုဒ်တည်းဖြစ်နေတာ သွားတွေ့ရပါတယ်။ ဒါနဲ့ပဲ “ငါ ... ဘာသာပြန်ထားတာနဲ့ တူမှတူရဲ့လား၊ ငါ ... ဘာတွေများ မှားပြီး ဘာသာပြန်ခဲ့မိပါလိမ့်” ဆိုတဲ့ စိုးရိမ်စိတ်နဲ့ အဲ့ဒီကဗျာ ဘာသာပြန်ကို သုံးလေးကြိမ် ဖတ်ပါတယ်။ စိတ်ထဲမှာ ဇဝေဇဝါဖြစ်နေလို့ အိမ်ကို ချက်ချင်းပြန်လာခဲ့ပါတယ်။ ကျနော်ဘာသာပြန်ထားတဲ့ ကဗျာနဲ့ ဆရာမြင့်သန်း ဘာသာပြန်ထားတဲ့ကဗျာကို တဖက်စီချပြီး တိုက်ဆိုင်ကြည့်ပါတယ်။ ဒီအခါမှာတော့ ကျနော့်မှာ ဘာသာပြန်ကဗျာနှစ်ပုဒ်ကို ဖတ်ရင်းဖတ်ရင်းက မူရင်းကဗျာဆရာ “လီပို” အတွက် ကြေကွဲရပါတော့တယ်။

၃။

အောက်မှာ ဆရာမြင့်သန်း ဘာသာပြန်ထားတဲ့ ကဗျာကို အင်္ဂလိပ်ဘာသာပြန်မူရင်းနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်။

“လရောင်အောက်မှာ တကိုယ်တည်း သောက်နေတယ်”

ပန်းတွေအကြားမှာ ငါ တကိုယ်တည်း

စိမ်ရည်တအိုးကို ကိုယ့်ဘာသာပဲ သောက်နေတယ်၊

ဒီတုံးခွက်ကို မြှောက်လိုက်ပြီး လမင်းကြီးကို

ငါနဲ့အတူသောက်ပါလားလို့ မေးလိုက်တယ်၊

လအရိပ် ငါ့အရိပ်တွေ ခွက်ပေါ်မှာ ရောင်ပြန်ဟပ်တယ်၊

တို့သုံးဦးသားပဲပေါ့၊

လမင်းကြီးက မသောက်နိုင်ရှာလို့ ငါ သက်ပြင်းချလိုက်မိတယ်။

ငါ့အရိပ်ကလည်း ငါလုပ်သလို လုပ်နေပေတဲ့ စကားတခွန်းမျှမပြောဘူး။

ဒီမှာ ဘယ်သူငယ်ချင်းမှလည်းမရှိတော့

သူတို့ကိုပဲ ငါ အဖော်လုပ်ရတယ်။

ပျော်စရာကောင်းတဲ့အချိန်မှာ

ငါလည်း အပေါင်းရယ် အသင်းရယ်နဲ့ ပျော်မှာပဲ

ငါထိုင်ပြီးသီချင်းဆိုတော့

လမင်းကြီးက ငါနဲ့ လိုက်ဆိုနေသလိုပဲ၊

ငါ ထ က တော့ အရိပ်က ငါနဲ့ လိုက်ကတယ်၊

ငါ မမူးသေးခင် လမင်းကြီးနဲ့ င့ါအရိပ်ကို

သူငယ်ချင်းတွေပဲလို့ သဘောထားလိုက်ပြီး ဝမ်းသာမိတယ်၊

ဒါပေတဲ့ ငါအတော်ကြီးသောက်ပြီးတော့

တို့တတွေ ကွဲကွာသွားကြရော

ဒီလို ခံစားချက်မရှိတဲ့ သူငယ်ချင်းတွေကို

ငါအမြဲအားကိုးနိုင်တယ်၊

တနေ့ နဂါးငွေ့တန်းကြီးရဲ့ အတွင်းဘက် တနေရာမှာ

တို့သုံးယောက်သား ပြန်ဆုံကြလိမ့်မယ်လို့ ထင်တယ်။ ။

Alone And Drinking Under The Moon Amongst the flowers 

I am alone with my pot of wine drinking by myself; 

then lifting my cup

 I asked the moon to drink with me,

 its reflection and mine in the wine cup, 

just the three of us; 

then I sigh for the moon cannot drink, 

and my shadow goes emptily along with me never saying a word; 

with no other friends here, 

I can but use these two for company;

in the time of happiness, 

I too must be happy with all and 

it is as if the moon accompanies me; 

then if I dance, it is my shadow that dances along with me, while still not drunk,

 I am glad to make the moon and my shadow into friends,

 but then when I have drunk too much, 

we all part; yet these are friends 

I can always count on these who have no emotion whatsoever; 

I hope that one day we these will meet again, 

deep in the Milky Way. 

