မြဝတီနယ်မြေခံတပ်

September 22, 2021

မြဝတီနယ်မြေခံတပ်ကို လက်နက်ကိုင်တစုက ဝင်ရောက်ပစ်ခတ်

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စက်တင်ဘာ ၂၁ ရက် မနေ့ည ၈ နာရီလောက်က  စစ်ကောင်စီရဲ့ စစ်တပ်ကို လက်နက်ကိုင်တစ်စုက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် မိနစ်အငယ်ကြာ နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

မြဝတီမြို့အထွက် အာရှလမ်းဘေးမှာ တည်ရှိတဲ့ ခလရ (၂၇၅) တပ်ကို လာရောက်တိုက်ခိုက်ရာ မိနစ်အနည်းငယ်ကြာ  နှစ်ဘက် တိုက်ပွဲ​ဖြစ်ပွားဖြစ်ပြီး ထိခိုက် သေဆုံးမှုတွေကိုတော့ တိတိကျကျ မသိရသေးပါဘူး။ 

ပစ်ခတ်မှုဖြစ်ပွားရာ အနီးနေထိုင်သူ တစ်ဦးက “ပစ်ခတ်မှုကတော့ သိပ်မကြာဘူး။ ဘယ်အဖွဲ့အစည်း ဆိုတာတော့ မသိရဘူး။ သေနတ်သံတွေကတော့ ကြားနေရတာပဲ။ ညဘက်ဆိုတော့ ဘယ်သူမှ မထွက်ရဲဘူး"လို့ ဆိုပါတယ်။ 

နှစ်ဘက် ပစ်ခတ်မှုဖြစ်ပွားရာမှာ အကြမ်းဖက်စစ်ကောင်စီဘက်က   လက်နက်ကြီး ပစ်ခတ်သံ ၁ ချက်အပြင် မဲကနယ်ကျေးရွာ စိမ်းလဲ့မြိုင်ကားဝင်းအနီး တပ်စခန်းကနေ အကူပစ်ခတ်တာတွေ ရှိတယ်လို့   ဒေသခံတစ်ဦးက ဆိုပါတယ်။  နှစ်ဘက် ပစ်ခတ်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူနဲ့ သေဆုံးသူ ရှိ၊ မရှိမသိရသေးပါဘူး။ 

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မြို့တွင်း ဝင်ထွက် သွားလာသူတွေကို စစ်ဆေးနေသလို လုံခြုံရေးတင်းကျပ်ထားပါတယ်။ 

မြဝတီမြို့မှာ ကိုဗစ်ကာလ Stay at Home သတ်မှတ်ထားပြီး အပြင်ထွက် သွားလာခွင့်ကို မနက် ၆ နာရီမှ ၁၂ နာရီအထိ ကန့်သတ်ထားပေမယ့် သတ်မှတ်ချိန်ကျော်လွန် သွားလာတာတွေရှိတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

1 month Ago
Up