မြဝတီနယ်စပ်

June 13, 2020

မြဝတီနယ်စပ်မှ တရားမဝင် ဝင်ရောက်သူနှင့် လက်ခံထားသူများကို အရေးယူမည်

မြန်မာနိုင်ငံသားတွေအနေနဲ့ အမှတ်-၂ ချစ်ကြည်ရေးတံတားကနေ တရားဝင် ဝင်ရောက်ဖို့၊ တရားမဝင်လမ်းကြောင်းက ဝင်ရောက်လာသူတွေနဲ့ လက်ခံထားသူတွေကို အရေးယူသွားမယ်လို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။ ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း နယ်စပ်ဝင်ထွက်ပေါက်တွေက တရားဝင် ဖွင့်လှစ်ထားတဲ့ စခန်းတွေမှာ စနစ်တကျလက်ခံပြီး ရောဂါကုသရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့ အခုလို ဆောင်ရွက်ရတာဖြစ်သလို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ဆိုပါတယ်။ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က “တယောက်လွတ်သွားရင် အရမ်းအန္တရာယ်ကြီးတယ်။ ထိန်းချုပ်တဲ့စနစ် မှန်မှန်ကန်ကန်ဖြစ်အောင် ပေးတဲ့လမ်းကြောင်းကနေ ဝင်ဖို့လိုတယ်။ အဲလိုဝင်တဲ့သူကော၊ လက်ခံတဲ့သူကော ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။ နယ်စပ်ကနေ တရားမဝင် ဖြတ်သန်းခွင့်မရှိစေဖို့နဲ့ ကူညီဆောင်ရွက်နိုင်ဖို့ မဲဆောက်မြို့ တာခ်ခရိုင် လ.ဝ.က၊ အလုပ်သမားသံအရာရှိ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနတွေကို အသိပေး အကြောင်းကြားစာတွေ ပေးပို့ထားပါတယ်။ တရားဝင်မထုတ်ပြန်ခင် သောင်းရင်းမြစ်ကနေ  တရားမဝင် ဖြတ်ကူးခဲ့တဲ့သူ ၆၆ ဦးကို မြဝတီဆေးရုံမှာ ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်စေခဲ့ပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်ပြီးမှသာ Quaratine စခန်းတွေကို ဝင်ရောက်ရမှာပါ။ ဇွန် ၁ ရက်နေ့မှ စတင်ပြီး နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်မှုနဲ့ တရားဝင် ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄၆၀၀ ကျော်၊ IDC ၅၀၀ ကျော်၊ သီးခြားဝင်ရောက်သူ ၂၀၀၀၀ ကျော် ဝင်ရောက်လာခဲ့ပါတယ်။ ၂၀၂၀ ဇွန်လ ၁၀ ရက်နေ့က ပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံကို မည်သူမဆို တရားမဝင် ဝင်ထွက်ပေါက်တွေကနေ ဝင်ရောက်တာ၊ တရားမဝင် ဝင်ရောက်ကြောင်း သိလျက်နဲ့ လက်သင့်ခံရင် သက်ဆိုင်ရာ တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူ ဆောင်ရွက်ခံရမယ်လို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက အသိပေးကြေညာထားပါတယ်။ ရဲမင်းခေါင်
1 year Ago