(မူရင်း အင်္ဂလိပ်ဘာသာပြန်ဆရာရဲ့ အမည်ကိုတော့ ဆောင်းပါးထဲမှာ မပါရှိပါ။ ဒီအင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ကဗျာကို ကျနော်က ကျနော့်ရဲ့ ဘလော့ပေါ်က ပြန်ကူးယူဖော်ပြတာပါ။ ကူးယူတဲ့အခါ စာကြောင်းတွေက ဆက်ကုန်ပါတယ်။ အခုစီထားတာဟာ မူရင်း စာစီထားသလိုတော့ ဖြစ်ချင်မှ ဖြစ်နေပါလိမ့်မယ်ခင်ဗျား။)

နောက်ထပ်ပြီးတော့ “ရွှေဒေါင်းတောင်” မဂ္ဂဇင်းမှာ ကျနော်ဘာသာပြန်ဖော်ပြခဲ့တဲ့ ကဗျာနဲ့ မူရင်း အင်္ဂလိပ်ဘာသာပြန်ကဗျာကိုလည်း ထပ်ပြီး ဖော်ပြပေးလိုက်ပါတယ်။ နှိုင်းယှဉ် ဖတ်ရှုနိုင်ဖို့ ဖြစ်ပါတယ်။

“လမင်းနှင့်အတူ ဝိုင်သောက်ခြင်း”

ပန်းစုံတောထဲမှာ ဝိုင်တအိုးရှိတယ်။

အဖော်မပါ ငါတယောက်ထဲ ဝိုင်သောက်နေတယ်။

ဝိုင်ခွက်ကိုမြှောက် လမင်းကို ဖိတ်ခေါ်လိုက်ရဲ့

လမင်းရယ် ငါရယ် ငါ့အရိပ်ရယ်

အဖော်သုံးယောက်ဖြစ်အောင် ငါဖန်တီးလိုက်ပေ့ါ

လမင်းခမျာ ဝိုင်ကို ဘယ်လိုသောက်ရမယ်ဆိုတာ မသိရှာ

ငါ့အရိပ်ကတော့ ငါ့ကို လိုက်တုတယ်

ဒါပေမယ့် သူတို့နှစ်ဦးစလုံးနဲ့ပဲ လက်တွဲရပေလိမ့်

ဒီလိုနဲ့ ဟောဒီနွေဦးဟာ ပြီးပြည့်စုံခဲ့

ငါသီချင်းဆိုတော့ လမင်းက ရှေ့တိုးနောက်ငင်

ငါ က လိုက်တော့ ငါ့အရိပ်က ခုန်လိုက်ပေါက်လိုက်

ငါတို့ မူးယစ်ရီဝေစွာ တဦးနဲ့တဦး ပျော်ရွှင်မှုတွေ ကူးစက်ကြ

သောက်ကြစမ်း ပြီးတော့ တယောက်တလမ်းစီ လမ်းခွဲကြရဦးမယ်

ကောင်းချီပေးလိုက်ကြစမ်း

လူသားရဲ့ မိတ်ဖွဲ့ချစ်ခင်မှုအပေါ် ကောင်းချီး ပေးလိုက်ကြစမ်း

ငါတို့ ငွေမြစ်ရဲ့အဆုံးမှာ တဖန်ပြန်ဆုံကြစို့။ ။

Drinking Alone with the Moon 

A pot of wine among the flowers.

 I drink alone, no friends with me. 

I raise my cup to invite the moon. 

He and my shadow and I make three. 

The moon does not know how to drink;

 My shadow mimes my capering;

 But I'll make merry with them both - And soon

 enough it will be Spring I sing – 

the moon moves to and fro. 

I dance - my shadow leaps and sways. Still sober, we exchange our joys. Drunk - and we'll go our separate ways.

 Let's pledge - beyond human ties - to be friends, 

And meet where the Silver River ends. 

(translated by Vikram Seth) 

၄။

အထူးတလည် အလေးအနက်ထား ပြောစရာတခုတော့ ရှိပါတယ်။

အခုလို ဘာသာပြန်မူကွဲနှစ်ခုကို တင်ပြခဲ့ခြင်းဟာ ဆရာမြင့်သန်းရဲ့ ဘာသာပြန်စွမ်းရည်နဲ့ ကျနော့်ရဲ့ ဘာသာပြန်စွမ်းရည်ကို ယှဉ်ပြိုင်လိုတဲ့သဘောနဲ့ စာဖတ်သူများရဲ့ရှေ့မှာ အစစ်ဆေးခံဖို့ ရည်ရွယ်ရင်းမဟုတ်တဲ့အကြောင်း အလေးအနက်ထားပြီး အစီရင်ခံပါရစေ။

ကျနော့်ရည်ရွယ်ချက်က ကဗျာတပုဒ်တည်းကို လူနှစ်ယောက်က ဘာသာပြန်တဲ့အခါ ကဗျာတပုဒ်ကနေ နှစ်ပုဒ်ဖြစ်သွားရတဲ့ကိစ္စ ရှင်းလင်းတင်ပြချင်လို့ အခုလို ယှဉ်တွဲပြီး ဖော်ပြခဲ့တာပါ။ ဒီလို အင်္ဂလိပ်ဘာသာပြန်ထားတဲ့ ကဗျာတပုဒ်ကို မြန်မာဘာသာပြန်ဆိုတဲ့အခါ မူရင်း တရုတ်ဘာသာကနေပြီး အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့ကြတဲ့ စာပေပညာရှင်များအနေနဲ့ မူရင်းတရုတ်ကဗျာအပေါ်မှာ အဓိပ္ပါယ်အယူအကောက် မတူခဲ့ကြရာက စပြီး မတူတဲ့ အင်္ဂလိပ်ဘာသာပြန် ကဗျာနှစ်ပုဒ် ဖြစ်လာခဲ့တာပါ။ ဒီလို မတူကွဲပြားနေတဲ့ အင်္ဂလိပ်ဘာသာပြန်ကဗျာနှစ်ပုဒ်ကိုမှ ကျနော်နဲ့ ဆရာမြင့်သန်းတို့က ထပ်ပြီး မြန်မာဘာသာပြန်ဆိုလိုက်တော့ တခါထပ်ပြီး မတူကွဲပြားတဲ့ ကဗျာနှစ်ပုဒ် ဖြစ်လာရပြန်တော့တာပေါ့။

ဒီလို တသီတတန်းကြီး ထိုင်ပြီးတွေးမိတဲ့အခါ မူရင်းကဗျာဆရာ “လီပို” သာ သက်ရှိထင်ရှား ရှိနေမယ်ဆိုရင် သူ့ကဗျာကို ပုံပန်းပျက်အောင်လုပ်မိတဲ့ ကျနော်တို့အပေါ် (ဒီနေရာမှာ ဆရာမြင့်သန်းအပေါ် မလေးမစားနဲ့ ရည်ရွယ်ပြောဆိုလိုရင်း မရှိကြောင်း ကြားညှပ်ပြီး ပြောပါရစေ။) ဘယ်လိုများ သဘောထားမလဲ ...။ ဒီလိုတွေးတဲ့အခါ ကျနော့်မှာ နေစရာမရှိလောက်အောင် တုန်လှုပ်ကြေကွဲရပါတော့တယ်။

ဒီလို ဘာသာဗေဒ အဟန့်အတားနဲ့ အကောက်အယူ အဟန့်အတားကြောင့်ပဲ “ကဗျာကို ဘာသာပြန်ရင် ပျက်တော့တာပဲ” လို့ ပြောကြဆိုကြတာ ဖြစ်မယ်ထင်ပါတယ်။ တချို့ကဆိုရင် “ကဗျာကို ဘာသာပြန်လို့ မရနိုင်ဘူး” လို့တောင်မှ ပြောကြပါတယ်။ ဘာသာပြန်အလုပ်ကို လုပ်မယ်ဆိုရင် သက်ဆိုင်ရာ ဘာသာနှစ်ခုစလုံး ကျွမ်းကျင်ဖို့လည်း လိုအပ်ပါတယ်။