March 22, 2020

မြဝတီနယ်စပ်မှ ရွှေ့ပြောင်းလုပ်သား အမြောက်အမြား ဝင်ရောက်၊ ဆေးစစ်ပြီး အချက်အလက်ရယူ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုနဲ့ အလုပ်သမားဗီဇာသက်တမ်း ကုန်ဆုံးတာကြောင့် မြဝတီဘက်ကို အခုရက်ပိုင်းအတွင်း တရက်လျှင် မြန်မာလုပ်သား ၁၀၀၀၀ လောက် နေရပ်ပြန်နေကြပြီး တာန်ရှိသူတွေက ကျန်းမာရေးစစ်ဆေးတာ အချက်အလက်ရယူတာတွေ လုပ်ဆောင်နေပါတယ်။ ကိုရိုနာဗိုင်းရပ် မဖြစ်ခင်က ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ မြဝတီမြို့ဘက်ကို တရက် လူ ၅၀၀ လောက် သွားလာတာတွေရှိပေမဲ့ မတ်လ ၂၁ ရက်နေ့ကစပြီး တရက်ကို ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ ၁ သောင်းလောက် ပြန်ဝင်လာနေကြတယ်လို့ သိရပါတယ်။ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေကို စစ်ဆေးပေးနေတဲ့ ဒေါက်တာ စည်သူအောင်က “COVID-19 ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်လို့ ဝင်လာတဲ့ ကျနော်တို့ နိုင်ငံသားတွေရော၊ ထိုင်းနိုင်ငံသားတွေရော အဖျားတိုင်းတယ်၊ Decoration Form ဖြည့်ခိုင်းတယ်။ လိုချင်တဲ့ အဓိကအချက်အလက်တွေကတော့ သူတို့ရဲ့နာမည်၊ အသက်၊ မြန်မာပြည်ထဲမှာ သူတို့ ပြန်မယ့် နေရပ်လိပ်စာအတိအကျ၊ ဖုန်းနံပါတ် ဖြည့်ခိုင်းတယ်။ ဒီနေ့ကစပြီး ဖောင်ဖြည့်ခိုင်းပါပြီ” လို့ ပြောပါတယ်။ မြဝတီအခြေစိုက်အလုပ်သမားကူညီရေးအဖွဲ့တာဝန်ခံ (AAC) ကိုရဲမင်းက “အလုပ်သမားတွေ ပြန်ဖို့ တော်တော်အခက်အခဲဖြစ်သွားတယ်။ အလုပ်သမားတွေက ဒီနှစ်မှာ ၃ လပိုင်း ၃၁ ရက် ၂၀၂၀ မှာ ဗီဇာတွေ သေပြီ။ အဲဒီလူတွေလည်း အားလုံး မနေရဲတော့ဘူး။ အားလုံး ပြန်ကြတယ်။ မနေ့ကဆိုရင် ဗီဇာကုန်ပြီး အပြီးပြန်လာတဲ့သူတွေ တော်တော်များများရှိတယ်။ ၈၀ ရာခိုင်နှုန်းက ဗီဇာကုန်လို့ ပြန်လာတာ။ အခုလိုမျိုး ပိတ်လိုက်တော့ ထိုင်းဘက်ကို နေ့ချင်းပြန် လက်ခစား နေ့စား သွားလုပ်နေတဲ့ သောင်းနဲ့ချီအလုပ်သမားတွေ အားလုံး ဒုက္ခရောက်ကုန်မှာ။ တံတား ၁ ရော၊ ၂ ရော အလုပ်သမားတွေကို ကန့်သတ်ပြီး ပိတ်နေမယ်ဆိုရင် ကျန်းမာရေးအရ ဒီရောဂါကြောင့် ပိတ်သင့်တာကို လက်ခံတယ်။ ရေရှည်မှာတော့ ဒီထက်ပိုဆိုးတဲ့ အကျပ်အတည်းတွေ  ကြုံတွေ့လာနိုင်တယ်” လို့ သုံးသပ်ပြောဆိုပါတယ်။ နယ်စပ်ကို မှီခိုလုပ်စားနေတဲ့ ကားသမားနေ့တွက်စားသူတွေအဖို့ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား ပိတ်လိုက်တဲ့နောက်မှာ မိသားစုဝင်ငွေတွေ အသုံးစရိတ်တွေ ထိခိုက်နေကြတယ်လို့ သိရပါတယ်။ မြန်မာထိုင်းချစ်ကြည်ရေးတံတား အမှတ်-၁ ကို မတ် ၂၁ ရက်မှာ စပိတ်လိုက်တဲ့အတွက် အမှတ်-၂ တံတားကို လူဝင်ထွက်ခွင့် အသုံးပြုလာပြီး ကျန်းမာရေးစစ်ဆေးမှုကတော့ တိုးချဲ့ထားပါ တယ်။  နေပြည်တော်၊ ကရင်၊ မွန်နဲ့တခြားပြည်နယ်က ဆရာဝန်တွေ လာရောက်ပြီး ကျန်းမာရေး စစ်ဆေးတာတွေ ဝိုင်းဝန်းလုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။
2 years Ago
Up