ခက်တာက ကျနော်က ဒါတွေကို မသိမဟုတ်ပါဘူး၊ သိပါတယ်။ ဒါပေမဲ့ နိုင်ငံရပ်ခြားကဗျာတွေကို ကျနော်က မဖတ်ဘဲ မနေနိုင်ဘူးလေ။ ဖတ်ပြီးရင်လည်း တခြားကိုယ့်လို ကဗျာချစ်တဲ့သူတွေဆီ လက်ဆင့်ကမ်း ဖောက်သည်ချပေးချင်တဲ့စိတ်က တားလို့ကို မရပါဘူး။ ကိုယ့်မှာရှိတဲ့ အင်္ဂလိပ်စာ လက်တဆစ်နဲ့ပဲ အထပ်ထပ်အခါခါ ဘာသာပြန် လေ့ကျင့်နေခဲ့မိတာပါပဲ။ ဒါနဲ့ပဲ ပညာရှင်များရဲ့ အဆိုအမိန့်တွေကို မျက်ကွယ်ပြုပြီး ကဗျာတချို့ကို ဘာသာပြန်ခဲ့မိတာပါ။ ကဗျာတွေကို ရူးသွပ်မိတဲ့စိတ်နဲ့ ဘာသာပြန်ဆိုတဲ့အခါ ဘာသာပြန်အမှား၊ အကောက်အယူ အမှားတွေကြောင့် ကဗျာတချို့ ချို့ယွင်းသွားကြတဲ့အခါ မူရင်းကဗျာဆရာတွေအတွက် ကြေကွဲရင်နာမိပေမဲ့ ကျနော့်ရဲ့ စိတ်စေတနာကို သဘောပေါက်ပြီး ခွင့်လွှတ်နိုင်ကောင်းရဲ့လို့တော့ မျှော်လင့်မိပါတယ်။

ကျနော်ကတော့ ကျနော်နှစ်သက်တဲ့ နိုင်ငံရပ်ခြားကဗျာတချို့ကို မျက်ကန်းတစ္ဆေမကြောက် ရှေ့ဆက်ပြီး ဘာသာပြန်နိုင်အောင် ကြိုးစားနေမိအုန်းမှာပဲလို့ ထင်မိပါတယ်။ တကယ်တော့ ကဗျာတွေကို ဘာသာပြန်ဆိုတဲ့အလုပ်ဟာ ကျနော့်အဖို့ ရူးသွပ် ကြေကွဲရတဲ့ အလုပ်တခုလို့ပဲ ဆိုကြပါစို့။       ။

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

ကိုးကား။ ။ ချင်းတွင်းမဂ္ဂဇင်း၊ စက်တင်ဘာ၊ ၂၀၀၆ 

 THREE CHINESE POETS

4 weeks Ago

August 20, 2022

ဝတ္ထုကို ဝေဖန်သော ဝေဖန်ရေးဝတ္ထုများ

(၁)

၁၉၇၈-ခုနှစ်ဝန်းကျင်က မြန်မာစာပေနယ်ပယ်၌ လက်ဝဲအလွန်အကျွံစာပေဝေဖန်ရေး လှိုင်းဂယက်တခု ထခဲ့ဖူးသည်။

လူထုအကျိုးပြု စာပေအယူအဆကို ဦးထိပ်ထားကြသည့် ပြည်သူချစ်သော စာရေးဆရာများပင်လျှင် ထိုလက်ဝဲအလွန်အကျွံစာပေ ဝေဖန်ရေးလှိုင်း၏ ပြင်းထန်သော ဂယက်များ အထိပါးခံခဲ့ကြရ၏။ ဥပမာ… ဗန်းမော်တင်အောင်၊ ဒဂုန်တာရာ.. အစရှိသူတို့ ဖြစ်ကြ၏။

“လက်ဝဲအလွန်အကျွံစာပေဝေဖန်ရေး” ၏ အဘိဓမ္မာကျောရိုးမှာ ‘လူတန်းစားတိုက်ပွဲ’ကို အခြေခံထားသော်လည်း ထိုအဆင့်တွင် ရပ်မနေဘဲ ဝတ္ထုတပုဒ်တွင် ‘ဇာတ်ကောင်စံ’ ရွေးချယ်ပုံ ရွေးချယ်နည်းအထိ တဆင့်တက်လာခဲ့ကြ၏။ ဝတ္ထုတပုဒ်တွင် ‘ပစ္စည်းမဲ့လူတန်းစားအတွေးအခေါ်’ တပ်ဆင်ထားသည့် ‘ဇာတ်ကောင်’ မျိုးကိုသာ ‘ဇာတ်ကောင်စံ’ အဖြစ် ရွေးချယ်ရေးသားရန် တောင်းဆိုကြလေသည်။ ထိုအခါ ပစ္စည်းမဲ့လူတန်းစား ဇာတ်ကောင်များကို အခြေမခံဘဲ လူလတ်တန်းစားနှင့် အထက်တန်းစား လူတန်းစားဇာတ်ကောင်များအကြောင်း ရေးဖွဲ့သည့် ဝတ္ထုများမှာ ဖောက်ပြန်မှားယွင်းသည့် ဝတ္ထုများအဖြစ် ‘ပစ္စည်းမဲ့စာပေဇလုပ်တိုက်’ ခြင်း ခံကြရလေသည်။

၁၉၇၈ ခုနှစ်ဝန်းကျင်က “လက်ဝဲအလွန်အကျွံစာပေဝေဖန်ရေး” စာအုပ်တအုပ် ထွက်လာခဲ့ဖူး၏။ ထိုစာအုပ်မှာ စာရေးသူ တဦးတယောက်တည်းက ရေးသည့် စာအုပ်မဟုတ်ဘဲ စာရေးဆရာ ၁၀ ဦးခန့်က တဦးချင်းအနေနှင့်လည်းကောင်း၊ နှစ်ဦးသုံးဦး တွဲ၍လည်းကောင်း၊ ဝေဖန်ရေးဆောင်းပါးများ ရေးသားထားသည့်စာအုပ် ဖြစ်၏။ ယင်းစာအုပ်မှာ “မိုးကြိုမုန်တိုင်း” စာအုပ် ဖြစ်လေသည်။

“မိုးကြိုမုန်တိုင်း” စာအုပ်တွင် ကျနော် မှတ်မှတ်ရရရှိသည့် ဆောင်းပါးတပုဒ်မှာ ဆရာ ‘ဒဂုန်တာရာ’ ၏ ဝတ္ထုကို ဝေဖန်သည့် ဆောင်းပါးတပုဒ် ဖြစ်သည်။ ဆရာ ‘ဒဂုန်တာရာ’ ၏ ‘မေ’ ဝတ္ထုကို ဝေဖန်သော ဆောင်းပါးဖြစ်၏။ ဆောင်းပါး၏ အဓိကဆိုလိုရင်းမှာ… ၁၃၀၀ ပြည့် အရေးတော်ပုံ လှိုင်းတံပိုးများ ထကြွနေစဉ်ကာလအတွင်း ဒဂုန်တာရာသည် ‘မေ’ ဝတ္ထုကို ရေးသားခြင်းအားဖြင့် ထိုစဉ်အချိန်က အမျိုးသားလွတ်လပ်ရေးတိုက်ပွဲဝင် မြန်မာအမျိုးသမီးထုကို စော်ကားသလို ဖြစ်ခဲ့သည်ဟူသော ဝေဖန်ရေးဖြစ်၏။ ‘ဒဂုန်တာရာ’ ၏ ‘မေ’ ဝတ္ထုမှာ ဓနရှင်ပေါက်စလူတန်းစား ‘မေ’ ဟူသော အမျိုးသမီးဇာတ်ကောင်တဦးအကြောင်း ရေးဖွဲ့ထားသည့် ဝတ္ထုဖြစ်၏။ “လူတန်းစားတိုက်ပွဲ အခြေခံ၊ ပစ္စည်းမဲ့ဇာတ်ကောင်စံ” အယူအဆကို အခြေခံထားသည့် “လက်ဝဲအလွန်အကျွံစာပေ ဝေဖန်ရေး” ကြိမ်လုံးမှာ ဆရာ ‘ဒဂုန်တာရာ’ ၏ ကြောပေါ်၌ ဝဲနေခဲ့လေသည်။

(၂)

ဆရာ ‘မြသန်းတင့်’ ၏ ‘ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများ’ စာအုပ်မှာ ဝတ္ထု (၁၀) ပုဒ်ကို စုစည်းထားသည့်စာအုပ် ဖြစ်သည်။

စာအုပ်ထွက်လာသည်နှင့်တပြိုင်နက် စာပေလောကအတွင်း လှုပ်လှုပ်ရှားရှား ဖြစ်ရလောက်အောင် အောင်မြင်ကျော်ကြားလှသည့်စာအုပ် ဖြစ်ခဲ့လေသည်။ အထူးသဖြင့် ဆရာ ‘မြသန်းတင့်’ ၏ “ဝတ္ထုအတတ်ပညာ ဆန်းသစ်မှု” ကို စာဖတ်သူတိုင်းက ချီးမွမ်းကြ၏။

‘ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများ’ စာအုပ်တွင် စာရေးဆရာကြီး (၁၀) ဦး ရေးသားခဲ့သည့် နိုင်ငံကျော်ဝတ္ထု (၁၀) ပုဒ်အပေါ် ဆရာမြသန်းတင့်က ထပ်မံဈာန်ဝင်စား ကွန့်မြူးကာ ဝတ္ထုတို (၁၀) ပုဒ်ဖြစ်အောင် ရေးသည့် ထူးခြားလေးနက်သည့် ဝတ္ထုတိုစုစာအုပ် ဖြစ်လေသည်။

ဥပမာ… စာရေးဆရာ ‘မင်းဆွေ’ ၏ ‘ဓား’ ဝတ္ထုကြီးထဲက ‘မျိုးမြင့်ရန်နောင်’ ဆိုသည့် အဓိကဇာတ်ကောင်က အသက်မသေဘဲ ဆက်လက်ရှင်သန်နေသည့် လူတယောက်အဖြစ် ဆရာ ‘မြသန်းတင့်’ ကို လာရောက်တွေ့ဆုံသည့် စိတ်ကူးပုံဖွဲ့ဝတ္ထုဖြစ်၏။

စာရေးဆရာကြီး ‘မင်းဆွေ’ သည် အဓိကဇာတ်ကောင်ဖြစ်သူ ‘မျိုးမြင့်ရန်နောင်’ ဆိုသူကို သူ၏ ‘ဓား’ ဝတ္ထုကြီးထဲတွင် ထည့်သွင်းရေးဖွဲ့ရာ၌ “မျက်ကန်းမျိုးချစ်၊ သို့မဟုတ် လူထုလမ်းစဉ်နှင့် ကင်းကွာနေသည့် တကိုယ်တော်နယ်ချဲ့ဆန့်ကျင်ရေးသမား” အဖြစ် ဖွဲ့ဆိုခဲ့သည်ကို ဇာတ်ကောင်ဖြစ်သူ ‘မျိုးမြင့်ရန်နောင်’ ကိုယ်တိုင်က ဆရာမြသန်းတင့်ထံ အသက်ရှင်လျှက် ကိုယ်တိုင် လာရောက်ရင်ဖွင့် တင်ပြလာသည့် ဇာတ်လမ်းမျိုးအဖြစ် ဆရာမြသန်းတင့်က ရေးဖွဲ့ထားခြင်း ဖြစ်လေသည်။

တနည်းအားဖြင့်ဆိုရလျှင် ဆရာမြသန်းတင့်သည် စာရေးဆရာ ‘မင်းဆွေ’ ၏ ‘ဓား’ ဝတ္ထုကို အတွေးအခေါ်အရ ဝေဖန်လိုရင်းရှိ၏။ ‘မင်းဆွေ’ ၏ ‘ဓား’ ဝတ္ထုထဲက အဓိကဇာတ်ကောင်မှာ တကိုယ်တော် နယ်ချဲ့ဆန့်ကျင်ရေးသမား၊ မျက်ကန်းမျိုးချစ်တဦးအနေနှင့် ဝတ္ထုကို အဆုံးသတ်ထားသည်ကို ကျေနပ်အားရနိုင်ဟန်မတူ။ ထို့ကြောင့် ဆရာမြသန်းတင့်သည် သူဖြစ်စေလိုသော၊ သူထုဆစ်လိုသော၊ သူယုံကြည်သော၊ မျိုးချစ်ဝါဒ အယူအဆကို အဓိကဇာတ်ကောင် ‘မျိုးမြင့်ရန်နောင်’ မှတဆင့် တင်ပြနိုင်ရန် ကြိုးစားရင်း…. ‘ဓား’ ဝတ္ထုကို စစ်မှန်သည့် မျိုးချစ်ဝါဒ အခြေခံဝတ္ထုအဆင့်အထိ ဆွဲတင်ဖို့ ကြိုးစားခဲ့ခြင်း ဖြစ်လေသည်။

‘ဒဂုန်တာရာ’ ၏ ‘မေ’ ဝတ္ထုကိုလည်း ဆရာမြသန်းတင့်သည် ‘မင်းဆွေ’ ၏ ‘ဓား’ ဝတ္ထုနည်းတူ ဝေဖန်ဖို့ ကြိုးစားသည်ကို တွေ့ရ၏။ ‘ဒဂုန်တာရာ’ သည် ‘မေ’ ဝတ္ထုတွင် ဓနရှင်ပေါက်စ လူလတ်တန်းစားဇာတ်ကောင် ‘မေ’ ကို အဓိကဇာတ်ကောင်အဖြစ် ထားပြီး ရေး၏။ ‘မေ’ ၏ လူလတ်တန်းစား အကျင့်စရိုက်ကို ဖော်ပြ၏။ နောက်ဆုံး ‘မေ’ ကို ‘အကောင်းကိုရှာ၏၊ အကောင်းကား မတွေ့’ ဟု နိဂုံးချုပ်ရေး၏။

ဆရာ ‘မြသန်းတင့်’ သည် ‘မေ’ ကို ဆရာဒဂုန်တာရာ နိဂုံးချုပ်သလို မချုပ်ချင်။ ‘မေ’ ကို ပျက်စီးသွားသည့် လူတန်းစားဇာတ်ကောင်အဖြစ်မှ တိုးတက်သော အမျိုးသမီးဇာတ်ကောင် အနေနှင့်သာ မြင်ချင်၏။ နိဂုံးချုပ်ချင်၏။ ထို့ကြောင့် ဆရာမြသန်းတင့်သည် ‘မေ’ ဝတ္ထုထဲက ‘မေ’ မှတဆင့် သူပြောဆိုချင်သည့် အယူအဆကို တဆင့်ပြောခိုင်းခဲ့၏။ တနည်းအားဖြင့် ဆိုသော် ဆရာမြသန်းတင့်သည် ‘ဒဂုန်တာရာ’ ၏ ‘မေ’ ဝတ္ထုကို ဝေဖန်နေခြင်းသာဖြစ်သည်။ ဆရာမြသန်းတင့်၏ ‘မေ’ ဝတ္ထုအပေါ် ဝေဖန်ရေးအမြင်မှာ တချိန်တုန်းက စာပေနယ်ပယ်အတွင်း တစုံတရာ လှုပ်ခတ်စေခဲ့သည့် မိုးကြိုမုန်တိုင်း စာအုပ်ထဲက ‘မေ’ ဝတ္ထု ဝေဖန်ရေးအမြင်နှင့် သွားတူနေသည်ကို အမှတ်မထင် တွေ့လိုက်ရ၏။

မိုးကြိုမုန်တိုင်း စာအုပ်ထဲက ဒဂုန်တာရာ၏ ‘မေ’ ဝတ္ထုအပေါ် ဝေဖန်ရေးမှာ ဝတ္ထုရေးလျှင် အခြားဇာတ်ကောင်စံများကို မရေးဖွဲ့သင့်ဘဲ ပစ္စည်းမဲ့ဇာတ်ကောင်စံများကိုသာ ရေးဖွဲ့သင့်သည်။ အခြားလူတန်းစားဇာတ်ကောင်များကို စံထားပြီး ရေးလျှင် ဖောက်ပြန်မှားယွင်းသော အရင်းရှင်စာပေသဘောတရားသာ ဖြစ်သည်ဟူသော ဝေဖန်ရေးအမြင်ပင် ဖြစ်သည်။

ဆရာမြသန်းတင့်ကလည်း ဒဂုန်တာရာ၏ ‘မေ’ ကို ဖောက်ပြန်တွေဝေသော ဇာတ်ကောင်အဖြစ် မမြင်ချင်ပေ။ သူ့ဆန္ဒအရဆိုလျှင် ‘မေ’ ဝတ္ထု ဝေဖန်ရေးဝတ္ထုအရဆိုလျှင် ‘မေ’ ကို မြန်မာအမျိုးသမီးများ စံထားရမည့်ဇာတ်ကောင် သို့မဟုတ် လူထုကို အလင်းပြနိုင်သည့် စံပြဇာတ်ကောင်အဖြစ်နှင့်သာ မြင်ချင်၏။ ဒဂုန်တာရာ ‘မေ’ ကို အကောင်းကားရှာ၏၊ အကောင်းကားမတွေ့ဟု နိဂုံးချုပ်လိုက်သော်လည်း ဆရာမြသန်းတင့်ကမူ ‘မေ’ ကို ယင်းကဲ့သို့ လူတန်းစားပျက် ဇာတ်ကောင်အဖြစ် နိဂုံးမချုပ်ချင်။ ‘မေ’ ကို စံပြမြန်မာအမျိုးသမီးတဦးအဖြစ် နိဂုံးချုပ်ပေးချင်၏။

အဆက်အစပ်ရှိသည် မရှိသည်၊ နွယ်သည် မနွယ်သည် ကျနော်မသိပါ။ သို့သော် တချိန်က မိုးကြိုမုန်တိုင်း စာအုပ်ထဲက ဒဂုန်တာရာ၏ ‘မေ’ ဝတ္ထုအပေါ် ဝေဖန်သုံးသပ်သည့် ပေတံနှင့် ယခု ဆရာမြသန်းတင့်၏ ‘မေ’ ဝတ္ထုအပေါ် ဖြစ်စေချင်သည့် စေတနာတို့မှာ တရားအရ တထပ်တည်းကျနေသည်ကိုမူ အထင်အရှား တွေ့လိုက်ရလေသည်။

(၃)

စာပေနယ်ပယ်၌သာမဟုတ်၊ မည်သည့်နယ်ပယ်တွင်မဆို ‘ဝေဖန်ရေး’ သည် လိုအပ်ပါသည်။ ကျနော်တို့သည် ‘ဝေဖန်ရေး’ ကို ‘မူ’ အားဖြင့်ပင်လျှင် လက်ခံကြိုဆိုကြရမည်သာ ဖြစ်၏။

ဆရာမြသန်းတင့်သည် နိုင်ငံကျော်ဝတ္ထုကြီး ၁၀ ပုဒ်ကို ဝေဖန်၏။ သို့သော် ဆရာမြသန်းတင့်၏ ဝေဖန်ရေးနည်းနာမှာ ယဉ်ကျေး၏။ ပရိယာယ်ကြွယ်၏။ လှပဆန်းသစ်၏။ ထို့ကြောင့် ဝေဖန်နေသည်ကို ဝေဖန်နေသည်ဟူ၍ပင် မထင်ရလောက်အောင် အဆင့်အတန်းရှိ၏။ ဤဝေဖန်ရေးနည်းနာမှာ ထိရောက်ပြင်းထန်နိုင်စွမ်းရှိ၏။

၁၉၇၈ ခုနှစ်ဝန်းကျင်ကလည်း ‘ဒဂုန်တာရာ’ ၏ ‘မေ’ ဝတ္ထုကို ‘မိုးကြိုမုန်တိုင်း’ လက်ဝဲအလွန်အကျွံအုပ်စုက ဝေဖန်ခဲ့ကြဖူး၏။ သို့သော် ‘မိုးကြိုမုန်တိုင်း’ အုပ်စုသည် မယဉ်ကျေး။ အတုံးအတစ်ဆန်၏။ တရားသေဖြစ်၏။ ပုံစံခွက်ဖြစ်၏။ တခုတည်းသော လူတန်းစားအမြင် သို့မဟုတ် ပစ္စည်းမဲ့လူတန်းစားအမြင်ကလွဲပြီး မည်သည့်လူတန်းစားအမြင်ကိုမျှ လက်ခံစဉ်းစားနိုင်စွမ်း မရှိခဲ့ကြ။

ယခု ဆရာမြသန်းတင့်သည်လည်း ‘ဒဂုန်တာရာ’ ၏ ‘မေ’ ဝတ္ထုကို ဝေဖန်၏။ သို့သော် သည်တခါ ဆရာမြသန်းတင့်၏ ဝေဖန်ရေးမှာ ယဉ်ကျေး၏။ နည်းနာဆန်းသစ်၏။ အကွက်သဘောဖြစ်၏။ ထို့ကြောင့် ‘မိုးကြိုမုန်တိုင်း’ အုပ်စု၏ ဝေဖန်ရေးနှင့် ဆရာမြသန်းတင့်၏ ‘မေ’ ဝတ္ထုအပေါ် ဝေဖန်ရေး နှစ်ခုမှာ အနှစ်သာရအားဖြင့်သော် လည်းကောင်း၊ ဦးတည်ချက်အားဖြင့်သော် လည်းကောင်း တူကြသော်ငြား ဝေဖန်ရေး နည်းနာမှာမူ မတူကြ။

ကျနော်တို့သည် ‘ဝေဖန်ရေး’ ကို ကြိုဆိုအပ်သည့်ကိစ္စဟု အထက်တွင်ဆိုခဲ့ပြီ။

သို့သော် ‘ဝေဖန်ရေး’ များ မှန်၏ မမှန်၏၊ ကောင်း၏ မကောင်း၏ ဆိုသည်ကိုမူ စာဖတ်သူများအဖို့ လွတ်လပ်စွာ ထပ်မံဝေဖန်ဆန်းစစ်ပြီးမှသာ လက်ခံကြရမည်သာ ဖြစ်လေသည်။

ငြိမ်းဝေ(ကဗျာ့အိုးဝေ) 

စာအုပ်အမည်။    ။ ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများ 

စာရေးသူ ။ ။ မြသန်းတင့်

4 months Ago
More News
Up